မြို့သစ်စီမံကိန်းတွင် အိမ်ရာများ အကောင်အထည်ဖော်ရန် စီမံကိန်း အစီအစဉ်အသေးစိတ်ကို
ယခုဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်းတွင် အစိုးရက အသေးစိတ်ထုတ်ပြန်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး
ဦးအေးလင်းက ပြောသည်။
''ကျွန်တော်တို့ဆီမှာ မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဟိုတုန်းက ပရိုပိုဆယ်ပဲ ရှိပါသေးတယ်။
အခုအစိုးရသစ် လက်ထက်မှာ သူတို့က ခုမှချပြမှာဆိုတော့ စီမံကိန်း အသေးစိတ်ကို
ခုထိ ကျွန်တော်တို့က မသိသေးပါဘူး။ ဒီမြို့သစ်စီမံကိန်းရဲ့ မာစတာပလန်က
နိုင်ငံတကာပညာရှင်အဖွဲ့အစည်းလေးခုနဲ့ တွဲလုပ်နေတယ်လို့ သိရပါတယ်။ ဒီစီမံကိန်းနဲ့
ပတ်သက်ပြီး စီမံကိန်းအသေးစိတ်ကို ဒီဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှာ လုပ်ငန်းရှင်တွေကို
အသေအချာချပြမယ်လို့ အစိုးရဘက်က ပြောပါတယ်''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြို့သစ်စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ရန်
ပြီးခဲ့သောလအတွင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ပြီး စီမံကိန်းများကို အကြမ်းဖျင်းချပြခဲ့ကြောင်း
၄င်းက ပြောသည်။
ထို့ပြင် ကုမ္ပဏီအမျိုးအစား မျိုးစုံကဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုလည်း မြို့သစ်စီမံကိန်း
အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်ရန် အစိုးရသစ်က မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ပြီးခဲ့သော သောကြာနေ့က ကျင်းပခဲ့သော
အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း ၄င်းက
ပြောသည်။
''မြို့သစ်စီမံကိန်းမှာ တန်ဖိုးနည်းအိမ်ရာတွေ ပိုမိုတည်ဆောက်နိုင်စေဖို့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်ဘက်ကနေ တတပ်တအားပါဝင်ဖို့ အစိုးရက ကျွန်တော်တို့ကို ဒီတွေ့ဆုံပွဲမှာ
ထပ်ဖိတ်ခေါ်ခဲ့ပါတယ်။ ကုမ္ပဏီတွေကို သူတို့အမျိုးအစားအလိုက် ကုမ္ပဏီ
သေးသေးလေးကအစ သူတို့လုပ်နိုင်တဲ့ အစီအစဉ်အတိုင်း ပြင်ဆင်ထားဖို့ ပြောပါတယ်''ဟု
၄င်းက ပြောသည်။
အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများကိုသာမက အသေးစားဆောက်လုပ်ရေးလုပ်ငန်းများကိုပါ
မြို့သစ်စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သည်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အနေဖြင့် ကြိုဆိုကြောင်း တော်ဝင်ဆောက်လုပ်ရေးလုပ်ငန်းက ဦးကိုကိုထွေးက ပြောသည်။
''ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ သုံးလေးလအတွင်းမှာ မြို့သစ်စီမံကိန်းကို
စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်လို့ ပြီးခဲ့တဲ့လက တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
စနစ်တကျ အကောင်အထည်ဖော်တဲ့ စနစ်နဲ့ လုပ်မယ်။ အားလုံးကိုလည်း ပူးပေါင်း
အကောင်အထည်ဖော်၊ ပါဝင်အကောင်ထည်ဖော်စေချင်တယ်လို့ ပြောပါတယ်။ အဲဒါ
တကယ်ကောင်းတဲ့ တင်ပြချက်ပါပဲ။ အရင်က မြို့သစ်စီမံကိန်းကို တစ်ယောက်တည်း
အကောင်အထည်ဖော်မယ်တို့၊ သုံးယောက်ပေါင်းပြီးပဲ အကောင်အထည်ဖော်မယ်တို့
ပြောခဲ့ပါတယ်။ အဲဒါက လက်ဝါးကြီးအုပ်ချင်တာလည်း ပါတာပေါ့''ဟု
၄င်းက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက မြို့သစ်
စီမံကိန်းတွင် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားရန် အသင်းဥက္ကဋ္ဌကြီးနှင့်တိုင်ပင်ပြီး
သေသေချာချာပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအေးလင်းက ပြောသည်။
လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ
တည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ဝင်များကြား အဓိကထား
ဆွေးနွေးလျက်ရှိကြောင်း ၄င်းက ပြောသည်။
''လက်ရှိအချိန်မှာတော့ ကျွန်တော်တို့က တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ဖို့ကို
ဦးစားပေးတင်ပြနေတာပေါ့နော်။ ရန်ကုန်အတွက်တင်မဟုတ်ဘဲ ပြည်နယ်နဲ့ တိုင်း အသီးသီးက
တန်ဖိုးနည်းအိမ်ရာတွေအတွက်ပါ။ စီမံဘဏ္ဍာဝန်ကြီးက ပြည်နယ်အသီးသီးက
တန်ဖိုးနည်းအိမ်ရာစီမံကိန်း မြေနေရာတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ချပြမယ်လို့
ပြောပါတယ်။ အဲဒီအိမ်ရာတွေ တည်ဆောက်ဖို့ ကျွန်တော်တို့တင်တဲ့ ပရိုပိုဆယ်မှာလည်း
ဒီဇိုင်းနဲ့ပတ်သက်ပြီး သူတို့လိုချင်တဲ့ ဒီဇိုင်း၊ ကျွန်တော်တို့ တင်တဲ့ဒီဇိုင်း ထပ်ညှိဦးမှာပါ။
ညှိပြီးမှ ဆက်လက်အကောင်အထည်ဖော်ဖြစ်မှာပါ''ဟု ၄င်းက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းအိမ်ရာများထက် တန်းဖိုးနည်း၊
တန်ဖိုးမျှတနှင့် တန်းဖိုးမြင့်အိမ်ရာများ အားလုံး ပေါင်းစပ်ထားသော Mixed use
စီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိုမိုအကောင်အထည်ဖော်လိုကြောင်း
၄င်းက ပြောသည်။
''ရန်ကုန်တိုင်းမှာ တန်ဖိုးနည်းဆိုတာတွေထက် ဝန်ကြီးက Mixed Use ပရောဂျက်စီမံကိန်းတွေကို
အကောင်အထည်ဖော် ဆောင်ရွက်ချင်ပါတယ်။ မြို့သစ်စီမံကိန်းတွေထဲမှာ အဲဒီလို မစ်ယုစ်တွေ
ပါဝင်မယ်လို့ သိရပါတယ်''ဟု ၄င်းက ပြောသည်။















