မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား

မြို့ပြနေထိုင်မှုကို အခက်ဖြစ်နေစေတဲ့ နှစ်ချုပ်အငှားစနစ် ဆက်ရှိသင့်သလား

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းကပင် စျေးကွက်စီးပွားရေးစနစ်အရ
ဖြစ်ပေါ်လာသည့် နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် အခန်းငှားရမ်းမှုသည် ယနေ့ခေတ်
အခြေအနေများ၌ ငှားရမ်းသူများကို တစ်စထက် တစ်စ အခက်အခဲဖြစ်လာလျက်ရှိသည်။

နေထိုင်ရန် အိမ်ခန်းငှားခြင်းဖြစ်စေ၊ လုပ်ငန်းလုပ်ကိုင်ရန် အခန်းငှားရမ်းခြင်းဖြစ်စေ
ငှားရမ်းသူများသည် အခန်းငှားခကို တစ်လချင်းပေးချေသည့် စနစ်မျိုးဖြင့် ငွေပေးချေနိုင်သည့်
အခွင့်အရေးမရှိဘဲ အနည်းဆုံး ခြောက်လနှင့် အများဆုံး တစ်နှစ်စာ စာချုပ်ချုပ်ဆို၍
ပေးချေနေရသည်။

ယင်းစနစ်ဖြင့် ငှားရမ်းခ ပေးချေရခြင်းသည် ရန်ကုန်မြို့၌ အိမ်ခြံမြေစျေးနှုန်းများ
အဆင်မတန် မြင့်လာသည့်အချိန်တွင် အိမ်ငှားခများလည်း စျေးကြီးမြင့်လာပြီး ခြောက်လစာ၊
တစ်နှစ်စာ ပေးချေရမှုက ငှားရမ်းသူများအတွက် စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင်
အခက်အခဲများဖြစ်နေကြောင်း အိမ်ခန်း၊ ဆိုင်ခန်းနှင့် ရုံးခန်းငှားရမ်းသူများက ဆိုသည်။

''ကျွန်တော်တို့ဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရန်ကုန်မှာ အခြေချနေထိုင်ကတည်းက
အိမ်ငှားဘဝနဲ့ပဲ နေခဲ့ရတာ။ အိမ်ငှားခတွေ စျေးကြီးလာတဲ့နောက်ပိုင်းမှာ တစ်ဦးတည်း
ငှားရမ်းမနေနိုင်လို့ အိမ်ထောင်စုနှစ်စုငှားနေရတယ်။ ပြီးတော့ ခြောက်လစာချုပ်ရတော့
အလုံးရင်းနဲ့ မပေးနိုင်တော့ ပေါင်းနေရင် သက်သာလို့ အဆင်မပြေလည်း အိမ်ထောင်စုနှစ်စု
ပေါင်းနေရတယ်''ဟု ကျောက်တံတားမြို့နယ်၊ ၃၉ လမ်းတွင် ရှမ်းခေါက်ဆွဲဆိုင်
ဖွင့်လှစ်ထားသည့် ဦးစိုးဝင်းမောင်က ပြောသည်။

ဦးစိုးဝင်းမောင်မိသားစုသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ ရှိ
ယခင်မြို့ရွာနှင့် အိမ်ရာဦးစီးဌာနပိုင် သုံးထပ်တွဲတိုက်ခန်း၏ ထပ်ခိုးအခန်းတွင်
တစ်လ၁၆ဝ,ဝဝဝ ဖြင့် ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ခြောက်လစာ အခန်းငှားခ
မပေးချေနိုင်သည့်အတွက် အခြား မိသားစုနှင့် စုပေါင်းကာ ငှားရမ်းနေထိုင်ရခြင်းဖြစ်သည်။

''ကျွန်တော်တို့က လမ်းဘေးမှာ စျေးရောင်းရတာ၊ နေ့တိုင်း စျေးရောင်းကောင်းတာ မဟုတ်ပါဘူး။
အဲဒါကြောင့် အခန်းငှားခ ခြောက်လစာပေးရရင် ငွေအလုံးအရင်းနဲ့ မပေးနိုင်တော့ တခြားလူနဲ့
ပေါင်းနေဖြစ်တယ်။ တစ်ခန်းတည်းမှာ အိမ်ထောင်စု နှစ်စု ပေါင်းမနေချင်ပေမဲ့ အခန်းခ
မတတ်နိုင်တော့လည်း နေရတာပေါ့''ဟု ၄င်းက ပြောသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရပ်ကွက်တွင် နေထိုင်သည့်
ဝန်ထမ်းအလုပ်သမားဖြစ်သည့် ကိုဖုန်းကျော်က နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့်
အခန်းငှားရမ်းသည့်စနစ်မှာ ငှားရမ်းနေထိုင်သူများအတွက် အဆင်မပြေမှုများစွာရှိသည့်အတွက်
ကောင်းမွန်သည့်စနစ်တစ်ခုမဟုတ်ကြောင်း ပြောသည်။

''ကျွန်တော်တို့ အခန်းငှားတဲ့အခါ ဒီအခန်းက နေထိုင်ဖို့အတွက် အဆင်ပြေလား၊ မပြေလားဆိုတာ
ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ကျွန်တော်တို့ နေကြည့်ပြီး တစ်လကြာတဲ့အခါမှ ပတ်ဝန်းကျင်
အဆင်မပြေတာ တွေရှိလာတဲ့အခါ ဒီအခန်းကို မကြိုက်တော့ရင် အဲဒီလို နှစ်ချုပ်၊ လချုပ်နဲ့
ငွေပေးချေထားရတော့ မနေချင်လည်း သည်းခံပြီး ပိုက်ဆံအဆုံးမခံနိုင်တော့ နေရတယ်။ ပြီးတော့
ငွေအလုံးအရင်းနဲ့ ပေးရတာက နေထိုင်သူတွေက ဝန်ထမ်းဆို ဝန်ထမ်းလစာနဲ့က ဘယ်လိုမှ
အဆင်မပြေပါဘူး''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် ဝင်ငွေ သုံးသိန်းခန့်ရရှိသူသည် လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းဖြစ်ပြီး
ဝင်ငွေ သုံးသိန်းရရှိသူများသည် အိမ်ဝယ်ယူနိုင်သည့် အခြေအနေမရှိပေ။ ထို့ကြောင့်
အများစုသည် ငှားရမ်းနေထိုင်ကြသူများ ဖြစ်သည့်အတွက် အိမ်ငှားခများကို ပေးချေရာတွင်
နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် ပေးချေရမှုမှာ ငှားရမ်းနေထိုင်သူများ၏ ဘဝကို ငွေကြေး
ကျပ်တည်းမှုများဖြင့် ရှင်သန်နေထိုင်ရသည်အထိ ဖြစ်စေသည်။

ထို့ပြင် အခန်းငှားရမ်းသူများမှာ ပွဲစားများဖြင့် ငှားရမ်းသည့်အခါ တစ်နှစ်စာ၊ ခြောက်လစာ
အခန်းငှားခ ပေးချေရသည့်အပြင် ပွဲစားခတစ်လစာပါ ပေးချေရပြီး စာချုပ်ပြည့်သည့်အခါ
အခန်းခ ပိုတောင်းခြင်း၊ အခန်းခပိုပေးသူများကိုသာ ငှားရမ်းပြီး ရေရှည်ငှားရမ်းခွင့်
မရခြင်းများလည်း ကြံုရသည့်အတွက် အခန်းခစျေးကြီးမှုများအပြင် စိတ်ပင်ပန်းမှုများကိုပါ
ရရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၁၅ လမ်းတွင် တိုက်ခန်းငှားရမ်းနေထိုင်သူ
ဒေါ်ခင်ညိုဝင်းက ပြောသည်။

''ကျွန်မတို့ အိမ်ငှားရတဲ့အခါ အိမ်လခစျေးကြီးတဲ့အပြင် ပွဲစားတွေက တစ်နှစ်ချုပ်တယ်။
တစ်နှစ်ပြည့်ရင် လခပိုရတဲ့သူကို နေခွင့်ပေးပြီး ဖယ်ခိုင်းတယ်။ ပွဲစားတွေက လုပ်တာ
များတယ်။ တစ်သိန်းခွဲလောက်အခန်းကို သူတို့က ၁၈ဝ,ဝဝဝ လောက်ရတဲ့သူကို ထပ်တင်တော့
ကိုယ်တွေက ဒီမှာနေရတာ အဆင်ပြေလည်း ပိုက်ဆံတိုးမပေးနိုင်ရင် မဖြစ်မနေ ဖယ်ပေးရတယ်။
နောက်အခန်းထပ်ရှာရတာတယ်။ ငှားရတဲ့သူတွေက အဆင်မပြေဘဲ အခန်းရဖို့ကိုပဲ
စိတ်ပူပန်ရတယ်''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ အထပ်မြင့်တိုက်ခန်းများနှင့် အဆောက်အအုံများကို အပေါ်စီးက တွေ့မြင်ရသည့် မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ရန်ကုန်မြို့သည် လူဦးရေထူထပ်သည့်မြို့ဖြစ်ပြီး တစ်နိုင်ငံလုံး ဂျီဒီပီ (ပြည်တွင်းအသားတင်
ကုန်ထုတ်လုပ်မှုတန်ဖိုး) ၏ ၂ဝ ရာခိုင်နှုန်းကို ထုတ်လုပ်နေသော မြို့ဖြစ်ပြီး စီးပွားရေး
လုပ်ငန်းများ အများဆုံးရှိသည့် မြို့ဖြစ်သည်။ သို့သော် ရန်ကုန်တွင် စွန့်ဦးတီထွင် စီးပွားရေး
လုပ်ကိုင်သူများ၊ အသေးစား အလတ်စား စီးပွားရေးလုပ်ကိုင်သူများအတွက် အကြီးဆုံး
စိန်ခေါ်မှုများတွင် နှစ်ချုပ်၊ လချုပ် အပြတ်စနစ်ဖြင့် ငှားရမ်းမှုကလည်း တစ်ခုဖြစ်နေကြောင်း
ကိုဖုန်းကျော်က ပြောသည်။

''ကျွန်တော်က ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့
ကြိုးစားခဲ့ဖူးပါတယ်။ အဲဒီမှာ ကျွန်တော်တို့စပြီး ရင်ဆိုင်ရတာက ရုံးခန်းငှားခပါ။
ကိုယ့်လုပ်ငန်း အမြင်ကောင်းဖို့အတွက် ရုံခန်းကောင်းကောင်းကလည်း လိုလာပါတယ်။
အဲဒီမှာ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုရဲ့ ရဝ ရာခိုင်နှုန်းက အခန်းငှားခ ဖြစ်နေတယ်''ဟု ၄င်းက
ပြောသည်။

ကိုဖုန်းကျော်သည် ၂ဝ၁၄ ခုနှစ်အတွင်းတွင် ခရီးသွားလုပ်ငန်းတစ်ခုကို
စတင်လုပ်ကိုင်သည့်အခါတွင် လုပ်ငန်းအတွက် ငွေရင်းနှီးမြှုပ်နှံရာတွင် ရုံးခန်း
ငှားရမ်းခအတွက် ငွေအသုံးစရိတ်မှာ လုပ်ငန်းလိုင်စင်ရရှိမှုအတွက် အသုံးပြုရသည့်
ငွေအသုံးစရိတ်ထက် ၁ဝ ဆခန့်ပင် များပြားနေပြီး ငွေကြေးရင်းနှီးမြှုပ်တွင်
အခက်အခဲတစ်ခုဖြစ်စေခဲ့ကြောင်း ၄င်းက ပြောသည်။

ရုံးခန်းငှားရမ်းမှုများအပြင် စျေးရောင်းချသည့် ဆိုင်ခန်း ငှားရမ်းသူများမှာလည်း
ငှားရမ်းခကြီးမြင့်မှုအပြင် ယင်းကဲ့သို့ အပြတ်စနစ်ဖြင့် ခြောက်လစာ၊ တစ်နှစ်စာ
ငွေပေးချေရခြင်းများက စျေးရောင်းသူများအပြင် ဝယ်ယူစားသုံးသူများကို ငွေကြေး
ထိခိုက်မှုများဖြစ်စေကြောင်း ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းမပေါ်တွင်
စားသောက်ဆိုင်ဖွင့်လှစ်ထားသူ ကိုပေါက်စီက ပြောသည်။

''ကျွန်တော့်ဆိုင်ဖွင့်တာ ၁ဝ နှစ်ရှိပြီ။ စဖွင့်ဖွင့်ချင်း ဆိုင်ခန်းငှားတုန်းက တစ်လကို
လေးသိန်းပေးရတယ်။ အဲဒီကတည်းက တစ်နှစ်ချုပ်ရတယ်။ အခု တစ်လကို ၁ဝ သိန်း
တစ်နှစ်ချုပ်ရတာပဲ။ နောက်နှစ်ကို ၁၁ သိန်းတောင်းမယ်လို့ ပြောနေတယ်။ အဲဒါဆို
တစ်နှစ်စာ သိန်း ၁၃ဝ လောက်ဖြစ်ပြီ၊ ဘယ်လိုဆက်လုပ်နိုင်မလဲ။ ဆိုင်ခန်းငှားခတွေ
စျေးကြီးတော့ စားသောက်ကုန်တွေလည်း စျေးကြီးတယ်။ အဲဒီတော့ ဝယ်စားတဲ့လူတွေလည်း
စျေးကြီးတာပေါ့''ဟု ၄င်းက ပြောသည်။

သို့သော် အိမ်ခြံမြေကဏ္ဍသည် မြန်မာနိုင်ငံ၏ စျေးကွက်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု
ကောင်းသည့် နေရာတစ်နေရာဖြစ်လျက်ရှိပြီး အခန်းဝယ်ယူ၊ ပြန်လည်ငှားစားခြင်းများက
စီးပွားရေးလုပ်ကိုင်စရာ တစ်ခုဖြစ်လာခဲ့သည်။

''ကျွန်မတို့က အိမ်ငှားတယ်ဆိုတာ ကျွန်မအတွက် စီးပွားရေးတစ်ခုပါပဲ။ ကျွန်မလက်ထဲမှာရှိတဲ့
ငွေတွေကို ကွန်ဒို၊ တိုက်ခန်းတွေ ဝယ်ထားဖြစ်တယ်။ ပြီးတော့ ပြန်ငှားစားတော့ ကျွန်မ
မြှုပ်နှံထားတဲ့ငွေတွေအတွက် အကျိုးအမြတ် ပြန်ရတာပေါ့။ ဒီမှာ ဘဏ်ထဲ ထည့်ထားရင်လည်း
ဘဏ်တိုးက အဲဒီလောက်မရဘူး။ တခြားစီးပွားရေးကလည်း ဘာမှများများစားစား လုပ်လို့မှ
မရတာ။ ဒီလိုလုပ်တာက ပိုအဆင်ပြေတယ်''ဟု ဗိုလ်တထောင်မြို့နယ်အတွင်းရှိ တိုက်ခန်းများ
ငှားသည့်ပိုင်ရှင် ဒေါ်ခင်မို့မို့က ပြောသည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ၈ မိုင်လမ်းဆုံအနီးတစ်ဝိုက်တွင် တွေ့မြင်ရသည့် လူနေတိုက်ခန်းများ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

တစ်နှစ်စာ၊ ခြောက်လစာ အပြတ်စနစ်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခြင်းသည် အခန်းငှားစားသည့်
ပိုင်ရှင်တစ်ယောက်အနေဖြင့် အဆင်ပြေပြီး စာချုပ်ဖြင့် ချုပ်ဆိုလုပ်ကိုင်ခြင်းကြောင့်
ငွေရေးကြေးအရအပြင် လူမှုရေးအရှုပ်အရှင်းများပါ အဆင်ပြေကြောင်း ၄င်းက ပြောသည်။

''ကျွန်မကတော့ တစ်နှစ်စာ စာချုပ်ချုပ်ပြီး ငှားဖြစ်တယ်။ တစ်ခါတလေ အိမ်ငှားဘက်က
အဆင်မပြေတာတွေ ရှိရင်လည်းခြောက်လချုပ်ပေးဖြစ်ပါတယ်။ အဲဒီလိုလုပ်တာကလည်း
ဒီစီးပွားရေးပဲရှိတဲ့ ကျွန်မအတွက်က ငွေလည်းပေါ်တယ်။ ပြီးတော့ ဒီတစ်နှစ်စာလုံးအတွက်လည်း
ကျွန်မအခန်းအတွက် အိမ်ငှားမရမှာ စိတ်ပူစရာမလိုတော့ဘူး။ ပြီးတော့ စာချုပ်နဲ့
ချုပ်ထားတာဖြစ်တဲ့အတွက် တစ်ခုခုပြဿနာတက်ရင် ခိုင်မာမှုရှိတယ်။ ဆင်းမပေးတာမျိုးဆိုရင်
ဒီစာချုပ်ရှိနေတော့ ဥပဒေကြောင်းအရလည်းဖြေရှင်းလို့ရတယ်''ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ အခန်းငှားရမ်းရာတွင် ငှားရမ်းခပေးချေသည့်စနစ် အပြတ်စနစ်သည် ဥပဒေ
တစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် ၁၉၆ဝ ပြည့်နှစ်တွင် ပြဋ္ဌာန်းသည့်
မြို့ပြငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ (အရပ်သုံး အိမ်ရှင်၊ အိမ်ငှား)ဥပဒေရှိသော်လည်း
ထိုဥပဒေကို သုံးစွဲမှုအားနည်းကာ တာဝန်ခံယူမည့်အဖွဲ့အစည်းလည်း မရှိကြောင်း စီးပွားရေးနှင့်
ဥပဒေ အကြံပေး ဦးတင်သန်းဦးက ပြောသည်။

''ဥပဒေရည်ရွယ်ချက်က Rental Control Tax လို့ခေါ်တဲ့ ငှားရမ်းခအခွန် အငှားချထားသူက
ပေးဆောင်ရမယ့်အခွန်ကို နိုင်ငံတော်က ရရှိစေဖို့။ အဲဒီလို အခွန်ရဖို့အတွက် အိမ်ရှင်၊
အိမ်ငှားကို စာချုပ်ပါ ကတိနဲ့အညီ၊ ဖြစ်လာတဲ့ပြဿနာကို ဥပဒေနဲ့ ဖြေရှင်းပေးတာတို့ကို
အရင်တုန်းက စည်ပင်ရဲ့လက်အောက်က အိမ်ရှင်အိမ်ငှားကော်မတီက ကြီးကြပ်ပြီးတော့
တာဝန်ယူဖြေရှင်းတဲ့သဘောရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ စည်ပင်မှာ ဒါမျိုး
ဘာမှမလုပ်လာတော့ဘူး။ တာဝန်ခံယူမယ့် အဖွဲ့အစည်းလည်း တိတိကျကျမရှိတော့ဘူး''ဟု ၄င်းက
ပြောသည်။

မြို့ပြငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ အရ ငှားခပေးချေမှုစနစ်ကို သတ်မှတ်မထားသော်လည်း
ယခင်ဥပဒေသတ်မှတ်ခဲ့သည့် ကိုလိုနီအစိုးရခေတ်တွင် စပေါ်တင်ကာ တစ်လချင်း ငွေပေးချေသည့်
အခြေအနေသာရှိခဲ့ပြီး အိမ်ရှင်၊ အိမ်ငှားပြဿနာများရှိခဲ့ရင်လည်း ဥပဒေအရ ဖြေရှင်းပေးမှုများ
ရှိခဲ့ကြောင်း သိရသည်။

''မျက်မှောက်ကာလမှာ အိမ်ရှင်အိမ်ငှားစာချုပ်တွေ အမျိုးမျိုး ချုပ်ဆိုကြတယ်။ လပြတ်စနစ်ငှားတယ်
(စာချုပ်စာတန်းတွေနဲ့ ငှားတာရှိတယ်)၊ စပေါ်တင် လခပေးတဲ့စနစ်နဲ့ ငှားတာ ရှိလာတယ်။
တချို့ဆို စာချုပ်တောင်မရှိဘူး ငှာရမ်းခပေးပြီး နေထိုင်တယ်။ အိမ်ရှင်အိမ်ငှားကြားမှာ ငှားရမ်းခ
ပေးတယ်လို့ ထင်ရှားရင် အိမ်ရှင်အိမ်ငှားဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ငှားရမ်းနေထာထက် အိမ်ရှင်၊
အိမ်ငှားကြားမှာ ပြဿနာတက်လာရင် ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေတာကြောင့်
ဒီလိုတွေ ကြံုတွေ့နေရတာ''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် အခန်းငှားသည့် အခန်းပိုင်ရှင်က အခွန်ကို ပြည်တွင်းအခွန်များဦးစီးဌာနထံ
ပေးဆောင်ရသည်။ သို့သော် အခန်းပိုင်ရှင်အများစုက အခန်းငှားရမ်းမှုအတွက် အခွန်ပေးဆောင်မှု
မရှိကြောင်း အကျိုးဆောင်များက ပြောသည်။

''တစ်ကြိမ်အိမ်ငှားဖြစ်ရင် တစ်သက်လုံးအိမ်ငှားအဖြစ်ကနေ မဖယ်နိုင်ဘူးဆိုတဲ့ လွှမ်းမိုးမှုတွေ
ရှိခဲ့ဖူးတယ်။ အိမ်ရှင်၊ အိမ်ငှားတွေမှာ အိမ်ငှားတွေရဲ့ အခွင့်အရေးက ပိုများနေပြီးတော့
စာချုပ်စည်းကမ်း ချိုးဖောက်ပြီး အိမ်ရှင်တွေပေါ်မှာ အနိုင်ကျင့်နေတာတွေ ဖြစ်ဖူးတယ်။
တချို့က အိမ်ငှားဖို့ ကြောက်လာတယ်။ အိမ်ငှား မဖယ်မှာကို ကြောက်ကြတယ်။ အဲဒီလို
ပြဿနာတက်လာရင် ဖြေရှင်းပေးမယ့် အဖွဲ့အစည်း မရှိတော့ အိမ်ရှင်တွေကလည်း အိမ်ငှားတဲ့
အခါမှာ သူတို့ဘက်က ခိုင်လုံမယ့် နည်းတွေ၊ သူတို့မနစ်နာမယ့်အခြေအနေတွေနဲ့ လပြတ်စနစ်
စာချုပ်ချုပ်ဆိုတာတွေ ဖြစ်လာကြတာလို့ ထင်တယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
ပြောသည်။

ထို့ပြင် အခန်း ငှားရမ်းသည့်အခါတွင် အကျိုးဆောင်များ၊ ပွဲစားများဖြင့် ငှားရမ်းသည့်အခါ
အကျိုးဆောင်ကို အိမ်ရှင်၊ အိမ်ငှား နှစ်ဖက်စလုံးက ပွဲစားခ တစ်လစာပေးရသည်မှာလည်း
ဥပဒေကြောင်းရ သတ်မှတ်ထားခြင်းမျိုးမရှိဘဲ ခေတ်အခြေအနေရ ပေးနေရခြင်းသာဖြစ်သည်။

လက်ရှိအနေအထားတွင် အိမ်ခြံမြေအကျိုးဆောင်များက အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ရေးဆွဲရန်
သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းရေးအဖွဲ့များကို တင်ပြထားပြီးဖြစ်သည်။ ယခုကဲ့သို့ အခန်း
ငှားခပေးချေမှုစနစ်ပြဿနာ၊ အကျိုးဆောင်ခပေးဆောင်ရမှုပြဿနာများကို ဖြေရှင်းပေးနိုင်ရန်မှာ
ထိုကဲ့သို့ ဥပဒေများ လိုအပ်ကြောင်း၊ ဥပဒေများမရှိပါက ပြဿနာများကို ဖြေရှင်းနိုင်မည်
မဟုတ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) အတွင်းရေးမှူး ဒေါ်မို့မို့အောင်က
ပြောသည်။

''အဓိက ကတော့ မြန်မာပြည်မှာ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေမခိုင်မာသေးလို့ပဲလို့ ပြောရမယ်။
ဥပဒေ ခိုင်မာရင်တော့တခြားနိုင်ငံတွေမှာဆို စပေါ် တစ်လခတင်မယ်၊ သုံးလခပေးတာတို့၊
တစ်လချင်းပေးတာတို့ရှိတယ်။ သူတို့နေတဲ့ကာလမှာ အိမ်ပျက်စီးမှုမရှိရင် စပေါ်တစ်လခကို
ပြန်ပေးတယ်။ ပျက်စီးမှုရှိရင် ပြင်ဆင်စရိတ်နုတ်တယ်။ ဒီမြန်မာနိုင်ငံမှာတော့
အဲဒီလိုစနစ်မရှိဘဲ ၁၂ လ စာချုပ်ချုပ်တယ်။ အဲဒါကြောင့် ဒီအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေက
ရှိသင့်ပြီး ပေါ်လာရင် နည်းဥပဒေအရ ဒါတွေကို ကာကွယ်ပေးနိုင်မှာပါ''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်