၂၀၁၆ ခုနှစ်သည် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍအတွက် အဆိုးရွားဆုံးနှစ် ဖြစ်ခဲ့သည့်အတွက်
ယခု ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက
မျှော်မှန်းထားကြသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ စီမံကိန်းနေရာများတွင် အိမ်ခြံမြေ အရောင်းအဝယ်များ အနည်းငယ်
ဖြစ်ပေါ်လာပြီး ကွန်ဒို၊ တိုက်ခန်းအရောင်းနှင့် အငှားများလည်း လှုပ်လာကြောင်း ရန်ကုန်မြို့အခြေစိုက်
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
အိမ်ခြံမြေလုပ်ငန်းသည် နှစ် ၂၀ အတွင်း အရောင်းအဝယ်လုပ်ငန်းများ ဆက်တိုက်
ကောင်းမွန်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်သည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများအပြင်
အခွန်နှုန်းထား ကြီးမြင့်မှုများကြောင့် အဆိုးဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့သည်။
သို့သော် ယခု ၂၀၁၇ နှစ်လယ်ပိုင်းခန့်တွင် အရောင်းအဝယ်များ ပြန်ကောင်းမွန်လာမည်ဟု
မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို)မှ အထွေထွေအတွင်းရေးမှူး
ဒေါ်မို့မို့အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"၂၀၁၄ နှစ်ကုန်လောက်ကစပြီး အေးသွားတာ ၂၀၁၅ မှာလည်း ရွေးကောက်ပွဲရှိတော့ အိမ်ခြံမြေက
အေးနေပြန်တယ်။ ၂၀၁၅ ကုန်ခါ နီးမှာ ကောင်းလာသလိုရှိပေမဲ့ အခွန်တွေ တက်သွားတဲ့အတွက်
ပြန်ပြီးတော့ အေးသွားတယ်။ ဟို ၂၀၁၆ ကတော့ နှစ်ပေါင်း ၂၀ အတွင်း အိမ်ခြံမြေ
သက်တမ်းတစ်လျှောက်မှာ အဆိုးဆုံး ကာလပါပဲ။ အခု ၂၀၁၇ နှစ်လယ်လောက်ကတော့
အိမ်ခြံမြေက ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းများအတွက် ခိုင်မာမှုရှိရန် အထောက်အပံ့ပေးနိုင်မည့် အိမ်ခြံမြေ
၀န်ဆောင်မှုဥပဒေ ထွက်လာပါက အိမ်ခြံမြေအရောင်းအဝယ်များ လုပ်ကိုင်ရာတွင်လည်း
ပိုမိုခိုင်မာမှုများ ရှိလာနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမို၀င် ရောက်လာနိုင်ကြောင်း
၎င်းက ပြောသည်။
"အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေလည်း ထွက်လာတော့မယ်ဆို ပိုပြီးခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေ
ပြန်ကောင်းလာမယ်လို့ ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ရောက်လာရင် အိမ်ခြံမြေ
ပြန်ကောင်းလာမယ်လို့ မျှော်လင့်တယ်။ အခုက ၂၀၁၇ အစပဲရှိတော့ အရောင်းအဝယ်တွေက
အရမ်းကောင်းတဲ့ အနေအထားတော့ မဟုတ်သေးဘူး။ အဲဒါကြောင့် နှစ်လယ်လောက်ကို ပြန်ဦးမော့ဖို့
မျှော်မှန်းထားတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ အရောင်းအဝယ်
လုပ်ငန်းအချို့ဖြစ်ပေါ်မှုဖြင့် ဈေးကွက်လှုပ် ခတ်လာခဲ့သည်။
ယခင် အိမ်ခြံမြေလုပ်ငန်း ကောင်းမွန်ခဲ့သည့်အချိန်များနှင့် ယှဉ်ပါက ဈေးကွက်အလွန်ကောင်းမွန်သည့်
အနေအထားမဟုတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ဒီဇင်ဘာလသည်
လုပ်ငန်း ပြန်ကောင်းမွန်လာသည့် အနေအထားဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။
"လုပ်ငန်းတော်တော်များများလည်း ပြန်ဖြစ်နေတဲ့သဘောရှိပါတယ်။ စီမံကိန်းရှိတဲ့ နေရာတွေ
အိမ်ခြံမြေအရောင်းအဝယ်တွေ ဖြစ်လာတယ်။ ဒလတို့၊ တွံတေးတို့ဆို စီမံ ကိန်းတွေ ရှိတယ်ဆိုပြီး
အသံတွေကြားရတယ်။ ရန်ကုန်မြို့တွင်း ဧရိယာတွေလည်း စီမံကိန်းလုပ်မယ်ဆိုတဲ့ သတင်းတွေ
ရှိနေတော့ အဲဒီလိုနေရာတွေမှာ ပြန်လှုပ်လာတာဆိုတော့ အိမ်ခြံမြေက ပြန်ဦးမော့လာမယ့်
အနေအထားရှိပါတယ်"ဟု ရွှေကံမြေ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက
ပြောသည်။

မြေကွက်အရောင်းအဝယ်များတွင် ကျပ် သိန်း တစ်သောင်းခွဲ တန်ဖိုးရှိသည့် မြေကွက်များ
အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပြီး မြေဈေးနှုန်း၊ အိမ်ဈေးနှုန်းများက သိသိသာသာ
အပြောင်းအလဲမဖြစ်ပေါ်ကြောင်း ၎င်းက ပြောသည်။
"ဒီဇင်ဘာနဲ့ ဇန်နဝါရီလထဲမှာ မြေကွက် တစ်သောင်း၊ တစ်သောင်းခွဲတန်လေးတွေ အရောင်းအဝယ်
ပြန်လိုက်လာပါတယ်။ ဈေးနှုန်းတွေကတော့ သိပ်အပြောင်းအလဲမရှိပါဘူး။ အရင်တုန်းကလို
စီမံကိန်းရှိတဲ့နေရာတွေဆို ဈေးတွေ အဆမတန်ခုန်တက် တာမျိုးတွေမဖြစ်ဘဲ ပုံမှန်အရင်ဈေးနဲ့ပဲ
အရောင်းအဝယ်တွေရှိလာတယ်။ ဈေးထိုးကျ သွားတာမျိုးလည်း မရှိဘူး"ဟု ဦးခင်မောင်အေးက
ပြောသည်။
ထို့ပြင် ယခင်က အစိုးရအပြောင်းအလဲအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများကို
စောင့်ကြည့်သည့် အခြေအနေများကြောင့် အိမ်ခြံမြေလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှေးကာ
အရောင်းအဝယ်အေးခြင်းများ ဖြစ်ခဲ့ရသည်။
ယခု ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်သူများလည်း ဈေးကွက်အတွင်း
ပြန်ဝင်ရောက်လာသည့် အခြေအနေများ ရှိလာမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။
"အရင်က ရင်းနှီးမြှုပ်နှံမှုကို ဘာမှဝင် မလုပ်သေးဘဲ စောင့်ကြည့်နေကြတဲ့သူတွေလည်း
အခု မဖြစ်မနေ အခြေအနေတွေ ရှိလာတော့ ပြန်ဝယ်လာကြတယ်။ စီးပွားရေးလုပ်မယ့်သူဆိုလည်း
အဲဒီအတွက် မြေဝယ်တာတွေရှိလာတယ်။ ရုံးခန်း၊ ဆိုင်ခန်းတွေဝယ်လာကြတယ်။
နေမယ့်သူတွေလည်း နေထိုင်ဖို့အတွက် ၀ယ်လာကြတယ်။ အဲဒါကြောင့် ဈေးကွက်ထဲမှာ
အရောင်းအဝယ် ပြန်စီးဆင်းလာတာ"ဟု ဦးခင်မောင်အေးက ပြောသည်။
ယခင်က ငွေမည်းမှ ငွေဖြူဖော်ဆောင်မှု များကို အိမ်ခြံမြေလုပ်ငန်းများတွင် အကြီးအကျယ်
လုပ်ကိုင်မှုများ ရှိခဲ့ပြီး နိုင်ငံစီးပွားရေး နှေးကွေးသွားသည့်အချိန်တွင် အိမ်ခြံမြေလုပ်ငန်းတွင်
ငွေမြှုပ်နှံမှုများ လျော့နည်းလာခဲ့သည်။
ယင်းအချက်မှာလည်း အိမ်ခြံမြေ လုပ်ငန်းကို အေးစက်စေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နောက်ပိုင်းများတွင်
အိမ်ခြံမြေလုပ်ငန်းတွင် ငွေဖြူငွေမည်း လုပ်ဆောင်မှုများ လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်သည်။
ဟိုနှစ်ပိုင်းတွေကတော့ ရှိပါတယ်။ အခုနောက်ပိုင်းကတော့ နေထိုင်မှုအတွက် လိုအပ်လို့
မဖြစ်မနေဝယ်တဲ့ အခြေအနေတွေကိုလည်း တွေ့ရပါတယ်။ စီးပွားရေး မဖြစ်မနေလုပ်ဖို့
လိုအပ်ချက်ကြောင့် ၀ယ်တဲ့ အခြေအနေလည်း ရှိတယ်။ အဲဒါကြောင့် အရောင်းအဝယ်တွေ
ပြန်ဖြစ်လာပြီး ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်တာပါ။
ထို့ပြင် ၂၀၁၆ ခုနှစ်တွင် အခွန်နှုန်း သုံးဆခန့်မြင့်တက်သွားသည့်အတွက် အိမ်ခြံမြေအခွန်နှုန်းများကို
သတ်မှတ်ရာတွင်လည်း အစိုးရအနေဖြင့် တစ်ကြိမ်သာ ၀ယ်ဆောင်သူများကို အခွန်နှုန်းများ
လျှော့ပေါ့စဉ်းစား ပေးသင့်ကြောင်း ဒေါ်မို့မို့အောင်က ပြောသည်။
"အခု အခွန်နှုန်းက မြင့်နေတော့ အိမ်၊မြေကို တစ်ကြိမ်ပဲ မဖြစ်မနေ နေထိုင်ဖို့ဝယ်တဲ့
လူတွေအတွက်ကြတော့ အရမ်းကိုများနေတယ်။ အဲဒီလိုပြည်သူတွေအတွက်ကျတော့
အခွန်ဆောင်ရတာ ခက်ခဲတာပေါ့။ အိမ်၊ မြေ နှစ်လုံး၊ သုံးလုံး ၀ယ်တဲ့လူတွေကျတော့
နှုန်းထားတစ်မျိုး ပြန်သတ်မှတ်တာမျိုး အဲဒီလိုမျိုး လုပ်ပေးသင့်တယ်လို့ ကျွန်မတို့က
အကြံပြုချင်ပါတယ်"ဟု ၎င်းက ပြောသည်။
"အခု ၂၀၁၇ ခုနှစ် နှစ်လယ်လောက်ကတော့ အိမ်ခြံမြေက ပြန်ကောင်းလာ နိုင်ပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ လည်းထွက်လာတော့မယ်ဆို ပိုပြီးခိုင်ခိုင်မာမာနဲ့ လုပ်ငန်းတွေ
ပြန်ကောင်းလာမယ်လို့ ထင်ပါတယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။
















