အိမ်ရာငွေစုစာအုပ် ရှိသူများကို တန်ဖိုး နည်း အခန်း ၆ဝဝ ကျော် စတင်ရောင်းချ

အိမ်ရာငွေစုစာအုပ် ရှိသူများကို တန်ဖိုး နည်း အခန်း ၆ဝဝ ကျော် စတင်ရောင်းချ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာငွေစုအကောင့် ဖွင့်ထားသူများက
အခန်းတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း ငွေစုထားရှိသူများကို ကနဦးအနေဖြင့် ရောင်းချခြင်းဖြစ်ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်သည့် ရွှေလင်ပန်း၊ ယုဇနနှင့် ကနောင်
တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း ၆ဝဝ ကို စတင်ရောင်းချပေးခြင်းဖြစ်သည်။

''ကျွန်တော်တို့ ဒီဘဏ်မှာ အိမ်ရာငွေစုအကောင့်ဖွင့်ပြီး ငွေစုရင် တန်ဖိုးနည်းအခန်းတွေကို
ဦးစားပေးရောင်းတဲ့အထဲ ပါမယ်ဆိုလို့ ကျွန်တော်တို့ စုခဲ့တာပါ။ အခု အခန်းရဲ့ ၃ဝ
ရာခိုင်နှုန်းပြည့်တော့ ကျွန်တော်တို့ လိုချင်တဲ့အိမ်ရာက အခန်းကို လျှောက်ခဲ့ပါတယ်။
ကျွန်တော်တို့ အခန်းကတော့ မြေညီထပ်လျှောက်ထားပေမဲ့ အခု အပေါ်လွှာတွေပဲ ရပါတယ်။
ဘာပဲဖြစ်ဖြစ် ရတဲ့အခန်းပဲ ယူရမှာပေါ့''ဟု ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာတွင်
အခန်းဝယ်ယူရရှိသူတစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း ၄င်းတို့ဘဏ်တွင် အိမ်ရာစုဆောင်း
ငွေစာရင်း (Housing Savings Account) ဖွင့်လှစ်၍ တိုက်ခန်းတန်ဖိုး ၃ဝ ရာခိုင်နှုန်း
ပြည့်မီအောင် စုဆောင်းထားသူများ၏ စာရင်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့
အပတ်စဉ် ပေးပို့လျက်ရှိကြောင်း CHD ဘဏ်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တိုက်ခန်းများရောင်းချသည့်အခါတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက
ချမှတ်ထားသည့် မူဝါဒများအတိုင်း ငွေစုစာရင်းတွင် ပြည့်မီသူများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနက စိစစ်ရောင်းချပေးခြင်းဖြစ်သည်။

ထိုသို့ရောင်းချရာတွင် ယခင်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သည့် မဲနှိုက်စနစ်ဖြင့်
ရောင်းချခြင်းမဟုတ်ဘဲ အချက်အလက်နှင့်ပြည့်စုံသူများကို ဦးစားပေး ရောင်းချခြင်းဖြစ်ပြီး
ယင်းသို့ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်ဆောင်ရွက်သည့်အချိန်တွင် လစ်ဟာမှုများရှိခဲ့ပါက
ဝယ်ယူသူများက ထောက်ပြ၊ဝေဖန်၊ အကြံပြုပေးရန်လည်း ဘဏ်က ဖိတ်ခေါ်ခဲ့သည်။

တိုက်ခန်းဝယ်ယူခွင့် ကျန်ရှိနေသူများကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
ဆက်လက်အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်းများတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး
လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာငွေစုအကောင့်
ဖွင့်လှစ်ထားသူဦးရေ ၅,ဝဝဝ ခန့်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်