ရန်ကုန်တွင် အဆောက်အအုံဆောက်လုပ် မှုများ ထက်ဝက်ကျော် လျော့ကြခဲ့

ရန်ကုန်တွင် အဆောက်အအုံဆောက်လုပ် မှုများ ထက်ဝက်ကျော် လျော့ကြခဲ့

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက ရန်ကုန်မြို့
စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံများကိုဆောက်လုပ်ခွင့်ပေးလျက်ရှိရာ ဘဏ္ဍာနှစ်
အလိုက် စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်မှာ ထက်ဝက်ကျော်
လျော့ကျ သွားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ပေးမှုသည် ၆,ဝဝဝ ကျော်
ရှိပြီး ယခု ၂ဝ၁၆၁၇ ဘဏ္ဍာနှစ်၌ ၃,ဝဝဝ ခန့်သာ ဆောက်လုပ်ခွင့်ပါမစ်ပေးမှု ရှိခဲ့သည်။

''ဒီနှစ်က ဆောက်လုပ်ခွင့်ပါမစ်က ၃,ဝဝဝ လောက်ပဲရှိတယ်။ ဒါက ဆောက်လုပ်ရေးလုပ်ငန်းတွေ
ဆောက်တာ နည်းသွားလို့ ပါမစ်ပေးရတာလဲ လျော့သွားတာပါ''ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)
၏ ဌာနမှူး ဦးသန်းဌေးက ပြောသည်။

ယခုဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအထိ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ စာရင်းများအရ
အထပ်မြင့်အဆောက်အအုံ၈၂၉ လုံး ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး အထပ်နိမ့် (လေးထပ်အထိ)
၈၄၇ လုံးဖြစ်ကာ အရပ်စာချုပ်ပေါ်တွင်ဆောက်သည့် အဆောက်အအုံ (သုံးထပ်ခွဲ) အဆောက်အအုံ
၇၂၄ လုံးဆောက်လုပ်ခွင့်ပါမစ်ပေးထားကြောင်း ယင်းဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဌာနမှ ခွင့်ပြုပေးခဲ့သည့် အထပ်မြင့်အဆောက်အအုံအရေအတွက်မှာ
၂,၉၁၅ လုံးရှိခဲ့သည့်အတွက် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှု ထက်ဝက်ကျော်
ကျဆင်းသွားသည့် အခြေ အနေဖြစ်သည်။ အထပ်နိမ့်အဆောက်အအုံ ဆောက်လုပ်ခွင့်မှာလည်း
ပြီးခဲ့သည့် ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်တွင် ၁,၅၉၇ လုံးထိ ခွင့်ပြုပေးခဲ့ပြီး အရပ်စာချုပ်ဆောက်လုပ်ခွင့်မှာလည်း
၁,၄၈၉ လုံးရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်ကို နှိုင်းယှဉ်ပါက အထပ်မြင့်၊ အထပ်နိမ့်
အဆောက်အအုံ ဆောက်လုပ်မှုအားလုံးမှာ ထက်ဝက်ခန့် ကျဆင်းသွားသည်ကို တွေ့ရသည်။

''မနှစ်ကနဲ့ယှဉ်ရင်တော့ ဒီနှစ်က ဆောက်လုပ်ခွင့်ပေးရတာတွေ တော်တော်လျော့သွားတယ်။ ဒါပေမဲ့
ဟိုးအရင်နှစ်တွေနဲ့ယှဉ်ရင်တော့ ဒါက များနေပါသေးတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကျော် ၂ဝ၁၄-၁၅
ဘဏ္ဍာနှစ်ကတော့ ဆောက်လုပ်ခွင့်ပေးတာ အများဆုံးပါပဲ။ ၈,ဝဝဝ လောက်ထိ ပေးခဲ့တာ
အဲဒီတုန်းက ဆောက်လုပ်ရေးလောကကလည်း ဆောက်နိုင်ကြတယ်''ဟု ဦးသန်းဌေးက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏
ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်မှုကြောင့် လုပ်ငန်းများ ရပ်နားထားရသည့်
ရိုက်ခတ်မှုကို ခံခဲ့ရပြီး စီမံကိန်းအသစ်များ လုပ်ဆောင်ရန်အတွက် အခက်အခဲများရှိလာကြောင်း
လုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ဆောက်လုပ်ခွင့်ပါမစ်မူဝါဒဆိုင်ရာများ မငြိမ်သက်ဖြစ်ခဲ့မှုများကလည်း ဆောက်လုပ်ရေးလုပ်ငန်း
ထိခိုက်မှုတွင် များစွာပါဝင်ခဲ့သည်ဟု လုပ်ငန်းရှင်များကဆိုသော်လည်း တာဝန်ရှိသူများက ၄င်းတို့
အနေဖြင့် ဆောက်လုပ်ခွင့်ပါမစ်များကို ပုံမှန်ခွင့်ပြုပေးလျက်ရှိကြောင်း ဦးသန်းဌေးက ပြောသည်။

''ကျွန်တော်တို့ဘက်က ပုံမှန်ပါမစ်တွေပေးနေတာပါပဲ။ ဒါပေမဲ့ လာလျှောက်တာကို နည်းသွားတာ။
လုပ်ငန်းရှင်တွေဘက်ကိုက ဆောက်တာတွေ နည်းသွားတာကြောင့်ပါ။ကြိုပွိုင့်စျေးကွက်တွေကလည်း
ပျက်နေတယ်လေ''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်