ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အင်တာဗျူး

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အင်တာဗျူး

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ အစိုးရသစ်လက်ထက်မှာ နောက်ဖေး
လမ်းကြားတွေ ရှင်းလင်းတာ၊ လမ်းဘေးစျေးသည်တွေကို ရွှေ့ပြောင်းပေးတာ၊ ညစျေးတွေ
ပေါ်ပေါက်လာအောင် အကောင်အထည်ဖော်တာ စတဲ့လုပ်ငန်းတွေကို တွန်းတွန်းတိုက်တိုက်
လုပ်ဆောင်လာတာ တွေ့မြင်ရပါတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့
စီမံကိန်းတွေကလည်း ရှိနေပါတယ်။

ဒီစီမံကိန်းတွေထဲက မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မယ့်အခြေအနေတွေ၊ ညစျေးတွေ
ထပ်ဖွင့်မယ့် အခြေအနေတွေ၊ မြကျွန်းသာထဲက အဆောက်အအုံတွေရဲ့ အခြေအနေတွေနဲ့
ပတ်သက်ပြီး မြန်မာတိုင်း(မ်)သတင်းဌာနက အကြီးတန်းသတင်းထောက် ရဲမွန်နဲ့ မြတ်ငြိမ်းအေးတို့က
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို ဇန်နဝါရီ ၁၃ ရက်က သူ့ရဲ့ရုံးခန်းမှာ သွားရောက်တွေ့ဆုံ
မေးမြန်းခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) ပြန်ပြင်ရေးဆွဲတဲ့ Master Plan
က ပြီးသွားပြီဆိုတော့ အဲဒီ Plan ကို စပြီးကိုင်တွယ်နေပြီလား သိပါရစေ။

JICA ရဲ့Master Plan ကျွန်တော်တို့က လက်ခံတာပဲ ရှိတယ်လေ။ တခြား Master Planတွေလည်း
ရှိသေးတယ်။ ကိုရီးယားက လုပ်တာလည်း ရှိသေးတယ်။ နောက်ပြီး စည်ပင်သာယာရေးကော်မတီက
လုပ်တဲ့ဖွံ့ဖြိုးရေး Master Plan ရှိတယ်။ နောက်ပြီး ရန်ကုန်တိုင်းအစိုးရကြီးက လုပ်တဲ့
ြေျအနမ ဏူညေ လည်း ရှိသေးတယ်။ အဲဒီတော့ Master Plan တွေက အများကြီးပဲ။ တကယ်တမ်းကျတော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလုပ်တဲ့ Master Plan ကိုပဲ အကောင်အထည်ဖော်ဖြစ်ဖို့
များမယ်။

တိုင်းဒေသကြီးအစိုးရက ရေးဆွဲထားတဲ့ လုပ်တဲ့ Master Plan က ဂျိုက်ကာနဲ့
ဘာကွဲပြားတာရှိမလဲ။

JICA က existing areaကိုပဲ သွားတယ်။ သူက ရှိတဲ့နေရာကိုပဲ ကောင်းအောင်လုပ်မယ်။
နှစ်ထပ်လမ်းတွေ ဆောက်မယ်။ ရထားလမ်းတွေဖောက်မယ်။ နောက် ရေသွယ်မယ်။ သူက
ချဲ့ထွင်ဧရိယာမပါလာဘူး။ ရန်ကုန်ရဲ့ အနောက်ဘက်ကမ်းတစ်ခုလုံးဟာကျတော့ JICA မှာ
မပါလာဘူး။ အဲဒီတစ်ချက်ကတော့ အဓိက ခြားနားသွားတယ်။ JICA က လမ်းပရိုဂရမ်တွေ
ဆွဲလိုက်လို့ရှိရင် လာမယ့် ၁ဝ နှစ် ၁၅ နှစ်အတွင်းမှာ လူဦးရေ နှစ်သိန်းခွဲလောက် ပိုပြီးတော့
လမ်းပန်းအသုံးပြုလာနိုင်တယ်လို့ ပြောတယ်။ လူဦးရေ နှစ်သိန်းခွဲဆိုတာ နည်းနည်းလေး။
နောင်လာမယ့် ငါးနှစ်လောက်ဆို လူဦးရေ ရှစ်သန်းလောက်တောင် ရန်ကုန်မှာ ဖြစ်လာနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ရွှေ့ပြောင်းတွေရှိတာကိုး။

အဲဒါဆို မြို့သစ်စီမံကိန်းတွေက တိုင်းဒေသကြီးအစိုးရရဲ့ Master Plan နဲ့ပဲသွားတဲ့
သဘောများလား။

မြို့သစ်စီမံကိန်းက တိုင်းအစိုးရ Master Plan။ မြို့သစ်စီမံကိန်းကို ဆွဲတာကတော့
စည်ပင်သာယာရေးအပါ ဆွဲတာပါ။ Greater Yangon ဆိုပြီးဆွဲတာ တစ်ခုရှိတယ်။ နောက်တစ်ခုက
ရန်ကုန်တိုင်းကဆွဲတာ နှစ်မျိုးဆွဲတယ်။ တစ်ခုကဘာလဲဆိုရင် လက်ရှိ ရှိပြီးသားနေရာတွေကို
ဖွံ့ဖြိုးအောင်၊ ဥပမာ မြို့လယ်ဧရိယာတို့ ဒီနေရာမှာ ရှေးဟောင်းအမွေအနှစ်တွေရှိတော့
နိုင်ငံခြားသား လည်ပတ်အောင် ဆွဲဆောင်နိုင်မယ်။ ရွှေတိဂုံဘုရားကိုလည်း တကယ့်အထင်ကရအဖြစ်
ဆွဲဆောင်နိုင်မယ်။

ဝန်ကြီးများရုံး၊ ဘဏ်လမ်းမှာရှိတဲ့ အဆောက်အအုံတွေက တော်တော်များများရှေးဟောင်း
အဆောက်အအုံတွေဆိုတော့ ဒီဟာတွေ ပြုပြင်ထိန်းသိမ်းပြီးတော့မှ အဲဒီအတွက်ကို
ရှိပြီးသားနေရာတွေကို ပြန်လည်မွမ်းမံတာရယ်။ နောက် မြို့ပြင်ဧရိယာတွေဖြစ်တဲ့
ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကို တစ်ပြိုင်တည်း တိုးချဲ့မှာရယ်။ အဲဒီနှစ်ခုကို တစ်ပြိုင်တည်း
စဉ်းစားရမယ်။ အဲဒါက ရန်ကုန်တိုင်းရဲ့ Master Plan ပဲ။

အနောက်ဘက်ကို တိုးချဲ့မယ်ဆိုတော့ အခု အကောင်အထည်ဖော်ဖို့ရှိနေတဲ့
အနောက်တောင်မြို့သစ်စီမံကိန်းအတွက် အများပိုင်ကုမ္ပဏီတွေ ဘယ်နှစ်ခုလောက်ဖွဲ့ဖို့
ရှိမလဲ။

အဲဒီစီမံကိန်းအတွက် ကျွန်တော်တို့ အများပိုင်ကုမ္ပဏီတွေ တော်တော်များများပေးမှာ။
လက်ရှိသုံးခုကလည်း သူတို့ကိုပေးပြီး သူတို့ဖွံ့ဖြိုးအောင် မလုပ်နိုင်ဘူးဆို မရဘူး။
ကျွန်တော်တို့ မြေကို ပေးလိုက်တယ်။ မြေပေးလိုက်ပြီးလို့ရှိရင် ဘယ်နှစ်နှစ်အတွင်းမှာ
ဘယ်လောက်ဖွံ့ဖြိုးမှုတက်လာရမယ်။ ဘာမှမဖြစ်လာဘူးဆိုရင် ဒီမြေကို ကိုယ်လည်းမလုပ်နိုင်ဘဲ
ယူလည်းယူထားတယ်။ စျေးလည်းတက်တယ်။ ဝယ်ချင်တဲ့လူ စျေးရပြန်ရောင်းမယ်ဆိုတဲ့
ခေတ်မျိုးက ကုန်သွားပြီ၊ လက်မခံ ချင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့
ဒါက လူတိုင်းလုပ်တတ်တယ်လေ။

တချို့ဆို မြေယူပြီးတော့ အကွက်ရိုက်ပြီးတော့တောင်မှ ဂရန်ထုတ်ပြီး ရောင်းတာရှိတော့
အဲဒါမျိုးတော့ မလုပ်သင့်ဘူးနဲ့တူတယ်။ ဒါတိုက်ရိုက်ရောင်းတာ ပိုမကောင်းဘူးလား။
လက်ပြောင်းလက်လွှဲနဲ့ရောင်းတော့ စျေးတွေတက်၊ အဲဒီလိုစျေးတွေတက်တော့ အိမ်ခြံမြေစျေးတွေက
တက်။ အိမ်ခြံမြေစျေးတွေတက်တော့ ဘာဖြစ်လဲဆိုတော့ စားဝတ်နေရေးမှာ သွားပိမယ်။

နေထိုင်မှုစရိတ်တွေတက်မယ်။ အများကြီးကို သွားထိတယ်။ မြေပေးထားတာက
ရုပ်ရှင်ရုံဆောက်ဖို့ဆိုရင် ရုပ်ရှင်ရုံဆောက်တာ အကောင်းဆုံး။ ဆေးရုံဆောက်ဖို့ဆို
ဆေးရုံဆောက်တာ အကောင်းဆုံး။ ဒါမှမဟုတ်ဘဲနဲ့ ဆေးရုံဆောက်ဖို့ပေးထားတဲ့မြေကို ပြီးတော့မှ
အကွက်ပြန်ရိုက်ပြီး ရောင်းလို့ရှိရင် သိပ်မဟုတ်သေးဘူး။

အများပိုင်ကုမ္ပဏီဖွဲ့မယ့် အစီအစဉ်ကရော ဘယ်လောက်ကြာဦးမှာလဲ။

ဒီစီမံကိန်းအတွက် ကုမ္ပဏီဖွဲ့တဲ့ကိစ္စတွေက သွားနေပါတယ်။ လုပ်ကိုင်နေတဲ့ အခြေအနေတွေပါ။
ဘယ်တော့လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ အခုကတည်းက စလုပ်နေကြပါပြီ။ တင်ဒါအောင်ပြီးသား
ကုမ္ပဏီသုံးခုကလည်း အများပိုင်ကုမဏီမှာ သူတို့လုပ်နိုင်ရင်လည်း ပါလို့ရပါတယ်။
လုပ်နိုင်ရင်ပါလေ။ ဒါကလုပ်နိုင်တဲ့သူတိုင်းကို ပါရမှာ။ ကုမ္ပဏီတိုင်းမှာ လုပ်ခွင့်ရတာတွေချည်းပဲ။
အဲဒီလုပ်ခွင့်ရတဲ့ သူတွေထဲမှာမှ လုပ်နိုင်တဲ့သူပါရင် တိုင်းပြည်အတွက်ပိုပြီးတော့ အကျိုးရှိပါတယ်။

ညစျေးနဲ့ပတ်သက်ပြီး ၅၂ လမ်းမှာလည်း ထပ်လုပ်ဖို့ရှိတယ်ပေါ့နော်။ ဒါပေမဲ့
လတ်တလောဖြစ်နေတဲ့
စျေးသည်တွေနဲ့ စည်ပင်ဝန်ထမ်းတွေကြားမှာရှိတဲ့ ပဋိပက္ခတွေ
ရှိတာတွေကို
မြို့တော်ဝန်တစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ ကြိုးစားထားပါသလဲ။

လမ်းလေးတစ်ကြောင်းပဲရွေး မှန်ကန်တဲ့လမ်း စျေးမရောင်းရဘူးဆိုတဲ့လမ်းကို ရောင်းဖို့သင့်လား၊
မသင့်လား။ လုပ်သင့်လား၊ မလုပ်သင့်လား အရင်စဉ်းစား။ သူ့ဘာသာသူ နှစ်ပေါင်း
လေးငါးခြောက်နှစ်ကတည်းကကို တက်ရောင်းနေပေမဲ့ စည်းနဲ့ကမ်းနဲ့ ထားမယ်ဆိုရင် တိုးတက်ချင်တယ်။
ပြောင်းလဲချင်တယ်။ လမ်းက လမ်းနဲ့တူချင်တယ်၊ ပလက်ဖောင်းက ပလက်ဖောင်းနဲ့ တူချင်တယ်ဆိုရင်
ဘာလုပ်မလဲ။ အရင်ကအတိုင်း လမ်းပေါ်ပြန်ရောင်းခွင့်ပေးမလား။ ပေးရင်တော့
အရင်အတိုင်းပဲပြန်ဖြစ်မယ်။ ကျွန်တော်တို့ စျေးရောင်းဖို့ နေရာကို ပြန်လုပ်ပေးပါတယ်။
ဒီပြဿနာကြီးက အရင်တုန်းက လေဟာပြင်စျေးဆိုတာရှိတယ်။ ဒီလိုလေဟာပြင်စျေးတွေ လုပ်ပြီးတော့
အဲဒီနေရာတွေ ယူပြီးတော့ လူတွေက ကိုယ်ကျိုးစီးပွားအတွက် တိုက်တွေဆောက်တယ်။

ပြီးတော့ ကျန်တဲ့လူတွေကိုတော့ သွားချင်ရာသွားဆိုတော့ လမ်းမပေါ် ရောက်လာကုန်ရော။
လမ်းပေါ်ရောက်တော့ လမ်းမကရောင်းပိုင်ခွင့် ရှိတဲ့နေရာ၊ အဲဒါကြောင့် မဖယ်နိုင်ဘူးဆိုတဲ့
အခွင့်အရေးမျိုး နိုင်ငံသားအခွင့်အရေးအနေနဲ့ ထားသင့်မထားသင့်။ တကယ်တမ်းကျတော့
မထားသင့်ဘူး။ တစ်ဖက်က ဒီမှာမှ မရောင်းရရင် ဘယ်နေရာသွားရောင်းရမလဲဆိုတဲ့ ကိစ္စမျိုး
မေးလာရင် အဲဒါကြောင့် ကျွန်တော်တို့ နေရာတစ်ခု ဖန်တီးပေးလိုက်တယ်။

အဲဒါကို လမ်းပေါ်မှာပဲ ရောင်းမယ်ဆိုရင်တော့ မရဘူး။ စျေးသည်တွေအနေနဲ့လည်း
စိတ်ဓာတ်လေးတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ချည်းပဲ ပြောင်းလဲနေလို့
မရပါဘူး။ ပြည်သူပါ ပါမှရမှာပါ။

ညစျေးကို အခု ဒုတိယမြောက် ထပ်လုပ်မယ့် ၅၂ လမ်းအပြင် နောက်ထပ် ထပ်လုပ်ဖို့
အစီအစဉ်ရှိလား။

လုပ်ရမယ်။ လုပ်ရမယ်ဆိုတာ အခုက ကော်မတီကနေ စပြီးတော့မှဦးစီးပြီး ကြီးကြပ်လုပ်နေရတယ်။
တကယ်တမ်းကျတော့ စည်ပင်သာယာမှာလည်း ဒီလုပ်ကိုင်မှုက အားနည်းနေတာမှန်တယ်။
မြို့နယ်စည်ပင်အရာရှိဝန်ထမ်းတွေ ချထားပေးတယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ချထားတယ်။
ဌာနမှူးတွေ ရှိတယ်ကွာ။ ဒါပေမဲ့ ညစျေးတစ်ခုအတွက်တောင် မလုပ်နိုင်ကြဘူး။ တစ်နည်းအားဖြင့်
စည်ပင်သာယာက ခိုသလိုဖြစ်မနေဘူးလား။ အဲဒါလည်း ကျွန်တော်ပြန်ဆန်းစစ်မယ်။

စည်ပင်သာယာကို ပြန်ဆန်းစစ်မယ်ဆိုတော့ ဒေါ်စုက စင်ကာပူခရီးစဉ်အပြီးမှာ
စည်ပင်သာယာရေးရဲ့
ဖွဲ့စည်းပုံနဲ့ ၁၉၂၂ စည်ပင်သာယာရေး အက်ဥပဒေကို ပြုပြင်ဖို့
ပြောထားတာရှိတဲ့အနေအထားမှာ
အဲဒါနဲ့ပတ်သက်ပြီး မြို့တော်ဝန်ဘက်ကရော
ဘာတွေစလုပ်နေပြီလဲ။

ကျွန်တော်တို့ဆီ တရားဝင်စာဝင်လာလို့ ကျွန်တော်တို့ စလုပ်နေပါပြီ။ စည်ပင်မှာ ၁၉၂၂ ခု
စည်ပင်သာယာရေး ဥပဒေရှိတယ်။ အဲဒီ စည်ပင်သာယာရေးဥပဒေကို အခြေခံပြီး ဆွဲထားတာ ၂ဝ၁၃
ဥပဒေဆွဲပြီးပြီ။ သို့သော်လည်း ပြီးပြည့်စုံလားဆိုတော့ မပြီးပြည့်စုံသေးဘူး။
တကယ်တမ်းကျတော့ ဘာမှကို မပြည့်စုံဘူး။ အဲဒီ ၂ဝ၁၃ ဥပဒေထဲမှာ အိမ်ရာနဲ့
ရွေးကောက်ပွဲအတွက်လောက်ပဲ ပါတယ်။ ကျန်တာဘာမှမပါဘူး။ တော်တော်ကြီးကို
ကသောင်းကနင်းဖြစ်သလိုပဲ နေလာခဲ့တာဆိုတော့ ဒီပေါ်မှာထပ်ပြီးတော့ ဆက်သွားနေလည်း ဘာလုပ်လုပ်
အားနည်းချက်က ပါနေဦးမှာပဲ။ နိုင်ငံတော်အတိုင်ပင်ခံ အနေနဲ့ ဟိုမှာချိတ်လာခဲ့တယ်။

သူတို့ကလည်းကျွန်တော်တို့ဆီက ၁၉၂၂ ဥပဒေကိုယူပြီး သူတို့ဆီမှာ ကျင့်သုံးပြီးသွားတော့
တော်တော်ကြီးကို အောင်မြင်နေတယ်။ အဲဒီတော့ သူတို့က အခုကူညီမယ်လို့ပြောတယ်။ ဒါပေမဲ့ သူတို့
ဥပဒေ ပြန်ပြင်ရေးဆွဲမှာမဟုတ်ပါဘူး။ သူတို့ကူညီမှာပါ။ ပြန်ပြင်ရေးဆွဲမယ့်အထဲမှာ
စည်ပင်သာယာက ပညာရှင်တချို့ ပါမယ်။ နိုင်ငံခြားသားပညာရှင်တွေ အကြံပေးမယ်။ ပြည်တွင်းက
ပညာရှင်တွေရှိမယ်။ ကျွန်တော်တို့ စဆွဲနေပါပြီ။ ဆွဲပြီးတိုင်းကိုလည်း ထပ်ပြီးတော့
ပညာရှင်တွေကိုချပြမယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ချပြမယ်။

ပြည်သူတွေကိုလည်း ချပြမယ်။ အဓိကက ပြည်သူလူထုပေါ့။ သူတို့ ချပြလို့ သဘောတူတယ်ဆိုရင်
ဆက်သုံးမယ်။ မတူသေးဘူးဆိုရင် အဆင်မပြေတဲ့ အချက်တွေပေါ်မှာ ညှိနှိုင်းပြီး ပြင်ဦးမယ်။
အားလုံးဆွဲတာ ပြီးပြည့်စုံသွားပြီဆိုရင်တော့ ဒါကို အသုံးပြုသွားမယ်။

အထပ်မြင့်တွေကို စိစစ်တဲ့နေရာမှာ အရင်မူဝါဒတုန်းက စိစစ်ရေးကော်မတီဖွဲ့ပြီး အလုံး ၁ဝဝ
ကျော်ကို စိစစ်ခဲ့တယ်။ အသစ်လာမယ့် အထပ်မြင့်တွေကိုရော ဘယ်လိုမူဝါဒနဲ့
ဆက်သွားမလဲဆိုတာ
သိပါရစေ။

မူဝါဒအသစ်မထွက်ခင် အဟောင်းနဲ့ပဲသွားရမယ်။ မြို့တော်ဝန်တစ်ယောက်အနေနဲ့ပြောရရင်
ငါ့လက်ထဲရောက်လို့ ငါလျှောက်ပြင်တယ်ဆိုတာမျိုး မလုပ်ရဘူး။ အသစ် သတ်သတ်မှတ်မှတ်
မထွက်သေးရင် အဟောင်းက အကောင်းဆုံးပဲ။ အခုပြဿနာက ရွှေတိဂုံဘုရားလို
ဧရိယာမျိုးမှာဆိုရင် အထပ်မြင့်ဆောက်ရင် အမြင်အရမသင့်တော်တဲ့အတွက်
ကန့်သတ်ထားတာရှိတယ်။

လွတ်ကင်းတဲ့နေရာမျိုးတွေမှာဆိုရင် အထပ်မြင့်ကို ပိုတောင်အားပေးသေးတယ်။ အထပ်မြင့်က
ပိုကောင်းတယ်။ မြေက ရှားသွားပြီလေ။ မြို့သစ်မှာဆိုရင် အထပ်မြင့်တွေ ပိုတောင်သွားဦးမယ်။
ဘာလို့ အလုံး ၁ဝဝ ကို စစ်ခဲ့လည်းဆိုတော့ အရင်အစိုးရလက်ထက်က
ချထားတဲ့မူအတိုင်းတကယ်လုပ်မလုပ်ကိုပဲ စစ်တာပါ။ အစိုးရသစ်မူနဲ့ စစ်တာမဟုတ်ပါဘူး။

မြကျွန်းသာမှာရှိတဲ့ ဆောက်လက်စ အဆောက်အအုံတွေကိုရော ဘယ်လိုဆက်လုပ်မလဲ။

အဲဒါတွေကို ရပ်ထားတယ်။ ဘာလို့လည်းဆိုတော့ ဒို့မြန်မာတွေလောက်ဆိုးတာ
ဒို့မြန်မာတွေပဲရှိတယ်။ နိုင်ငံတကာမှာဆိုရင် ရေကန်အလှကို ကြည့်ချင်လို့ ကန်ဘက်ကို
မျက်နှာပေးတယ်။ ကျွန်တော်တို့က ပြောင်းပြန်။ ကန်ရှိရင် နောက်ဖေးချပြီးတော့
အိမ်သာပါတွဲဆောက်ထားတယ်။ မြကျွန်းသာက အဲဒီလိုပုံစံမျိုးဖြစ်နေတယ်။ ကန်ပျက်စီးတော့
ဖျက်ခိုင်းထားတယ်။ ဒီဇိုင်းအသစ်နဲ့ ပြန်တင်ခိုင်းဖို့ စဉ်းစားနေတယ်။ ပေ ၅ဝ၊ ပေ ၁ဝဝ
ခွာပြီး ဆောက်သင့်တယ်။ အိမ်သာကိုလည်း ရေစစ်ကန်နဲ့ယူပြီး ပြန်လုပ်ပေါ့။

မတော်တဆ ကန်ထဲရောက်သွားရင် အင်းလျားကန်ကြီး နှမြောဖို့ကောင်းတယ်။
သူတို့လည်း မနစ်နာစေရပါဘူး။ အဆောက်အအုံတစ်ခုဆို ကန်ထဲတောင်ဆင်းနေပြီ။
အခုချိန်မှာတော့ ငါတို့လည်း မအားသေးတဲ့အတွက် မလုပ်ပေးနိုင်သေးပါဘူး။
တခြားအရေးကြီးတာတွေ အများကြီးရှိသေးတယ်။ သူတို့မှားထားတာကို မလုပ်သေးဘူးလား
ထအော်ရင် မလုပ်ပေးသေးဘူးပေါ့။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်