နေကမ္ဘာမြန်မာ ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်သည့် ရွိုင်ရယ်မောင်ဗမာ
(Royal Maung Bamar)ကွန်ဒိုမီနီယံကို အထူးအရောင်းပြပွဲပြုလုပ်ခဲ့ရာ ငွေကျပ် ၄ ဒသမ ၃
ဘီလျံကျော် ရောင်းချနိုင်ခဲ့ကြောင်း iMyanmarHouse.com က သတင်းထုတ်ပြန်ခဲ့သည်။
ရွိုင်ရယ်မောင်ဗမာကွန်ဒိုသည် လှိုင်မြို့နယ် ဓမ္မာရုံလမ်းတွင် တည်ရှိပြီး ဘိုးဘွားပိုင်မြေ
တစ်ဧကခွဲပေါ်တွင် တည်ဆောက်လျက်ရှိကာ လာမည့် ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
အဆောက်အအုံတွင် အထပ်ပေါင်း ၂၁ ထပ်ရှိပြီး အခန်းပေါင်း ၁၈ဝ ပါဝင်ကာ ယင်းအခန်းများ
အတွက် ကားပါကင် ၂၂၅ စီး ထားရှိနိုင်မည်ဖြစ်သည်။
အဆိုပါ ကွန်ဒိုမီနီယံ အရောင်းပြပွဲတွင် အရစ်ကျငွေပေးချေမှုဖြင့် ရောင်းချခဲ့ပြီး လပေါင်း ၃ဝ
အရစ်ကျပေးချေကာ ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး
အရောင်းပြပွဲများ ပိုမိုအလုပ်ဖြစ်မည်ဖြစ်ကြောင်း ယင်း ရွိုင်ရယ်မောင်ဗမာကွန်ဒို
အရောင်းပြပွဲကို စီစဉ်သည့် iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက
ပြောသည်။















