ရန်ကုန်တွင် အားကစားကွင်း အသစ် ၁၂ ခု ဖော်ဆောင်မည်

ရန်ကုန်တွင် အားကစားကွင်း အသစ် ၁၂ ခု ဖော်ဆောင်မည်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနက
လာမည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အားကစားကွင်းအသစ် ၁၂ ခု ဖော်ဆောင်ရန် လျာထားပြီး
ပန်းခြံနှစ်ခုကိုလည်း အဆင့်မြှင့်တင်မှုနှင့် မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဌာနမှူး ဦးကိုကိုလင်းက
ပြောသည်။

''ကျွန်တော်တို့ဌာနက အခုတိုင်းဒေသကြီးအစိုးရကို နောက်နှစ် ဘတ်ဂျက်အတွက် အဆိုပြုလျာထားငွေ
ကျပ် ၁ ဒသမ ၆ ဘီလျံ အဆိုပြု တောင်းဆိုထားပါတယ်။ အဲဒီဘတ်ဂျက်နဲ့ လာမယ့်နှစ်မှာ
ကစားကွင်းအသစ် ၁၂ ခုကို အသစ်လုပ်ဖို့ စီစဉ်ထားပါတယ်။ နောက်ထပ် တောင်ဒဂုံက
ပန်းခြံတစ်ခုကို အဆင့်မြှင့်ပြီး၊ ဆိပ်ကမ်းသာ ပန်းခြံ ကိုတော့ ပြုပြင်မွမ်းမံတာတွေ လုပ်ပါမယ်''ဟု
၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနသည် ယခုနှစ် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ရှိ
ပန်းခြံသုံးခုနှင့် ဘောလုံးကွင်း ကိုးခုကို အဆင့်မြှင့်တင်ခဲ့ပြီး ငွေကျပ် နှစ်ဘီလျံခန့် သုံးစွဲခဲ့ကြောင်း
သိရသည်။

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်ရှိ ယခင် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသော
မြစ်ကမ်းနားဘေးကို အားကစားနှင့် ပန်းဥယျာဉ်ဌာနက အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်
အတွက် ပြုပြင်မွမ်းမံလျက်ရှိကာ ယခုနှစ်ဘဏ္ဍာနှစ် အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ဦးကိုကိုလင်းက
ပြောသည်။

''ကြည့်မြင်တိုင်ဆိပ်ကမ်းက ပန်းခြံက အများပြည်သူ အပန်းဖြေနေရာ ပေါ်ပေါက်လာမယ်။
၂ဝ၁၆-၁၇ ခုနှစ်ထဲမှာ အပြီးလုပ်မယ်။ အခုပြင်ဆင်မှုအပိုင်းက တော်တော်ပြီးနေတယ်။ အရင်က
အေးရှားဝေါလ်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ နောက်ပိုင်း ပြန်ယူလိုက်တာ။ ဆိပ်ကမ်းအာဏာပိုင်
အမည်ပေါက်ဖြစ်ပေမဲ့ ကျွန်တော်တို့က ပန်းခြံပဲလုပ်မယ်ဆိုပြီး တိုင်းဒေသကြီးကိုတင်တော့
တိုင်းဒေသကြီးအစိုးရကလည်း ခွင့်ပြုခဲ့တယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ ကြည့်မြင်တိုင်မြို့နယ် မြစ်ကမ်းဘေးတွင် အများပြည်သူ အပန်းဖြေနေရာ
တစ်ခုဖြစ်လာမည့် ပန်းခြံသည် အရှည် ပေ ရဝဝ ကျော်ရှိပြီး အကျယ် ပေ ရဝ ခန့်ရှိကြောင်း
သိရသည်။ ထို့ပြင် ပန်းခြံအဖြစ် ပြင်ဆင်မွမ်းမံမှုအတွက် ငွေကျပ်သိန်း ၁­,ဝဝဝခန့်
ကုန်ကျကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ပန်းခြံများကို အဆင့်မြှင့်တင်ခြင်းနှင့် ဝင်ကြေးမယူဘဲ အများပြည်သူသုံးနေရာအဖြစ်
ဖွင့်လှစ်ပေးခြင်းများကို ၂ဝ၁၃ ခုနှစ်တွင် စတင်ပြုလုပ်လာခဲ့ပြီး ၂ဝ၁၃၁၄ ဘဏ္ဍာနှစ် မှ ၂ဝ၁၅-၁၆
ဘဏ္ဍာနှစ်အတွင်း အဆိုပါဌာနက ပန်းခြံပေါင်း ၂၃ ခုကို ပြန်လည်ပြင်ဆင်ကာ အဆင့်မြှင့်တင်ခဲ့ပြီး
ပန်းခြံအတွင်းရှိ စီးပွားရေးလုပ်ကိုင်သည့် အဆောက်အအုံများကို မထားရှိတော့ဘဲ ဝင်ကြေးများကိုလည်း
အခမဲ့ ပြုလုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်