ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း
တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်းချပေးနိုင်သော တန်ဖိုးနည်းအိမ်ရာ
အခန်းပေါင်း ၈,၀၀၀ ကို ဦးစားပေးတည်ဆောက် ရောင်းချသွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ အိမ်ရာဖွံ့ဖြိုးမှု
ငါးနှစ်စီမံကိန်း ရေးဆွဲထားပြီး အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်း တည်ဆောက်သွားမည်
ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသော ရတနာမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)မှ
ရတနာ နှင်းဆီအဆင့်မြင့်အိမ်ရာ မိတ်ဆက်ပွဲတွင် ၎င်းက ပြောသည်။
ထို့ပြင် ၀င်ငွေနည်း ပြည်သူများအတွက် သင့်လျော်သော အိမ်ရာဘဏ္ဍာငွေကြေးစနစ်များကို
ထူထောင်ပေးသည့်အနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့ပြီး အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းကာ ကျန်ငွေကြေးကို ရှစ်နှစ်မှ ၁၅ နှစ်အထိ
အရစ်ကျပေးဆပ်နိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်နေကြောင်း
၎င်းက ပြောသွားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက် လျက်ရှိသော ရတနာမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)မှ
ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ ၁၈ ထပ်မြင့် အဆောက်အအုံသစ်ကို ဒီဇင်ဘာလကုန်ပိုင်းက
ဖွင့်လှစ်ခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၀န်ကြီးများ
တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ထိုအိမ်ရာစီမံကိန်းကို မြို့ပြဖွံ့ဖြိုးစေရန် မြို့ပြဗဟိုခွဲတစ်ခုဖြစ်လာရန် မျှော်မှန်းထားပြီး Neighbourhood
concept ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က ပြောသည်။
ထိုအိမ်ရာစီမံကိန်းများတွင် နေထိုင်သူများ အဆင်ပြေပြေ နေထိုင်နိုင်စေရန် ရုံးခန်းများနှင့်
အခြားလိုအပ်သော အခြေခံအဆောက်အအုံများကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်
ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့သည် ယခင် ဆယ်စုနှစ်များစွာအကြာက အရှေ့တိုင်းတွင် အလှပ ဆုံးမြို့တစ်မြို့
ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ မဟုတ်တော့သည်ကို ၀န်ခံရမည်ဖြစ်ပြီး ရန်ကုန်မြို့
ပြန်လည်လှပတင့်တယ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဗဟိုပြည်ထောင်စုအစိုးရများသာမက
အားလုံးဝိုင်းပြီး ရုန်းကန်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်ကို ပြန်လည်မွမ်းမံသွားရန် စီစဉ်နေပြီး နိုင်ငံ၏ မျက်နှာစာမြို့ဖြစ်သော လူဦးရေ
အထူထပ်ဆုံးနှင့် စီးပွားရေး မြို့တော် ရန်ကုန်ကို အောင်မြင်စွာ ပြန်လည် ပြင်ဆင်နိုင်ပါက
တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ၅၀ ရာခိုင်နှုန်း အောင်မြင်သည်ဟု ပြောနိုင်ကာ
စီးပွားရေးမြို့တော်ကို အောင်မြင်တိုးတက်ကြောင်း ပြနိုင်မှ မြန်မာနိုင်ငံကို ကမ္ဘာက တိုးတက်ကြောင်း
အသိအမှတ်ပြုမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
ထို့ပြင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်သည့်အခါ အဖက်ဖက်မှ မြို့ပြအင်္ဂါရပ်များနှင့်
နေထိုင်သူများ အဆင်ပြေရေးကို ထည့်သွင်းစဉ်းစားပြီး အစိုးရအဖွဲ့ အနေဖြင့် တန်ဖိုးငွေကြေးကိုသာ
ကြည့်ရှုခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ရတနာအိမ်ရာစီမံကိန်းကို အစိုးရသစ်၏ ကနဦး တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး
စီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မကြာခင်တွင် တန်ဖိုးနည်းအိမ်ရာ ၂,၂၀၀ ကို
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရစ်ကျ ရောင်းချပေးသွားမည်
ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
















