၂ဝ၁၇ တွင် ပေါ်ထွက်လာမည့် အထပ်မြင့် ကွန်ဒိုမီနီယံများ

၂ဝ၁၇ တွင် ပေါ်ထွက်လာမည့် အထပ်မြင့် ကွန်ဒိုမီနီယံများ

 

လူဦးရေ သိပ်သည်းထူထပ်သည့် ရန်ကုန်မြို့၏ နေထိုင်မှုပုံစံကိုကြည့်လျှင် လုံးချင်းအိမ်များဖြင့်
နေထိုင်ခြင်းထက် ကွန်ဒိုနှင့် တိုက်ခန်းများကို ဝယ်ယူ၊ ငှားရမ်းနေထိုင်ကြသူများက
ပိုမိုများပြားလာသည်။

၂ဝဝဝ ပြည့်နှစ် အစောပိုင်းကာလများတွင် ကန်ထရိုက်လုပ်ငန်းရှင်များက အထပ်အမြင့်ဆုံး
ကိုးထပ်ခန့်ရှိ နှစ်ခန်းတွဲတိုက်ခန်းများကို ပေါပေါများများ ဆောက်လုပ်ခဲ့သည်ကိုတွေ့ရပြီး
ကွန်ဒိုဟု အမည်တပ်သည့် အခန်းကျယ် တိုက်ခန်းများ ဆောက်လုပ်မှုများလည်း ရှိခဲ့သည်။

ထိုအချိန်က ရန်ကုန်မြို့တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကဲ့သို့ နောက်ဆုံးပေါ် အထပ်အမြင့်ဆုံး
လူနေထိုင်သည့် အဆောက်အအုံများ၊ ဘက်စုံသုံး လူနေရပ်ဝန်းများ၊ ဟိုတယ်နှင့် ရုံးခန်း
အဆောက်အအုံများမှာ လက်ချိုးရေတွက်နိုင်သည့် အနေအထားသာ ရှိခဲ့သည်။

သို့သော် ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံရေးအပြောင်းအလဲတွင် ရန်ကုန်မြို့တွင် နောက်ဆုံးပေါ်
အထပ်မြင့်အဆောက်အအုံများကို ဆောက်လုပ်ခွင့်များ ပေးလာခဲ့ရာ နောက်ဆုံးပေါ် အထပ်မြင့်
အဆောက်အအုံများကို ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်များတွင်စတင်၍ မျက်ဝါးထင်ထင် မြင်တွေ့လာခဲ့ရသည်။

ယင်းကဲ့သို့ နောက်ဆုံးပေါ် အထပ်မြင့်အဆောက်အအုံစီမံကိန်းများ စတင်ထွက်ပေါ်လာသည့်
အချိန်တွင် အများစုသည် အစိုးရထံမှ ဘီအိုတီစနစ် (တည်ဆောက်၊ လည်ပတ်၊ ရွှေ့ပြောင်း)ဖြင့်
နှစ်ရှည် မြေငှားရမ်းကာ ကွန်ဒိုမီနီယံများ၊ ဝန်ဆောင်မှုပါ လူနေအဆောက်အအုံများ၊ ရုံးခန်း
အဆောက်အအုံများ၊ ဟိုတယ် အဆောက် အအုံများ ဆောက်လုပ်သည့် စီမံကိန်းများဖြစ်သည်။

ရန်ကုန်မြို့တွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဗီယက်နမ်နိုင်ငံက
ရင်းနှီးမြှုပ်နှံသော ဟေဂဲလ်မြန်မာစင်တာနှင့် မြန်မာပလာဇာ အဆောက်အအုံသည် နောက်ဆုံးပေါ်
အထပ်မြင့်အဆောက်အအုံ (High_End Builidng) တစ်ခုအဖြစ် သိသာထင်ရှားစွာ စတင်ပေါ်ထွက်ခဲ့သည့်
စီမံကိန်းတစ်ခုဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွင် ရန်ကုန်မြို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
စတင်ဖွင့်ပေးခြင်းနှင့်အတူ ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်တွင်လည်း အိမ်ခန်း လိုအပ်ချက်၊
ရုံးခန်းလိုအပ်ချက်၊ ဟိုတယ်အခန်းလိုအပ်ချက်များကြောင့် ယင်းကဲ့သို့ အဆောက်အအုံ စီမံကိန်းများကို
ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုကြသည်။

ရန်ကုန်မြို့၏ ကွန်ဒိုအခန်း၊ ရုံးခန်းနှင့် ဝန်ဆောင်မှုပါ လူနေအခန်းများ လိုအပ်ချက်သည် ၂ဝ၁၂ နှင့်
၂ဝ၁၃ ခုနှစ်များတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂ဝ၁၅ နှင့် ၂ဝ၁၆ တွင် ပြန်လည်ကျဆင်းသွားခဲ့သည်။
အခန်းရရှိနိုင်မှုသည် ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်တွင် မြင့်တက်လာခဲ့သော်လည်း ဝယ်လိုအားမှာ
ကျဆင်းနေခဲ့သည်။

၂ဝ၁၆ ခုနှစ် ပထမနှစ်ဝက်အကုန်တွင် ရန်ကုန်မြို့၌ ငှားရမ်းနိုင်သည့် ရုံးခန်းနေရာလွတ်
စတုန်ရန်းမီတာ ၂၅ဝ,ဝဝဝ ကျော် ပေါ်ထွက်လာသော်လည်း ၂ဝ၁၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက
သိသိသာသာလျော့နည်းသွားခြင်းဖြစ်ပြီး ပြီးစီးရန် ကျန်ရှိနေသည့် စီမံကိန်းများက ရုံးခန်းနေရာများ
ထွက်ပေါ်လာခဲ့လျှင် ၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ်များထက် အခန်းရရှိနိုင်မှုနှုန်း မြင့်မားနေသေးကြောင်း
Colliers International Myanmar ၏ လေ့လာချက်များအရ သိရသည်။

ရန်ကင်းမြို့နယ်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် ကွန်ဒိုအဆောက်အအုံတစ်ခုဖြစ်သော  Golden City အဆင့်မြင့်အိမ်ရာစီမံကိန်းကို တွေ့ရစဉ်။ သီရိလူ/ မြန်မာတိုင်း(မ်)

အထပ်မြင့် ကွန်ဒိုမီနီယံ အဆောက်အအုံစျေးကွက်မှာလည်း ၂ဝ၁၆ ခုနှစ်တွင် အထပ် မြင့်
အဆောက်အအုံများ ရပ်နားခြင်းနှင့် အိမ်ခြံမြေစျေးကွက် နှေးကွေးခြင်းတို့ကြောင့် ကွန်ဒို
အဆောက်အအုံအသစ် ဆောက်လုပ်မှုများနည်းခဲ့ပြီး ၂ဝ၁၆ ခုနှစ် ပထမနှစ်ဝက်အကုန်တွင်
လွန်ခဲ့သည့်နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ပထမနှစ်ဝက်တွင် အထပ်မြင့် ကွန်ဒိုမီနီယံ စီမံ ကိန်း အခု ၂ဝ ရှိခဲ့ပြီး
၂ဝ၁၅ ခုနှစ် ပထမနှစ်ဝက်တွင် စီမံကိန်း ၁ဝ ခုရှိကာ ၂ဝ၁၆ ခုနှစ် ပထမနှစ်ဝက်တွင် စီမံကိန်း
ငါးခုသာရှိသည်။

ယခု ၂ဝ၁၇ တွင် နောက်ဆုံးပေါ် အထပ်မြင့်အဆောက်အအုံ စီမံကိန်းများဖြစ်သည့် ဂျန်းရှင်းစီးတီး
ဘက်စုံသုံး လူနေရပ်ဝန်း (Junction City Complex)၊ Golden City အဆင့်မြင့်
အိမ်ရာစီမံကိန်း၊ Time City၊ Diamond Inya Palace ကွန်ဒိုနှင့် ဟေဂဲလ်မြန်မာစီမံကိန်း၏
ဒုတိယပိုင်းစီမံကိန်းများ ပြီးစီးပေါ်ထွက်လာမည်ဖြစ်သည်။

ဂျန်းရှင်းစီးတီး ဘက်စုံသုံးလူနေရပ်ဝန်း

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ မြေ ၆ ဧကပေါ်တွင် ရွှေတောင်
ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက်နေသည့် အထပ်မြင့်အဆောက်အအုံများပါဝင်သည့်
ဘက်စုံသုံး လူနေရပ်ဝန်းခေါ် Junction City စီမံကိန်း၏ ပထမပိုင်းသည်
၂ဝ၁၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။ ယင်းပထမပိုင်း စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံ၊
စျေးဝယ်စင်တာနှင့်ဟိုတယ်အဆောက်အအုံတို့ ပါဝင်မည်ဖြစ်ပြီး အဆောက်အအုံသည်
အထပ်ပေါင်း ၂၃ ထပ်ရှိကာ စတုရန်းမီတာ ၃၄,ဝဝဝ ခန့် ရုံးခန်းနေရာလွတ်များ စျေးကွက်တွင်
ပေါ်ထွက်လာမည်ဖြစ်သည်။

ထို့ပြင် အခန်းပေါင်း ၃၄၈ ခန်းပါဝင်မည့် Pan Pacific Yangon Hotel လည်း ပြီးစီးမည်ဖြစ်ကာ
ငါးထပ်အမြင့်ရှိသည့် Junction City စျေးဝယ်စင်တာလည်း ပါရှိသည်။

ဂျန်းရှင်းစီးတီးစီမံကိန်းကို ရွှေတောင်ကုမ္ပဏီက စည်ပင်သာယာရေးကော်မတီ စျေးများဌာနနှင့်
အကျိုးတူ ပူးပေါင်းကာ ဘီအိုတီစနစ်ဖြင့် စည်ပင်ပိုင်မြေ ယခင်ဗိုလ်ချုပ်စျေးသစ် မြေနေရာတွင်
နောက်ဆုံးပေါ် အထပ်မြင့်စီမံကိန်းများအဖြစ် တည်ဆောက်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း၏ ဒုတိယပိုင်းတွင်လည်း ဝန်ဆောင်မှုပါ လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊
စျေးဝယ်စင်တာနှင့် မြေအောက်ကားပါကင်၊ အထပ်မြင့်ကားပါကင်များ ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။

Golden Cityအဆင့်မြင့် အိမ်ရာစီမံကိန်း

၂ဝ၁၄ ခုနှစ်တွင် ရန်ကင်းမြို့နယ်ရှိ ယခင် စီအမ်အေရုံးဝင်းအတွင်းတွင် စတင်တည်ဆောက်ခဲ့သည့်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများဆုံးပါသော အဆင့်မြင့်အိမ်ရာစီမံကိန်း Golden City စီမံကိန်း၏
ဒုတိယစီမံကိန်းဖြစ်သည့် ၃၃ ထပ် အမြင့်ရှိသောလူနေအဆောက်အအုံသည် ၂ဝ၁၇ ခုနှစ်
ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ပြီး စျေးကွက်အတွင်း အခန်းပေါင်း ၆ဝဝ ကျော် ထွက်ပေါ်လာမည်
ဖြစ်သည်။

၄င်း၏ ပထမစီမံကိန်းမှာလည်း ၂ဝ၁၆ ခုနှစ် စက်တင်ဘာလခန့်တွင် ပြီးစီးခဲ့ပြီး အခန်းပေါင်း ၅ဝ၃ ခန်း
ရှိကာ လက်ရှိတွင် အိမ်ခန်းများကို ဝယ်ယူသူများထံ အပ်နှံပြီးကြောင်း သိရသည်။

Golden City စီမံကိန်းကြီးတစ်ခုလုံးတွင် ပါဝင်သည့် အဆောက်အအုံများမှာ အဆင့်မြင့် လူနေ
အဆောက်အအုံများ၊ ရုံခန်းအဆောက်အအုံများ၊ စျေးဝယ်စင်တာများနှင့် ဟိုတယ်များပါဝင်မည်ဖြစ်ကာ
စုစုပေါင်း အထပ်မြင့် အဆောက်အအုံ ၁၁ လုံး ပါဝင်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၃ဝ ဖြစ်ပြီး ဘီအိုတီစနစ်ဖြင့်
အစိုးရထံမှ မြေငှားရမ်း တည်ဆောက်ခြင်းဖြစ်သည်။

Time City စီမံကိန်း

စမ်းချောင်းမြို့နယ် ဟံသာဝတီနှင့် ကျွန်းတောလမ်းကြားရှိ မြေ ၁ဝ ဧကပေါ်တွင် တည်ဆောက်လျက်
ရှိသည့် ဘက်စုံသုံး လူနေရပ်ဝန်း Time City စီမံကိန်းမှာလည်း အောက်တိုဘာလခန့်တွင်
ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးမည်ဟု စီမံကိန်းကို တည်ဆောက်သည့် ကုမ္ပဏီ တာဝန်ရှိသူများက
ပြောသည်။

အဆိုပါ စီမံကိန်းပြီးစီးပါက ရုံးခန်းအဆောက်အအုံ နှစ်လုံး၊ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်
အဆောက်အအုံ တစ်လုံး၊ လူနေကွန်ဒို အဆောက်အအုံ နှစ်လုံးနှင့် ရတနာစျေးဝယ်စင်တာ
အဆောက်အအုံတို့ ပါဝင်မည်ဖြစ်သည်။

ကုမ္ပဏီက အခန်းအရေအတွက်များကို အတိအကျ တရားဝင်မထုတ်ပြန်သေးသော်လည်း
အထပ်မြင့်အဆောက်အအုံများစွာပါဝင်သည့် စီမံကိန်းက အခန်းပေါင်း များစွာ ထွက်လာမည်
ဖြစ်သည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဂျန်းရှင်းစီးတီးစီမံကိန်း အဆောက်အအုံကို ယခုလအတွင်း တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

ဒိုင်းမွန်း အင်းလျား ပဲလေ့စ် ကွန်ဒိုမီနီယံ

မရမ်းကုန်းမြို့နယ် ဦးထွန်းငြိမ်း လမ်းတွင် Mandalay Golden Wing ဆောက်လုပ်ရေးကုမ္ပဏီက
တည်ဆောက်လျက်ရှိသည့် အထပ် ၃၂ ထပ်အမြင့်ရှိသည့် ဒိုင်းမွန်းအင်းလျား ပဲလေ့စ်
(Diamond Inya Palace)ကွန်ဒိုမီနီယံသည် ယခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်သည်။

လက်ရှိတွင် အထပ်ပေါင်း ၃ဝ ထိ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အဆောက်အအုံတစ်ခုလုံးပြီးစီးပါက
လူနေအခန်းပေါင်း ၃၇၆ ခန်း ထွက်ပေါ်လာမည်ဖြစ်သည်။

အဆိုပါ ကွန်ဒိုမီနီယံ စီမံကိန်းသည် ကနဦးစီမံကိန်း၌ အထပ်ပေါင်း ၃၄ ထပ်တည်ဆောက်မည်ဟု
သတင်းထုတ်ပြန်ခဲ့သည့်အချိန်၌ ရန်ကုန်မြို့တွင် အမြင့်ဆုံးအဆောက်အအုံတစ်ခု ဖြစ်လာမည်
ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အထပ်ပေါင်း ၃၂ ထပ်သာတည်ဆောက်မည်ဟု
သိရသည်။

ဟေဂဲလ် မြန်မာ စီမံကိန်း

ရန်ကုန်မြို့တွင် ပထမဦးဆုံး ထင်သာစွာ မြင်တွေ့လာရသည့် မြန်မာပလာဇာဖွင့်လှစ်ခဲ့သည့်
နောက်ဆုံးပေါ် အထပ်မြင့်အဆောက်အအုံစီမံကိန်း ဂေဟဲလ်မြန်မာ၏ ဒုတိယပိုင်းစီမံကိန်းတွင်
လူနေအဆောက်အအုံများနှင့် ရုံးခန်း အဆောက်အအုံများ စုစုပေါင်း အဆောက်အအုံ ငါးလုံး
ပါဝင်မည်ဖြစ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။

အဆိုပါ ဒုတိယစီမံကိန်းတွင် ၂၈ ထပ်အမြင့်ရှိသည့် ရုံးခန်းအဆောက်အအုံနှစ်လုံးနှင့် ၃၂ ထပ်အမြင့်
ရှိမည့် Lake Suit လူနေအဆောက်အအုံ သုံးလုံးတို့ပြီးပါက အခန်းပေါင်း ၁,ဝဝဝ ကျော်ခန့်
ထွက်လာမည်ဖြစ်သည်။

လက်ရှိတွင် ဟေဂဲလ်မြန်မာစီမံကိန်း၏ ပထမပိုင်းတွင် မြန်မာစင်တာ၊ မြန်မာပလာဇာနှင့်
မီလာဟိုတယ်တို့ကို ဖွင့်လှစ်နေပြီဖြစ်သည်။

ဗီယက်နမ်ကုမ္ပဏီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ဖြင့် အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ
သန်း ၄၄ဝ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေခြင်းဖြစ်ပြီး ယခင်စက်မှုဝန်ကြီးဌာန၏ မြေနေရာပေါ်တွင်
ဘီအိုတီစနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသည်။

ဆူးလေစကွဲ

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ဖွင့်လှစ်လိုက်သည့် ရန်ကုန်မြို့လယ်ရှိ ဆူးလေစကွဲစင်တာသည်လည်း
၂ဝ၁၇ ခုနှစ်၏ အိမ်ခြံမြေစျေးကွက်အတွင်းသို့ ရုံးခန်းနေရာလွတ်များငှားရမ်းရန် ရောက်ရှိလာမည်
ဖြစ်သည်။

လက်ရှိတွင် ရှောပင်းမောက စျေးဆိုင်ခန်းများနှင့် ရုံးခန်းနေရာလွတ်များကို စတင်ငှားရမ်းနေပြီ
ဖြစ်သည်။

၂၃ ထပ် အမြင့်ရှိသည့် ဆူးလေစကွဲအဆောက်အအုံတွင် ၁၅ ထပ်ကို ရုံးခန်းငှားရမ်းမှု ပြုလုပ်မည်
ဖြစ်ကာ ဧရိယာစုစုပေါင်း စတုရန်းမီတာ ၆,ဝဝဝ ခန့် ရှိသည်။ မြေအောက်ထပ်နှင့်သုံးလွှာအထိမှာ
စျေးဆိုင်ခန်းများဖြစ်ပြီး ကားအစီးရေ ၅ဝဝ ခန့် ဝင်ဆံ့သည့် ကားပါကင်နေရာလည်း ပါဝင်သည်။
အထပ်မြင့်ပိုဆောက်မှုဖြင့် ဒဏ်ကြေးပေးဆောင်ခဲ့ရသော စီမံကိန်းလည်းဖြစ်သည်။

G.E.M.S Garden ကွန်ဒိုမီနီယံ

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် G.E.M.S Garden ကွန်ဒိုမီနီယံသည်
လက်ရှိတွင် အခန်းဝယ်ယူသူများထံ အခန်းများ အပ်နှံနေပြီဖြစ်သည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အထပ်မြင့် ၂၁ ထပ်ရှိသည့် လူနေကွန်ဒို
အဆောက်အအုံလေးလုံးကအခန်းပေါင်း ၅၈၄ ခန်းရှိကြောင်း အဆိုပါကွန်ဒိုမီနီယံကို
တည်ဆောက်သည့် CapitalDevelopment Limited ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

G.E.M.S Garden ကွန်ဒိုမီနီယံ စီမံကိန်းသည် ကျန်ရှိနေသေးသည့် မြေဧကပေါ်တွင်ဟိုတယ်၊ စျေးဝယ်
စင်တာနှင့် ရုံးခန်းအဆောက်အအုံများကို ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ဖြင့် အကောင်
အထည်ဖော်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်