ပြုပြင်တည်ဆောက်မှုတွေ လိုအပ်နေသေးတဲ့ ရန်ကုန် မြို့က လူသွားလမ်းများ

ပြုပြင်တည်ဆောက်မှုတွေ လိုအပ်နေသေးတဲ့ ရန်ကုန် မြို့က လူသွားလမ်းများ

ရန်ကုန်မြို့၏ မြို့ပြပြောင်းလဲမှုစနစ်တွင် မညီမညာ ကျိုးပဲ့ ညစ်ပတ်နေသည့်
လမ်းဘေးပလက်ဖောင်းများက ပြောင်းလဲရန် ကျန်ရှိနေသေးလျက်ရှိသည်။

အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
၄င်းတာဝန်ယူမှုကာလအတွင်း စနစ်ပျက်နေသည့် ရန်ကုန်မြို့ကြီးကို ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်သွားမည်ဟု ဆိုခဲ့သည့်အတွက် ရန်ကုန်မြို့၏ ယိုယွင်းနေသည့် လမ်းများနှင့်
ပလက်ဖောင်များကိုလည်း ပြောင်းလဲသွားအောင် ပြင်ဆင်ပေးမှုများထဲတွင် ပါဝင်ရန်
လိုအပ်လျက်ရှိသည်။

ရန်ကုန်မြို့၏ လူသွားလမ်း ပလက်ဖောင်းများတွင် လူအများ ကောင်းမွန်စွာ အသုံးမပြုနိုင်ဘဲ
ယိုယွင်းပျက်စီးနေခြင်းများ၊ အမှိုက်သရိုက်များဖြင့် ညစ်ပတ်နေခြင်းများ၊ သက်ကြီးရွယ်အိုများနှင့်
ကလေးသူငယ်များအတွက် အဆင်ပြေပြေ သွားလာနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ထို့ပြင် လူသွားလမ်းများပေါ်တွင် မီးစက်များ၊ လမ်းပေါ်တိုးချဲ့ စိုက်ပျိုးထားသော
သစ်ပင်ပန်းအိုးများ၊ ထိန်းချုပ်မှုမရှိ စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ၊
စည်းကမ်းမရှိ ဖွင့်လှစ်ထားသော ဆိုင်ငယ်လေးများကလည်း နေရာယူထားကြပြန်သေးသည်။

လမ်းလျှောက်သူများ မကြာခဏချော်လဲနိုင်သည့် ပေါက်ကွဲစုတ်ပြတ်နေသော လမ်းမျက်နှာပြင်
အနေအထားများနှင့် လမ်းပေါ်တွင် အပေါက်ကြီး၊ အပေါက်ငယ်များကို လူသွားလမ်းတစ်လျှောက်
မြင်တွေ့နေခဲ့ရသည်မှာ နှစ်များစွာကြာခဲ့သော်လည်း ယခုအချိန်ထိ ပြောင်းလဲပြင်ဆင်မှု
နည်းပါးနေဆဲပင်ဖြစ်သည်ဟု ပညာရှင်များကလည်းထောက်ပြမှုများရှိခဲ့သည်။

ထိုလူသွားလမ်းများကို အစိုးရက ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိနေသော်လည်း
ပျက်စီးမှု အတိုင်းအတာနှင့် ပြင်ဆင်ခြင်းမှာ မမျှတသည့်အတွက် အချို့နေရာများတွင်
အပျက်အစီးများ များပြားနေဆဲဖြစ်သည်။

ရန်ကုန်မြို့၏ လမ်းများ ပြင်ဆင်ထိန်းသိမ်းမှုအပိုင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ကိုင်တွယ်ခြင်းဖြစ်ပြီး လမ်းများ၊ ပလက်ဖောင်းများ ပြင်ဆင်မှု
အသုံးစရိတ်သည်လည်း နှစ်အလိုက် ဘတ်ဂျက်ခွဲဝေမှုဖြင့် အသုံးပြုလျက်ရှိသည်။

''ပလက်ဖောင်းပျက်နေရင် ကျွန်တော်တို့ဆီ စာတင်လိုက်၊ စာတင်လိုက်ရင် အဲဒါကို
သွားကြည့်ပြီး ကျွန်တော် ချက်ချင်းပြင်ခိုင်းပါတယ်။ စည်ပင်ရဲ့ လတ်တလော သုံးငွေတွေထဲကပဲ
ပြင်ခိုင်းတယ်။ ချက်ချင်းမပြင်လို့ မရဘူး။ ပြင်ပြီးတော့ ပြန်စစ်ပြီးမှ ဘတ်ဂျက်ပြန်သတ်မှတ်၊
ကျွန်တော်တို့ဘက်က ပလက်ဖောင်းတွေ ပျက်စီးတာနဲ့ ပတ်သက်ရင်တော့ အဲဒီလို
ဆောင်ရွက်ပေးပါတယ်''ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြန်မာတိုင်း(မ်)ကို
ပြန်လည်ဖြေကြားခဲ့သည်။

မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်မြို့ လမ်းစနစ်များကို ပြန်လည်ပြုပြင်မှုများတွင်
လူသွားလမ်းပလက်ဖောင်း ပြင်ဆင်မှုများလည်း ပါဝင်မည်ဖြစ်ပြီး ပြင်ဆင်မှုများလည်း
လုပ်ဆောင်နေသည်ဟု ပြောသည်။

''ပလက်ဖောင်းပြင်ဆင်မှုအပိုင်းက လမ်းပြင်ဆင် ဆောက်လုပ်တာတွေ၊ ကားပါကင်တို့
ရေတူးမြောင်းလုပ်တာတို့နဲ့ တစ်ဆက်တည်း တွဲပါသွားတယ်။ လမ်းကို ပြင်တာနဲ့ ပလက်ဖောင်းပါ
ပါသွားပြီဆိုတော့ ကျွန်တော်တို့ ဒီစနစ်ကို ပြန်ပြင်မှာပါ။ ပြန်ပြင်နေပါတယ်။ ပလက်ဖောင်းက
ပေါက်နေတယ်ဆို ကျွန်တော်တို့က ချက်ချင်းပြင်ပေးမှရမှာပါ။ ဒါကို တင်ပြပြီး နောက်နှစ်
ဘတ်ဂျက်တွေထိ စောင့်လို့မရပါဘူး''ဟု ၄င်းက ပြောသည်။

သို့သော် လက်ရှိအချိန်ထိ ပျက်စီးယိုယွင်းနေသော လူသွားလမ်းများရှိနေပြီး လမ်းသွားလမ်းလာများ၏
နေ့စဉ် ဖြတ်သန်းသွားလာနေမှုတွင် အဆင်မပြေမှုများ တွေ့ကြံုနေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့
နေထိုင်သူတစ်ဦးက ပြောသည်။

''ကျွန်မကတော့ အိမ်နဲ့ရုံး နီးတော့ ကားမစီးဘဲ လမ်းပဲလျှောက်ဖြစ်တယ်။ ဒါပေမဲ့ လမ်းလျှောက်တော့လည်း
လမ်းပလက်ဖောင်းတွေက ကျိုးပဲ့ပျက်စီးနေပြီး မကောင်းလို့ ချော်လဲမှာစိုးရိမ်ပြီး ကောင်းကောင်းလျှောက်လို့
မရဘဲ အချိန်တွေပိုကြာနေလို့ စိတ်ညစ်ရတယ်''ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဗိုလ်တထောင်မြို့နယ်သို့
နေ့စဉ် ရုံးတက်နေသည့် မသန္တာထွန်းက ပြောသည်။

ရုံးနှင့် အိမ် နီးစပ်သောနေရာများတွင် နေထိုင်သူများအနေဖြင့် မော်တော်ယာဉ်များစီးကာ အိမ်ပြန်ခြင်းထက်
လမ်းလျှောက်ကာ ရုံးတက်ရုံးဆင်း ပြုလုပ်ခြင်းကို ပိုမိုပြုလုပ်လိုကြသော်လည်း မြို့လယ်ကောင်
တစ်ဝိုက်တွင်ပင် လူအများ လမ်းလျှောက်ရန် ကျဉ်းမြောင်းသော လူသွားလမ်း ပလက်ဖောင်းများကြောင့်
အခက်တွေ့နေရကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့ ကုန်သည်လမ်းမကြီးပေါ်ရှိ လူသွားလမ်းပလက်ဖောင်း ပြုပြင်နေသည့်မြင်ကွင်းတစ်နေရာကို တွေ့ရစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

ရန်ကုန်မြို့တွင် သန့်ပြန့်ညီညာပြီး လမ်းလျှောက်သူများအတွက် အရိပ်ရကာ ဝှီးချဲများ၊ ကလေး
လက်တွန်းလှည်းများနှင့် သွားလာသူများအတွက်ကိုပါ အလွယ်တကူသွားလာနိုင်မည့် ပလက်ဖောင်းများ၊
လူသွားလမ်းများ ရန်ကုန်မြို့တွင် လိုအပ်နေသေးကြောင်း ပန်းဘဲတန်းမြို့နယ် အထက်တန်းပြ
ကျောင်းဆရာမ ဒေါ်ကျော့သီတာက ပြောသည်။

''ပလက်ဖောင်းမျက်နှာပြင်တွေက မညီမညာ မြင့်လိုက်နိမ့်လိုက်တွေဖြစ်ပြီး ပျက်စီးတဲ့နေရာတွေကလည်း
ပျက်စီးနေတာတွေရှိတော့ လမ်းလျှောက်သူတွေအတွက် အဆင်မပြေလို့ ကလေးငယ်တစ်ယောက်နဲ့
အတူ လမ်းလျှောက်မယ်ဆိုရင် ကလေးချော်လဲမှာ စိုးရိမ်နေရပြီး ကားပဲ စီးလိုက်ရတာတွေရှိတယ်။
မြို့ထဲမှာဆို နီးနီးနားနားလေးကိုတောင် ကားလမ်းကျပ်တော့ ကားမစီးဘဲ လမ်းလျှောက်သွားရမယ်ဆို
ပိုအဆင်ပြေတာပေါ့၊ ကျန်းမာရေးအတွက်လည်း ပိုကောင်းတာပေါ့။ ဒါပေမဲ့ ပလက်ဖောင်းတွေက
အဲဒီလို လမ်းလျှောက်ချင်စိတ်တောင် မရှိဘူး''ဟု ၄င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သောအစိုးရလက်ထက်တွင် လူသွားလမ်းများကို ဖယ်ရှားကာ လမ်းပေါ်တွင်
ယာဉ်ရပ်နားရန် နေရာများ ဖန်တီးခဲ့သည့်အတွက်ကြောင့်လည်း လူသွားလမ်းနေရာများ
ပျောက်ခဲ့ရသည်။ လူသွားလမ်းနေရာများ မရှိသလောက် ရှားပါးနေသော လမ်းမကြီးများထက်တွင်
ကျူးကျော်ဖွင့်လှစ်ထားသော ဆိုင်ငယ်များကြောင့်လည်း မြို့လယ်ကောင်နေရာများတွင်ပင်
လမ်းသွားသူများမှာ လမ်းမများပေါ်မှ မဖြစ်မနေသွားလာနေရကြောင်း ၄င်းက ပြောသည်။

''လူသွားလမ်းမရှိတာက မြိုလယ်ကောင် မှာကို တော်တော်ဆိုးဝါးပါတယ်။ လမ်းသွားလမ်းလာသူတွေ
အတွက် သန့်ပြန့်ညီညာတဲ့လျှောက်လမ်းတွေ မရှိတာကလည်း ရန်ကုန်မြို့ရဲ့ မြို့ပြလက္ခဏာကိုလည်း
ထိခိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလို လမ်းသွားသူတွေအတွက် အရိပ်ရမယ့်အပင်တွေ၊
နားနေနိုင်မယ့် ထိုင်ခုံတွေပါ ထားပေးနိုင်ရင် ကောင်းတာပေါ့''ဟု ၄င်းက ပြောသည်။

မိုးတွင်းကာလများတွင် ကျဉ်းမြောင်းသော ရေဆိုးမြောင်းများအပြင် လမ်းမျက်နှာပြင်တစ်လျှောက်
ကွန်ကရစ်များ လောင်းထားသည့် ပလက်ဖောင်းများကြောင့် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပြီး ရွှံ့ဗွက်များ
ထကာ လမ်းသွားလမ်းလာသူများအတွက် လမ်းလျှောက်ရန် အခက်အခဲနှင့် ရင်ဆိုင်ရကြောင်း
ဦးစိန်အောင်က ပြောသည်။

ရန်ကုန်မြို့ရှိ လမ်းများကို ပိုမိုကောင်းမွန်လာစေရန် ပုံစံ ပြန်လည်ရေးဆွဲသင့်ကြောင်းနှင့်
ရန်ကုန်မြို့လယ်တွင် ယာဉ်များ ကြံုသလိုရပ်နားခြင်းကို တားမြစ်သင့်ပြီး လမ်းသွားလမ်းလာများ
အတွက် လုံလောက်သော နေရာများပေးကာ စျေးသည်များကိုလည်း လမ်းလျှောက်သွားလာနိုင်မှု
မထိခိုက်စေဘဲ စီးပွားရေး ဆက်လက်လုပ်ကိုင်နိုင်စေရန် စီမံကွပ်ကဲသင့်ကြောင်း ရန်ကုန်မြို့ပြ
အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သော ရန်ကုန်မြို့ပြအမွေအနှစ်
မဟာဗျူဟာတွင် တိုက်တွန်းထားသည်။

လျှောက်လမ်းများ အများဆုံး အသုံးပြုနေသော နေရာများနှင့် အဆင့်မြှင့်တင်ရန် လိုအပ်သော
နေရာများကို ဖော်ထုတ်ရန်အတွက် လက်ရှိလျှောက်လမ်းများနှင့် ၄င်း တို့၏ အရည်အသွေးများကို
သုံးသပ်ရန်နှင့် မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကဲ့သို့သော အဓိကလမ်းမများရှိ
လျှောက်လမ်းများကို ပြန်လည်တိုးချဲ့ပေးရန် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့က ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်