ယခု ၂ဝ၁၇ ခုနှစ်တွင် ဆယ်စုနှစ်တစ်ခုခန့်ကြာအောင် အရစ်ကျ ငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်မည်
ဖြစ်သော တိုက်ခန်းများ ပိုမို အရောင်းအဝယ်ကောင်းမွန်လာမည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ဆိုကြသည်။
အိမ်ခြံမြေစျေးကွက်အတွင်း လက်ငင်းငွေအကျေ ပေးချေဝယ်ယူရသော အိမ်ရာများနှင့် ကြိုတင်
ငွေပေးစနစ်ဖြင့် ဝယ်ယူရသော တိုက်ခန်းများ လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက အရောင်းအဝယ်
ကျဆင်းနေသော်လည်း အရစ်ကျဝယ်ယူနိုင်သော တိုက်ခန်းအိမ်ရာများမှာ ဝယ်လိုအား များပြားလျက်
ရှိပြီး ရောင်းအား ကောင်းမွန်နေကြောင်း iMyanmarHouse.com မှ အုပ်ချုပ်မှုဒါရိုက်တာ
ဦးနေမင်းသူက ပြောသည်။
အိမ်ခြံမြေစျေးကွက် ကျဆင်းနေသော်လည်း အစိုးရက အကောင်အထည်ဖော်ဆောက်လုပ်ကာ
အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူလိုသူများပြားခဲ့ပြီး
စျေးကွက်ကောင်းမွန်ခဲ့သောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များပါ ဘဏ်များနှင့် ချိတ်ဆက်ပြီး
တိုက်ခန်းများကို အရစ်ကျစနစ်များဖြင့် ရောင်းချရန် လိုအပ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
''အစိုးရက တန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနေပြီး ဝယ်ယူသူတွေကလည်း
အရစ်ကျတိုက်ခန်းတွေကိုပဲ ဝယ်ယူလိုကြလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကလည်း သူတို့
တိုက်ခန်းတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ စတင်ရောင်းချလာကြပါတယ်။ ဒီနှစ်မှာ
အိမ်ရာစီမံကိန်းတွေကို အရစ်ကျဝယ်ယူနိုင်မယ့် စနစ်က အရင်ကထက် ပိုပီပီပြင်ပြင်အကောင်အထည်
ပေါ်လာမှာပါ''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲများကို ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အတွင်း
လေးကြိမ် ကြီးမှူးကျင်းပခဲ့သော iMyanmarHouse.com မှ ယခု ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်း
ဘဏ်တစ်ခုနှင့် ပူးပေါင်းကာ နှစ်ရှည် အရစ်ကျဝယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ အထူးအရောင်းပြပွဲ
တစ်ခုကို ကျင်းပသွားမည်ဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။
''ဒီ ၂ဝ၁၇ ခုနှစ်အတွင်းမှာ ဧရာဝတီဘဏ်နဲ့ ပူးပေါင်းပြီး နှစ်ရှည်အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တဲ့
တိုက်ခန်းအိမ်ရာ အရောင်းပြပွဲတစ်ခုကို စီစဉ်သွားပါမယ်။ အစိုးရကလည်း တန်ဖိုးနည်းအိမ်ရာတွေကို
အရစ်ကျစနစ်နဲ့ ရောင်းချပေးနေချိန်မှာ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း ဘဏ်တွေနဲ့
ပူးပေါင်းပြီး တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးနိုင်မှ အရောင်းစျေးကွက် ကောင်းမွန်မှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
တပ်မတော်ခန်းမတွင် ပြီးခဲ့သော ဒီဇင်ဘာလလယ်က iMyanmarHouse.comက ကြီးမှူးကျင်းပခဲ့သော
စတုတ္ထအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲတွင် တန်ဖိုး မြန်မာငွေ ၁၇ ဘီလျံခန့်အထိ တိုက်ခန်းများ
ရောင်းချခဲ့ရပြီး အများစုမှာ တစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျငွေပေးချေနိုင်သော တိုက်ခန်းများဖြစ်ကြောင်း
ဦးနေမင်းသူက ပြောသည်။
''တိုက်ခန်းအရောင်းစျေးကွက်က ကြိုပွိုင့်၊လက်ငင်းငွေချေစနစ်တွေကနေ အရစ်ကျငွေချေစနစ်ဆီကို
တဖြည်းဖြည်း ပြောင်းလဲလာနေပေမဲ့ လက်ရှိအချိန်မှာ ပုဂ္ဂလိကဘဏ်တွေနဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေက အိမ်ရာ ဝယ်ယူလိုသူတွေအတွက် ၁ဝ နှစ်အထိသာ အရစ်ကျစနစ်နဲ့
ငွေချေးပေးနိုင်သေးတယ်။ ငွေချေးတဲ့အခါမှာလည်း စမသခနျျ တွေများနေပြီး ဘဏ်တွေနဲ့
ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူမယ်ဆိုရင် တိုက်ခန်းတန်ဖိုးရဲ့တစ်ဝက်ကို ငွေအကျေပေးဖို့
လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် နှစ်ရှည် အိမ်ရာအရစ်ကျဝယ်ယူလိုသူများအတွက် နှစ်စဉ်ဘဏ်တိုး ၁၃ ရာခိုင်နှုန်းအတိုးနှုန်းမှာ
ကြီးမြင့်နေဆဲဖြစ်ကြောင်း ဦးနေမင်းသူက ပြောသည်။
''တိုက်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ၁ဝ စုနှစ်တစ်ခုလောက်ထိ အရစ်ကျစနစ်နဲ့ဝယ်ယူမယ်ဆိုရင်
တစ်နှစ် ၁၃ ရာခိုင်နှုန်းအတိုးနှုန်းက များပြားနေပါတယ်။ တိုက်ခန်းဝယ်ယူဖို့ ငွေချေးသူတွေအတွက်
သင့်တော်တဲ့အတိုးနှုန်းတစ်ခုကို သတ်မှတ်ဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။
အရစ်ကျစနစ်ဖြင့် ငွေပေးသွင်းဝယ်ယူနိုင်သော တိုက်ခန်းများအတွက် ပိုမိုသက်သာသော
အတိုးနှုန်းထားများ ရှိသင့်ပြီး ယခုနှစ်အတွင်း တိုက်ခန်းများ ဝယ်ယူရာတွင် အရစ်ကျ ပေးချေနိုင်သော
ဝန်ဆောင်မှုကို ဘဏ်များက ပိုမိုဝန်ဆောင်မှု ပေးလာနိုင်ကြောင်း မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ
ဦးအောင်မင်းက ပြောသည်။
''ပြည်တွင်းဘဏ်တွေက အိမ်ရာဝယ်ယူလိုသူတွေအတွက် အရစ်ကျငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုပေးဖို့
စတင်ဆောင်ရွက်လာကြပါပြီ။ ပြီးခဲ့တဲ့နှစ်တွေက ဒီလိုဝန်ဆောင်မှုပေးဖို့ တိကျတဲ့ ဥပဒေမပြဋ္ဌာန်းရင်
မဖြစ်နိုင်ဘူးလို့ ဘဏ်တွေက ပြောနေပေမဲ့ အခုချိန်မှာ ဝန်ဆောင်မှုပေးဖို့ စတင် ပြင်ဆင်လာနေကြပါပြီ။
ဝန်ဆောင်မှုကို အသုံးပြုသူ များမယ်ဆိုရင် ဘဏ်တွေအချင်းချင်း အပြိုင်အဆိုင်စျေးကွက်ဖြစ်လာပြီး
အရစ်ကျ ငွေပြန်သွင်းချိန် ပိုမိုကြာမြင့်လာနိုင်ပါတယ်''ဟု ၄င်းက ပြောသည်။
ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်စေရန် နှစ်ရှည်ငွေပေးချေကာ အိမ်ရာဝယ်ယူနိုင်သော
စနစ်လိုအပ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ နှစ်ရှည်ငွေပေးချေစနစ်ဟု ခေါ်ဆိုနိုင်သော
နှစ် ၃ဝ ခန့်ကြာမြင့်အောင် အရစ်ကျ ငွေပေးသွင်းနိုင်သော အိမ်ရာ မရှိသေးကြောင်း ဦးနေမျိုးသူက
ပြောသည်။
''စင်ကာပူနိုင်ငံမှာ နိုင်ငံသား ၉ဝ ရာခိုင်နှုန်းကျော်က ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်ကြတာက နှစ် ၃ဝ၊
၃၅ နှစ်လောက် အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်တဲ့ စနစ်မျိုးကိုစင်ကာပူအစိုးရက အကောင်အထည်
ဖော်ထားလို့ပဲ။ တခြားနိုင်ငံတွေမှာလည်း နှစ်ရှည်အရစ်ကျ ပေးသွင်းနိုင်တဲ့ အိမ်ရာစနစ်မျိုးရှိပေမဲ့
လက်ရှိမြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ နှစ်ရှည်အရစ်ကျ ငွေပေးသွင်းဝယ်ယူနိုင်တဲ့ အိမ်ရာစနစ်မျိုးရှိဖို့
တိကျတဲ့မူဝါဒတွေ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။

နိုင်ငံတော်မှ တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို လက်ရှိကြာမြင့်ချိန်
ရှစ်နှစ်မှ အချိန်ပိုကြာမြင့်စွာ ချေးနိုင်ရန် စီစဉ်နေဆဲဖြစ်ပြီး ၁၅ နှစ်အထိ ချေးယူနိုင်ရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။
''တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချတဲ့အခါ ရှစ်နှစ်မှာ အိမ်ရာတန်ဖိုးကို အပြည့် မသွင်းနိုင်သူတွေရှိလို့
၁၅ နှစ်အထိ အရစ်ကျသွင်းနိုင်မယ့် အချိန်ကို ကြာမြင့်အောင် ဆောင်ရွက်သွားပါမယ်။ လက်ရှိအချိန်မှာ
အစိုးရဆီ စာတင်ထားပြီး ချေးငွေတောင်းထားဆဲဖြစ်ပါတယ်။ အစိုးရက ပေးမယ်လို့ စာကျလာမှ
ကျွန်တော်တို့က ၁၅ နှစ် အရစ်ကျစချေးပေးမယ်လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေနဲ့
ပြောလို့ရမှာပါ။ လက်ရှိအချိန်မှာ ဘယ်အချိန်ကစပြီး ၁၅ နှစ်အရစ်ကျ ချေးပေးမလဲဆိုတာကိုတော့
အတိအကျပြောလို့မရသေးပါဘူး''ဟု ၄င်းက ပြောသည်။
ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များဆောက်လုပ်သော အိမ်ရာများကို ဝယ်ယူလိုသူများအတွက်လည်း
အရစ်ကျစနစ်ဖြင့် ချေးငွေပေးနိုင်ရန် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
''လက်ရှိအချိန်မှာတော့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဆောက်လုပ်တဲ့ အိမ်ရာတွေကို
ဝယ်ယူလိုသူတွေအတွက် အရစ်ကျစနစ်နဲ့ ချေးငွေမပေးနိုင်သေးပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနက
လုပ်နေတဲ့ပုံစံအတိုင်း ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက မဆောင်ရွက်ပေးနိုင်သေးပါဘူး။
ပုဂ္ဂလိကလုပ်ငန်းရှင်တွေများမယ်ဆိုရင် တစ်ယောက်တစ်မျိုး ညှိနှိုင်းဆောင်ရွက်ရမှာတွေက များပါတယ်။
နောက်ပိုင်းမှာလုပ်ငန်းရှင်တွေနဲ့ပါ ညှိနှိုင်းပြီး သူတို့ဆောက်လုပ်ထားတဲ့ အိမ်ရာတွေ ဝယ်ယူဖို့ကိုလည်း
ကျွန်တော်တို့ဘဏ်က ချေးငွေပေးပေးမှာပါ''ဟု ဦးဝင်းဇော်က ပြောသည်။
အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူလိုသူများအတွက် နှစ်ရှည်ချေးငွေပေးရန် ဘဏ်များအနေဖြင့်
စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး တိကျသောမူဝါဒများ မပြဋ္ဌာန်းနိုင်သေးပါက နှစ်ရှည်အရစ်ကျ
ငွေချေးစနစ်မျိုးပေးရန် မလွယ်ကူသေးကြောင်းနှင့် လက်ရှိအချိန်တွင် အရစ်ကျ အိမ်ရာဝယ်ယူလို
သူများအတွက် ငါးနှစ်မှ ၁ဝ နှစ်အတွင်းပြန်ဆပ်နိုင်သော ချေးငွေပေးလျက်ရှိကြောင်း ကမ္ဘောဇဘဏ်မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
















