အစိုးရပါ၀င်မည့် အိမ်ရာ စီမံကိန်းများ ပိုမိုဖွံ့ဖြိုးလာမည့် ၂၀၁၇

အစိုးရပါ၀င်မည့် အိမ်ရာ စီမံကိန်းများ ပိုမိုဖွံ့ဖြိုးလာမည့် ၂၀၁၇

ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ သိသိသာသာ ကျဆင်းခဲ့သည့်အတွက်
၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်ရန်
မျှော်လင့်သကဲ့သို့ အစိုးရနှင့် ပူးပေါင်း အကောင်အထည်ဖော်သည့် စီမံကိန်းများ ပိုမိုတိုးလာရန်လည်း
မျှော်လင့်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

မြို့သစ်စီမံကိန်း အကောင်အထည်ဖော် မည့် မြေနေရာများတွင် အစိုးရက ဆောက်လုပ်ရေး
လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို
စတင်တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆောက်လုပ်ရေး
လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည့်အတွက် အစိုးရနှင့် ပူးပေါင်းတည်ဆောက်သော
အိမ်ရာစီမံကိန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ယခုနှစ်အတွင်း များပြားနိုင်မည်ဖြစ်ကြောင်း
အာရှဆောက်လုပ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ဒီနှစ်ထဲမှာ မြို့သစ်စီမံကိန်းတွေရော၊ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေရော၊ ပညာရေး
၀န်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာတွေအတွက် ဆောက်မယ့် အခြေခံအဆောက်အအုံ
တိုးချဲ့စီမံကိန်းတွေရော စီမံကိန်းတွေများလို့ အစိုးရနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ့်
စီမံကိန်းတွေများမယ့်နှစ်ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း အစိုးရနဲ့ ပူးပေါင်းပြီး
စီမံကိန်းတွေတည်ဆောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်"ဟု ၎င်းက ပြောသည်။

မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းက ဦးအောင်မင်းကလည်း အသေးစားနှင့် အလတ်စား
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေဈေးကြီးမြင့်ခြင်း၊ ဘဏ်များဖြင့် ကိုယ်တိုင်ချိတ်ဆက်ကာ
အရစ်ကျ ရောင်းဝယ်မှု အားနည်းချက်များရှိသည့်အတွက် ကိုယ်ပိုင်တိုက်ခန်းများ
ဆောက်လုပ်ခြင်းထက် အစိုးရနှင့် ပူးပေါင်း၍ မြို့သစ်များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ
စီမံကိန်းများ တည်ဆောက်ခြင်းက ပိုမို ကောင်းမွန်ကြောင်း ပြောသည်။

"ဆောက်လုပ်ရေးလုပ်ငန်းတွေ အားနည်းနေပြီး ကန်ထရိုက်တိုက် တည်ဆောက်တာတွေ
အလုပ်မဖြစ်ချိန်မှာ အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် စီမံကိန်းတွေ
အကောင်အထည်ဖော်ပေးနိုင်တာကို ကြိုဆိုပါတယ်။ နိုင်ငံခြားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကိုပဲ
ရင်းနှီးမြှုပ်နှံခွင့် ပြုတာထက် ပြည်သူတွေအတွက် ပိုအကျိုးရှိတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်
အိမ်ရာတွေကို ပြည်တွင်းက အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်း
အကောင်အထည်ဖော်ခွင့် ရသင့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုချည်း
လက်ခံမှာထက် အစိုးရနဲ့ ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်တဲ့
အိမ်ရာစီမံကိန်းတွေပဲ များပါတယ်"ဟု ၎င်းက ပြောသည်။

လာမည့်နှစ်တွင် အစိုးရနှင့် ပူးပေါင်း တည်ဆောက်သော အိမ်ရာစီမံကိန်းများနှင့်
အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ များပြားနိုင်သော်လည်း
အထပ်မြင့်အိမ်ရာစီမံကိန်းများ၊ ပုဂ္ဂလိကအိမ်ရာ စီမံကိန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
ယခင်နှစ်များထက် လျော့နည်းနိုင်ကြောင်း ဦးရန်အောင်က ပြောသည်။

ယခုလပိုင်းအတွင်း ဒေါ်လာဈေး မတည်ငြိမ်မှုနှင့်အတူ နိုင်ငံခြားငွေလဲလှယ်နှုန်းများ စံချိန်တင်
ဈေးမြင့်တက်ခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်
စောင့်ကြည့်အနေအထားတွင် ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် အစိုးရသစ် တာဝန်ယူပြီးချိန် ယမန်နှစ်၊ မေလမှစ၍ ဆောက်လက်စနှင့် မူအားဖြင့်
ခွင့်ပြုထားသော အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ကို မြို့ပြအင်္ဂါရပ်နှင့်အညီ ပြန်လည်စိစစ်မှုများ
ပြုလုပ်ခဲ့ပြီး စိစစ်ချိန် ကြာမြင့်ခဲ့သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့ရကာ
နှစ်ကုန်ပိုင်းအထိ ဆောက်လုပ်ရေးဈေးကွက် သိသိသာသာကျဆင်းခဲ့ပြီး လက်ရှိအချိန်တွင်
ပြန်လည်ဦးမော့ရန် ခက်ခဲနေဆဲပင် ဖြစ်ကြောင်း ဦးမြတ်မင်းက ပြောသည်။

အထပ်မြင့်စီမံကိန်းများနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းနေချိန်တွင်
နိုင်ငံခြားငွေလဲလှယ်နှုန်းပါ မတည်ငြိမ်သည့်အတွက် ဆိုးဆိုးရွားရွား ကျဆင်းခဲ့သော
ဆောက်လုပ်ရေးစီမံကိန်းများမှာ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းများတွင် ဘဏ်လုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးလာကာ နှစ်ရှည်ချေးငွေများ ပေးနိုင်ပါက ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရန်
အစပျိုးနိုင်မည်ဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။

"၂၀၁၆ တစ်နှစ်လုံး သိသိသာသာကျဆင်း ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ၂၀၁၇ ခုနှစ်
နှစ်ဆန်းပိုင်းမှာ ချက်ချင်းကြီး ပြန်လည် ကောင်းမွန်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နှစ်ကုန် ပိုင်းလောက်ဖြစ်တဲ့
အောက်တိုဘာလလောက်မှာ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် ပုဂ္ဂလိက တိုက်ခန်းတွေ
ဖွံ့ဖြိုးတိုးတက်ဖို့ အစပြန်ပျိုးတာမျိုး ဖြစ်နိုင်ပါတယ်"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပမှ တင်သွင်းသော ဆောက်လုပ်ရေးလုပ်ငန်းသုံး
ပစ္စည်းများကိုသာ အားထားနေရသဖြင့် နိုင်ငံခြားငွေ မတည်ငြိမ်ခြင်းနှင့် မြင့်တက်ခြင်းမှာ
တင်ဒါတည်ဆောက်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အခက်အခဲတစ်ခုဖြစ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် တိုက်ခန်းအရောင်းဈေးကွက်တွင်လည်း ၀ယ်လိုအားကျဆင်းနေသည့်အတွက်
တည်ဆောက်ပြီးစီးသော နိုင်ငံတကာအဆင့်မီ တန်ဖိုးမြင့်အိမ်ရာများပင် ရောင်းအား
မကောင်းမွန်ကြောင်းနှင့် အဆောက်အအုံ အရောင်းဈေးကွက် ကောင်းမွန်စေရန် လိုအပ်သော
ဥပဒေများကို အသေးစိတ်အမြန်အတည် ပြုပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေများဖြစ်သည့် စုပေါင်းအဆောက်အအုံဆိုင်ရာ
နည်းဥပဒေ(ကွန်ဒိုဥပဒေ)ကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေထွက်ရန်
ကျန်ရှိနေဆဲဖြစ်ပြီး ကွန်ဒိုအဆောက်အအုံများသာမက တိုက်ခန်းအိမ်ရာများ အားလုံးကို
ကိုယ်စားပြုမည့် တိုက်ခန်းအိမ်ရာဥပဒေကိုပါ အမြန်ဆုံးပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း
ဦးအောင်မင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်