စီးပွားရေး ပြန်လည်အရှိန်ရလာရန်နှင့် ဖွံ့ဖြိုးမှု အားကောင်းလာရေးအတွက် ဆောက်လုပ်ရေးကဏ္ဍ
ပြန်လည်ဖွံ့ဖြိုးရန်အချက်သည် အရေးပါလာနေပြီး အစိုးရကလည်း အကူအညီပေးမှုများ လိုအပ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
''ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ရုံနဲ့ သူနဲ့ဆက်စပ်နေတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေလည်း
အကုန်လိုက်ရပ်ကုန်တာပါ။ အဲဒီမှာ မှီခိုနေတဲ့သူတွေလည်း စီးပွားရေးထိခိုက်သလို အဲဒီဆောက်လုပ်ရေး
ပစ္စည်းဆိုင်ရာတွေကို ရောင်းဝယ်နေသူတွေအပြင် ပို့ဆောင်ဆက်သွယ်ရေးလုပ်နေသူ
ကားသမားတွေလည်း အားလုံးစီးပွားရေးထိခိုက်ပါတယ်။ အဲဒါကြောင့် တိုင်းပြည်ရဲ့စီးပွားရေးကို
ပြန်ထူထောင်မယ်ဆိုရင် ဆောက်လုပ်ရေးကဏ္ဍကို ပြန်ကောင်းအောင်၊ ပြန်လည်ပတ်လှုပ်ရှားနေအောင်
ပြုလုပ်ဖို့ လိုအပ်ပါတယ်''ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီဥက္ကဋ္ဌ
ဦးကိုကိုထွေးက ပြောသည်။
ဆောက်လုပ်ရေးအပါအဝင် ကဏ္ဍစုံကစီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက တွေ့ဆုံရာတွင် ငွေကြေးအခက်အခဲကြောင့် ရပ်နားထားသော
ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် အကူအညီများပေးရန် အစိုးရထံ
အဓိကထား တောင်းဆိုခဲ့ကြောင်း ဦးကိုကိုထွေးက ပြောသည်။
''အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ရပ်နားထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို
မြှင့်တင်ပေးဖို့ အဓိကထား တောင်းဆိုခဲ့ပါတယ်။ ရတနာနှင်းဆီအိမ်ရာကို ဒေါ်အောင်ဆန်းစုကြည်
လာရောက်ပြီး အားပေးလိုက်လို့ ခိုင်မာမှုရှိပြီး ရောင်းအား ကောင်းခဲ့ပါတယ်။
အဆောက်အအုံဆောက်ရင်း တန်းလန်းနဲ့ ဒုက္ခရောက်နေသူတွေကို ကယ်လိုက်မှ နောက်ထပ်
ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ကောင်းလာမှာပါ''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အစိုးရက နိုင်ငံခြားချေးငွေများ ရရှိရန်
ဆောင်ရွက်ပေးမည်ဟု ပြန်လည်တုံ့ပြန်မှုများ ရှိသော်လည်း ယခုအချိန်ထိ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအတွက် ချေးငွေရယူရန် အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း
အာရှဆောက်လုပ်ရေးလုပ်ငန်းမှ ဦးရန်အောင်က ပြောသည်။
''လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်နေရင်း အကြောင်းတစ်ခုခုကြောင့်
ငွေကြေးလိုအပ်တဲ့အခါ ချေးယူနိုင်ဖို့ မလွယ်ကူပါဘူး။ ပုဂ္ဂလိကဘဏ်တွေမှာလည်း ချေးငွေရယူဖို့
ခက်ခဲတဲ့အပြင် အတိုးနှုန်းကလည်း မြင့်မားနေပါသေးတယ်''ဟု ၄င်းက ပြောသည်။
ယခင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးငွေရယူနိုင်သော ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည်လည်း လွန်ခဲ့သော နှစ်နှစ်မှစတင်ကာ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအတွက် ချေးငွေအနည်းငယ်သာ ပေးတော့ကြောင်း ဦးရန်အောင်က
ပြောသည်။
''ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် စဖွင့်ပြီးတော့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေကို ချေးငွေပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့၂ဝ၁၅ ခုနှစ်က စပြီးတော့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေကို ချေးငွေပေးတာ နည်းသွားတယ်။ အရင်က ဆောက်လုပ်နေတဲ့
စီမံကိန်းနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှု အကုန်ပြနိုင်မယ်ဆိုရင် ၂ဝ ရာခိုင်နှုန်းလောက်
ဆောက်ပြီးရင် နောက်ထပ် ၂ဝရာခိုင်နှုန်းအတွက် အဆင့်ဆင့်ချေးငွေပေးခဲ့ပေမဲ့
အခုအချိန်မှာ အဲဒီလိုချေးငွေမျိုးတောင် ရရှိဖို့ ခက်ခဲပါတယ်''ဟု ၄င်းက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် လုံလောက်သော ချေးငွေမပေးနိုင်သော်လည်း
၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အိမ်ရာအရစ်ကျ စီမံကိန်းများကို သတ်မှတ်ထားသော
ပမာဏအထိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ဘဏ်များတွင် အရစ်ကျ စတင်
ရောင်းချပေးနေကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဆောက်လုပ်တဲ့
အိမ်ရာစီမံကိန်းတစ်ခုကို ရှစ်နှစ်အရစ်ကျစီမံကိန်းအထိ ဘဏ်က ရောင်းချပေးနေပါတယ်။
အရစ်ကျအိမ်ရာဝယ်ယူဖို့ ဝယ်သူက ၃ဝ ရာခိုင်နှုန်းကိုသာ အရင်တစ်ခါတည်း ပေးသွင်းဖို့လိုပြီး
ကျန်တဲ့ငွေကြေးကို တစ်လအချိုးကျစီ ပေးရမှာဖြစ်ပါတယ်။ ဘဏ်က ဆောက်လုပ်ရေးလုပ်ငန်းရှင်ကို
တိုက်ခန်းတန်ဖိုးကို တစ်ခါတည်း ရှင်းပေးသွားမှာဖြစ်ပြီး ဝယ်သူအတွက် တိုက်ခန်းရောင်းတဲ့ကုမ္ပဏီက
အာမခံပေးဖို့ လိုအပ်ပါတယ်''ဟု ၄င်းက ပြောသည်။
ဘဏ်များက ရောင်းချပေးနေသော အရစ်ကျတိုက်ခန်းအိမ်ရာ ရောင်းချခြင်း စီမံကိန်းများမှာ
လက်ရှိအချိန်တွင် မတွင်ကျယ်သေးသည့်အပြင် အတိုးနှုန်းမှာလည်း များပြားနေဆဲဖြစ်ကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
အစိုးရသစ်တက်လာပြီးအချိန်တွင် ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သော ရန်ကုန်မြို့ရှိ
အထပ်မြင့်အဆောက်အအုံများကို ပြန်လည်စိစစ်မှုများ ပြုလုပ်ရန် ရပ်ဆိုင်းစေခဲ့ရာ
အချိန်ကိုးလမျှကြာမြင့်ခဲ့သည်။ ဆောက်လုပ်ရေးလောကတွင် များစွာ ဂယက်ရိုက်ခတ်ခဲ့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်က ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
















