ရန်ကုန်မြို့တော် စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး နှင့် မြို့ပြချဲ့ထွင်မှုများအတွက် မြို့ပြစီမံကိန်းများကို
ယခင်အစိုးရဟောင်း လက်ထက်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး
အစိုးရသစ်လက်ထက်တွင်လည်း ထိုစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်
တိုးချဲ့ဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်မြို့တော်ဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကာ မြို့ပြစီမံကိန်းများ
ရေးဆွဲဆောင်ရွက်နေပြီး ၂၀၁၆ ခုနှစ်အတွင်းက မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀၊ ရန်ကုန်မြို့သစ်
စီမံကိန်းများ၊ အိမ်ရာဖော်ထုတ်ရေးစီမံကိန်းများနှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းများကို ဆောက်ရွက်လျက်ရှိသည်။
ထိုစီမံကိန်းများကို အကောင်အထည်ဖော်နိုင်မှုအပိုင်းနှင့် ယခု ၂၀၁၇ ခုနှစ်အတွင်း မည်သည့်
စီမံကိန်းသစ်များ ဆက်လက်အကောင်အထည်ဖော် ပြီးစီးနိုင်မည်လဲဆိုသည်ကို စောင့်ကြည့်ရမည်
ဖြစ်သည်။
မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က စတင်ရေးဆွဲခဲ့သည့် မြို့သစ်စီမံကိန်းများ၊ မြစ်ကူးတံတား
စီမံကိန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းများ၊ ယာဉ်ကြော ကျပ်တည်းမှုဖြေရှင်းသည့် စီမံကိန်းများ၊
လျှပ်စစ်နှင့် ရေရရှိစေရေး စီမံကိန်းများနှင့် နှစ်ထပ်လမ်းများ တည်ဆောက်သည့် စီမံကိန်းများ ပါ၀င်သော
မဟာရန်ကုန် မြို့ပြစီမံကိန်း ၂၀၄၀ ကို ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည်ပြင်ဆင်ရေးဆွဲရန်
ညွှန်ကြားခဲ့ပြီး စီမံကိန်းအသစ်ကို ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံ
တင်ပြသွားမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏
မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ကိုယ်စားလှယ် မစ္စတာကိုင်အိချီယိုနာကာဆာဝါက ပြောသည်။
ထိုစီမံကိန်း ရေးဆွဲပြီးပါက အစိုးရနှင့် နိုင်ငံတကာက ထောက်ပံ့သော ဘတ်ဂျက်ကို မူတည်ကာ
လိုအပ်သော စီမံကိန်းများကို ယခုမြို့ပြစီမံကိန်းအပေါ် အခြေခံ၍ စီမံခန့်ခွဲ သွားမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
ထို့ပြင် ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ လေဆိပ်သို့ သွားရောက်ရန်
အလွန်ဝေးကွာမည်ဖြစ်သည့်အတွက် အချိန်သက်သာစေရန်အတွက် သီးခြားမြို့တွင်း၊
မြို့ပြင်ပတ်လမ်းများမှ သွားရောက်ရန် အထပ်မြင့် ပတ်လမ်းများ တည်ဆောက်ရန် လျာထားပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြိုလေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိသည်ဟု
၎င်းက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း
မဟာရန်ကုန်မြို့ပြစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သော အစိုးရလက်ထက်
သက်တမ်းကုန်ခါနီးတွင် စတင်အကောင်အထည်ဖော်ခဲ့သော မြို့သစ်စီမံကိန်းများကို အစိုးရသစ်က
ဆက်လက် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာခဲ့သည်။
လွှတ်တော်တွင် ထပ်မံအတည်ပြုပြီးပါက ယခင်တင်ဒါအောင် မြင်ခဲ့သော ကုမ္ပဏီသုံးခုအပြင်
အခြားကုမ္ပဏီများကိုပါ တင်ဒါများ ခေါ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။
မြို့သစ်ဦးစားပေးစီမံကိန်း ခုနစ်ခုအနက် ဦးစားပေး(၂)ဖြစ်သော ရန်ကုန်အနောက်တောင်
မြို့သစ်စီမံကိန်းနေရာဖြစ်သော ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း၊ တွံတေးနှင့် ဆိပ်ကြီးခနောင်တို
မြို့နယ်များမှ မြေဧက နှစ်သောင်းကျော်ပေါ်တွင် စီမံကိန်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး
လက်ရှိတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့်
မြို့သစ်စီမံကိန်းများအတွက် Master Plan ရေးဆွဲနေကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက
အောက်တိုဘာလအတွင်းက ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
ပြောခဲ့သည်။
မြို့သစ်စီမံကိန်းများကို အစိုးရသစ်က ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး
အကောင်အထည်ဖော်မည့် ဧရိယာများအတွင်း မြေဈေးနှုန်းများ မြင့်တက်ခြင်း မရှိစေရန် တိုင်းဒေသကြီး
အစိုးရအဖွဲ့က တိကျစွာ ကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
၀န်ကြီးချုပ် က ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ထပ်တိုးစီမံကိန်းများ
၂၀၁၆ ခုနှစ် နို၀င်ဘာလဆန်းအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
သွားရောက်ခဲ့သည့် ဂျပန်ခရီးစဉ်မှ ရရှိခဲ့သော အတိုးနှုန်းသက်သာသည့် ရေရှည်အထောက်အပံ့ချေးငွေ
အမေရိကန် ဒေါ်လာ ရှစ်ဘီလျံဖြင့် စီမံကိန်းများ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စီမံကိန်း
သုံးခု ကို နိုဝင်ဘာလကတည်းက စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း ဂျိုက်ကာထံမှ
သိရသည်။
စီမံကိန်းကာလ ငါးနှစ်ဖြစ်ပြီး ယခုပထမနှစ်တွင် သန်လျင်တံတားသစ် တည်ဆောက်ရေးစီမံကိန်း၊
တောင်ဒဂုံမြို့နယ်ရှိ လဂွမ်းပြင် ရေပေးဝေရေးနှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ ကုက္ကိုလ်ဝ ရေပေးဝေရေး
စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ထိုစီမံကိန်းများ အားလုံးကို
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ က စီမံကိန်းများပြီးဆုံးသည်အထိ
ပါ၀င်ဆောင်ရွက်သွားမည်ဟု ဂျိုက်ကာမှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်
မစ္စတာ ကိုင်အိချီယိုနာကာဆာဝါက ပြောသည်။
နှစ်ပေါင်း ၄၀ နှစ်ရှည်ချေးငွေဖြစ်ပြီး အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းသာ ပေးရမည့်
အဆိုပါချေးငွေဖြင့် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည့် သန်လျင် တံတားသစ်
တည်ဆောက်ရေးစီမံကိန်းမှာ လက်ရှိအချိန်တွင် တံတားဒီဇိုင်း အသေးစိတ် တွက်ချက်မှုများ
ပြီးစီးနေပြီး ၂၀၁၇ တွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ လဂွမ်းပြင် ရေပေးဝေရေး
စီမံကိန်းအတွက်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သွားမည်
ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ၏ ချေးငွေဖြင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်နှင့် တိုင်း ၁၄ ခု တွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး
စီမံကိန်းပထမပိုင်းအနေဖြင့် လမ်းတံတားတည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ရေပေးဝေရေးဆိုင်ရာ
စီမံကိန်း ၆၅ ခုအတွက် ဂျပန်ယန်း ၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်)ကို
အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေဖြင့် ချေးပေးထားသည်။
စီမံကိန်းများကို သက်ဆိုင်ရာအစိုးရဝန်ကြီး ဌာနများနှင့် ပူးပေါင်းကာ ၂၀၁၄ မှ ၂၀၁၇ အထိ
လေးနှစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
အပိုင်း(၂)အတွက် အသေးစိတ် မရေးဆွဲရသေးသော်လည်း ဂျပန်ယန်း ၁၄ ဘီလျံ အသုံးပြုရန်
လျာထားကြောင်း သိရသည်။
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပြည်တွင်းစီမံကိန်းများ
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီက ရန်ကုန်တိုင်းဒေသကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ
ရန်ကုန်အနောက်တောင်ပိုင်းဒေသနှင့် ရန်ကုန်-ဟံသာဝတီ-ပဲခူး စင်္ကြံဖွံ့ဖြိုးရေး ပင်မစီမံကိန်း
၂၀၁၅-၂၀၁၇ ကို ဆောင်ရွက်လျက်ပြီး ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သော ရန်ကုန်တောင်ဘက်ခြမ်း
ဖွံ့ဖြိုးရေးစီမံကိန်း၊ ဒလတံတား တည်ဆောက် ရေးစီမံကိန်းနှင့် ပဲခူး၊ ဟံသာဝတီလေဆိပ်စီမံကိန်းများကို
မဟာဗျူဟာ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အချိန်ယူ အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း ရန်ကုန်မြို့တောင်ဘက် ၁၈ မိုင်ခန့်
ဝေးသော လက်ခုပ်ကုန်းတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု ပြုလုပ်ရန် ကိုရီးယားအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက လေ့လာလျက်ရှိကြောင်း သိရသည်။
အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏
ငါးခုမြောက် အကူအညီအပေးခံရဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း
မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ မီလျံ ကူညီထောက်ပံ့ခဲ့ကြောင်း
ထုတ်ပြန်ထားသည်။
စက်မှုဇုန်များ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ
ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်များ အဆင့်မြှင့်တင်ရန် အစိုးရသစ်က စတင်ဆောင်ရွက်ခဲ့ပြီး
ရှေ့ပြေးစီမံကိန်းအဖြစ် လှိုင်သာယာစက်မှုဇုန်ကို အဆင့်မြှင့်တင်ရန် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း
ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် စက်မှုဇုန်များတွင် မြေဈေးများကျစေရန်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို အဓိကဦးစားပေး အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့သော်လည်း စက်မှုဇုန်များတွင် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများနှင့်
ကျူးကျော်ပြဿနာများ ရှိနေဆဲဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်တွင်
ဒုတိယအဆင့်စီမံကိန်းဖြစ်သော ဇုန်အပိုင်း(ခ)မှ ပထမပိုင်းစီမံကိန်းများကို မြေဧက
ဟက်တာ ရ၀၀ ပေါ်တွင် စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် လုပ်ငန်းများစတင် လည်ပတ်နိုင်ခဲ့သော သီလဝါအထူးစီးပွားရေးဇုန်၌
လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၆ နိုင်ငံက လုပ်ငန်းပေါင်း ရ၀ ကျော်ကို ရင်းနှီးမြှုပ်နှံခွင့်ပေးထားပြီး
ဖြစ်ကြောင်း မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးရေးလီမိတက်မှ ထုတ်ပြန်ထားသည်။
















