ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ

ပြန်လည်အသုံးချနိုင်မှု အားနည်းနေသေးသည့် ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၁၉၉၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောစာရင်းအရ
ရန်ကုန်မြို့တွင် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့်
သက်တမ်းရင့် အဆောက်အအုံ အရေအတွက်မှာ ၁၈၉ လုံး ဖြစ်သည်။

ထိုသို့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့်
ရှေးဟောင်းအဆောက်အအုံအများစုမှာ ကိုလိုနီခေတ်အဆောက်အအုံ အစိုးရရုံးများ၊
ဘာသာရေးအဆောက်အအုံများနှင့် ဘုရားစေတီများဖြစ်ပြီး ပုဂ္ဂလိကပိုင် လူနေ
အဆောက်အအုံများမှာ ပါဝင်ခြင်းမရှိပေ။

ရန်ကုန်မြို့လယ်ရှိ ကိုလိုနီခေတ် အစိုးရရုံးများ စိုက်ခဲ့သည့် အထင်ကရ အဆောက်အအုံများ
အတွက် ထိန်းသိမ်းခြင်းကို ယင်းအဆောက်အအုံများကို အသုံးပြုနေသည့် သက်ဆိုင်ရာ
ဝန်ကြီးဌာနများက ၄င်းတို့၏ အစီအစဉ်ဖြင့်သာ လုပ်ဆောင်နေရပြီး ပြုပြင်မွမ်းမံကာ
ပြန်လည်အသုံးချရေးကို တိုင်းဒေသကြီးအစိုးရများက ခေတ်အဆက်ဆက်မှစ၍ လက်ရှိ
အချိန်အထိ မပြုလုပ်နိုင်သည့်အခြေအနေဖြစ်သည်။

လက်ရှိတွင် အတွင်းဝန်များရုံးနှင့် မြန်မာ့မီးရထားရုံး အဆောက်အအုံများ စသော အထင်ကရ
အမွေအနှစ် အဆောက်အအုံများကို ပုဂ္ဂလိကကုမ္ပဏီများက လုပ်ပိုင်ခွင့်ရရှိထားသော်လည်း
ပြောင်းလဲမှုမှာ နှေးကွေးဆဲဖြစ်သည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံး ရှေးဟောင်းအဆောက်အအုံ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့မှ ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံကြီးများကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်မွမ်းမံပြီး အများပြည်သူ
ဝင်ထွက်သွားလာ လေ့လာနိုင်သည့် အနေအထားမျိုးအထိ လုပ်ဆောင်နိုင်ရန် စီစဉ်နေသော်လည်း
ငွေကြေးအခက်အခဲများ ရှိနေကြောင်း ပြောခဲ့သည်။

''ကျွန်တော်တို့ အများပြည်သူ ဝင်ထွက်သွားလာနိုင်မယ့် Public Area တွေ
ဆောင်ရွက်နိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေ တော်တော်များများ
ကျွန်တော်တို့မှာ ရှိပါတယ်။ အခုလောလောဆယ် တချို့နေရာတွေမှာ ဒါ အတွင်းဝန်များရုံး၊
ဒီအတွင်းဝန်များရုံးကို အနော်မာအုပ်စုကနေပြီးတော့ လုပ်ဖို့ရထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့က ကုန်ကျစရိတ်တွေ အရမ်းကြီးမားပြီးတော့ ပြန်ရဖို့က
တော်တော်လေးနည်းပါတယ်''ဟု ၄င်းက ဒီဇင်ဘာလအတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်
မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့လယ်၌ ပြန်လည်ပြင်ဆင်ကာ အသုံးပြုနိုင်မည့် အထင်ကရ အဆောက်အအုံ ၁၁
လုံးရှိပြီး ထိုအဆောက်အအုံများကို ပြန်လည်အသုံးပြုနိုင်ပါက ဒေသခံများ၏
စီးပွားရေးကောင်းမွန်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းနှင့် ခရီးသွားလုပ်ငန်းများ
တိုးတက်လာနိုင်ကြောင်း ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကရန်ကုန်မြို့ပြ
အမွေအနှစ် မဟာဗျူဟာအစီရင်ခံစာတွင် အကြံပြုဆွေးနွေးထားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT က အဆိုပါ
အထင်ကရအဆောက်အအုံ ၁၁ လုံးကို အမြန်ဆုံး အကောင်အထည်ဖော် ပြင်ဆင်နိုင်ပါက
တစ်လုံးချင်းစီ၏ အမွေအနှစ်ဆိုင်ရာ ထူးခြားမှု မြင့်မားစွာရရှိမည်ဖြစ်ပြီး
လက်တွေ့ပြနိုင်သော စီမံကိန်းများ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ YHT က အကြံပြုဆွေးနွေးထားသည့် အဆောက်အအုံ ၁၁ လုံးမှာ ယခင် ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝဇီရာရုပ်ရှင်ရုံ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊
ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးနှင့် ပင်စင်ဦးစီးဌာန၊ ယခင်အမေရိကန်သံရုံး၊
ဘော့သဇာအဆောက်အအုံ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ ယခင်မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လေမှုတ်စက်ရုံ၊ အစိုးရပုံနှိပ်စက်နှင့် စာပေဗိမာန် အဆောက်အအုံ
တို့ဖြစ်သည်။

အမွေအနှစ်များကို လက်ရာမပျက် ပြန်လည်ပြုပြင်ခြင်းသည် ဒေသခံများအတွက်
အလုပ်အကိုင်မျိုးစုံကို ဖန်တီးပေးသည့်အပြင် စီးပွားရေးလုပ်ငန်းငယ်များအတွက်လည်း
ဝင်ငွေတိုးစေနိုင်ကြောင်း YHT ကဆိုသည်။

ထို့ပြင် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ ရောြ>ွပမ်းတည်ရှိနေသည့်
ရန်ကုန်မြို့အတွက် ယင်းကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းမွမ်းမံကာ
ပြန်လည်အသုံးချနိုင်ခြင်းဖြင့် လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်းများက
ဒေါ်လာသန်းပေါင်းများစွာ ရရှိနိုင်သည့် အလားအလာရှိနိုင်ကြောင်းလည်း YHT၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အသုံးမချဘဲ သည်အတိုင်းရှိနေသည့် မြို့လယ်ရှိ
အထင်ကရ ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်မှုတွင် ငွေရေးကြေးရေး
အခက်အခဲများရှိနေသော်လည်း နိုင်ငံတကာကဲ့သို့ Non Profits Organization
အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ပြင်ဆင်မွမ်းမံပြီး အသုံးချနိုင်အောင်လုပ်ရန်
အစီအစဉ်ရှိကြောင်း ပြောခဲ့သည်။

''ကျွန်တော်တို့ ဒီမြို့လယ်မှာပဲ အတွင်းဝန်များရုံး၊ ဟိုတယ်ခရီးရုံးအဆောက်အအုံတွေရှိနေတယ်။
ဒါတွေကို နောက်ပိုင်းမှာ ပြန်ပြင်ပြီး ဒီအဆောက်အအုံတွေမှာ သွားလာနိုင်အောင် လုပ်ဖို့
ငွေရေးကြေးရေးကဏ္ဍအရ အခက်အခဲရှိပေမဲ့ အင်္ဂလန်မှာလို Summerset House
အဆောက်အအုံကို Non Profits Organizationတစ်ခုကနေ ဦးဆောင်ပြီး
ဆောင်ရွက်ပြင်ဆင်သလို ပုံစံမျိုးတွေကို ဒီက ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို
ဆောင်ရွက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ။ အောင်ခန့်/ မြန်မာတိုင်း(မ်)

အနော်မာအုပ်စုက ၂ဝ၁၂ ခုနှစ်က လုပ်ကိုင်ခွင့် ရရှိထားသည့်
အတွင်းဝန်များရုံးအဆောက်အအုံကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံပါက အမေရိကန်ဒေါ်လာ သန်း
၂ဝဝ ခန့် ကုန်ကျမည်ဖြစ်သည့်အတွက် ငွေကြေးအခက်အခဲများကြောင့် ပြင်ဆင်မွမ်းမံမှု
အချိန်အတိုင်းအတာမှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို ပုဂ္ဂလိက
ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပေးရာတွင် ပြုပြင်မွမ်းမံပြင်ဆင်မှုတိုင်းတွင်
ကုမ္ပဏီတစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် စိတ်တိုင်းကျ လုပ်ကိုင်ခွင့်မပေးဘဲ
အစိုးရအဖွဲ့နှင့် YHT ၏ လမ်းညွှန်မှုအောက်တွင်သာ လုပ်ဆောင်စေကြောင်း
ဦးဖြိုးမင်းသိန်းက ပြောသည်။

''ဒီအဆောက်အအုံကြီးက ရှေးဟောင်းအမွေအနှစ်တွေနဲ့ တကယ့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တွေ၊
သမိုင်းဟောင်းကြီးတွေရှိတဲ့အတွက် ဒါကို ပုဂ္ဂလိကုမ္ပဏီက ဆောင်ရွက်တဲ့နေရာတိုင်းမှာ
သူတို့လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ YHT နဲ့ အစိုးရအဖွဲ့က တင်းတင်းကျပ်ကျပ်
လုပ်ဆောင်ထားပါတယ်''ဟု ၄င်းက ပြောသည်။

YHT ကလည်း အမွေအနှစ်အဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ထူထောင်ရန်
လိုအပ်ကြောင်း အကြံပြုထားသည်။

အစိုးရအတွက် ဝင်ငွေရရှိစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ
ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး
အဆောက်အအုံများကို စီးပွားရေး၊ လူမှုရေးအရ အကျိုးရှိစွာ အသုံးချနိုင်စေမည့်
အဖွဲ့အစည်းတစ်ခု ထူထောင်ကာ ယင်းအဖွဲ့အစည်းကို အစိုးရနှင့် စီးပွားရေး
လုပ်ငန်းရှင်များအပါအဝင် ဘက်စုံပါဝင်သော ကော်မတီတစ်ရပ်ဖြင့်
ကြီးကြပ်နိုင်သည်ဟု YHT ၏ မြို့ပြအမွေအနှစ် မဟာဗျူဟာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်နိုင်ငံ အခြေစိုက် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ
ပြုပြင်မွမ်းမံရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Turquoise Mountain နှင့်ပူးပေါင်းကာ
ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းအဆောက်အုံများကို ရှေးမှုမပျက် ပြန်လည်ပြုပြင်ရန်
အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး ခွင့်ပြုခဲ့သည့် အဆောက်အအုံ အချို့ကို
ပြန်လည်ပြင်ဆင်မှုများရှိခဲ့သည်။

သို့သော် ရှေးဟောင်း အမွေအနှစ်အဆောက်အအုံအများစုမှာ ပြည်ထောင်စုအစိုးရအဖွဲ့က
တိုက်ရိုက်ကိုင်တွယ်မှုများ ရှိသည့်အတွက် အဆောက်အအုံများကို အစိုးရမဟုတ်သည့်
အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများက လုပ်ဆောင်လိုသည့် အခါများတွင်
လုပ်ကိုင်ခွင့်ရရှိရန် ခက်ခဲမှုရှိကြောင်းလည်း သိရသည်။

ထို့ပြင် လူနေရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်မှာလည်း
အိမ်ပိုင်ရှင်များအနေဖြင့် ကိုယ်ပိုင်ငွေစိုက်ထုတ်မှုဖြင့် အမွေအနှစ်တစ်ခုကို
ထိန်းသိမ်းရန်မှာမလွယ်ကူပေ။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ခန့်က လူနေရှေးဟောင်း
အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန် ပိုင်ရှင်များအား လိုအပ်သည့်
ငွေထုတ်ချေးပေးနိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က
ညှိနှိုင်းခြင်းများ ရှိခဲ့သည်။

သို့သော် ညှိနှိုင်းသည့် အဆင့်တွင်သာ ရှိနေခဲ့ပြီး လက်တွေ့ ငွေထုတ်ချေးပေးမှုများကို
မတွေ့ရသေးပေ။

ထို့ပြင် ရန်ကုန်မြို့ရှိ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေတစ်ရပ် ရှိသင့်သည်ဟု
ပညာရှင်များက တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ သီးသန့် ဥပဒေတစ်ရပ်မရှိဘဲ
၁၉၉၈ ခုနှစ်တွင် ရေးဆွဲခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးဥပဒေသာ
ရှိသေးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်