ရွှေလင်ပန်းစက်မှုဇုန်တွင် ကျူးကျော်ပြဿနာများ ပိုမိုရှုပ်ထွေးလာ

ရွှေလင်ပန်းစက်မှုဇုန်တွင် ကျူးကျော်ပြဿနာများ ပိုမိုရှုပ်ထွေးလာ

 

ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်တွင် ကျူးကျော်များနှင့် လုပ်ငန်းရှင်များအကြား ပြဿနာများ
ပိုမိုရှုပ်ထွေးနေပြီး ကျူးကျော်များဘက်က ငွေညှစ်တောင်းဆိုမှုများပါ ရှိလာကြောင်း
သိရသည်။

ကျူးကျော်တဲများကို စက်ရုံများရှေ့တွင် ပိတ်ဆို့တည်ဆောက်၍ ငွေညှစ်တောင်းဆိုမှုများပါ
ရှိလာကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်
စက်မှုဇုန်လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပြီးခဲ့သည့်
ဇန်နဝါရီ ၂၇ ရက်က တွေ့ဆုံပွဲတွင် ဆွေးနွေးသွားခဲ့သည်။

လည်ပတ်စက်ရုံများ၊ ဆောက်လက်စ စက်ရုံများရှေ့တွင် ကျူးကျော်တဲများ ပိတ်ဆို့
တည်ဆောက်ကာ မြေလျော်ကြေးများပေးရန် ငွေညစ်တောင်းဆိုမှုပြဿနာများ ရွှေလင်ပန်းစက်မှုဇုန်တွင်
အများအပြားရှိကြောင်း ဇုန်၏ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

''လယ်သမားလို့ပြောတဲ့ လူတစ်စုက စက်ရုံတွေရဲ့ရှေ့မှာ တဲတွေဆောက်ပြီး ပိုက်ဆံ
တောင်းကြပါတယ်။ သူတို့က လယ်ယာမြေလျော်ကြေးတောင်းတာနဲ့ မတူဘဲ လုပ်ငန်းတွေလုပ်နေတဲ့
စက်ရုံတွေရှေ့မှာ ပိတ်ပြီးလုပ်ငန်းတွေ လုပ်လို့မရအောင်၊ လုပ်ငန်းပြန်လုပ်ချင်ရင်
သူတို့တောင်းတဲ့ လျော်ကြေးပေးအောင် ခြိမ်းခြောက်ငွေညှစ်တောင်းတာနဲ့ တူနေပါတယ်''ဟု ၄င်းက
ပြောသည်။

ရွှေလင်ပန်းစက်မှုဇုန်ကို ၂ဝဝ၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနက လုပ်ငန်းရှင်များကို ကနဦးတွင် ကျပ်သိန်း ၉ဝ နှစ်ရှည်ငှားရမ်းမှုဖြင့် လုပ်ငန်းလုပ်ဆောင်ရန်
ရောင်းချထားပြီးဖြစ်သည်။

''ကျွန်တော်တို့ဇုန်ကျတော့ သိန်း ၉ဝ နဲ့ ပထမ ရောင်းပါတယ်။ မစည်တဲ့အခါကျတော့ အိုးအိမ်ကို
တော်တော်များများ ပြန်အပ်သွားပြီး ဒုတိယအကြိမ် သိန်း ၁၂ဝ နဲ့ နိုင်ငံတော်က တစ်နှစ်ပေးဆိုပြီး
ရပြီးတော့ ၁ဝ နှစ်လောက် လုံးဝမစည်ပါဘူး။ အခြေခံအဆောက်အအုံ မပြည့်စုံတာကအစ
ကိုယ့်အားကိုယ်ကိုးနဲ့ လုပ်လိုက်တဲ့အခါ၊ ကျွန်တော်တို့ ဘေးမှာရှိတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေက
အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်အောင် လုပ်ငန်းရှင်တွေစုပြီး လုပ်လိုက်တဲ့အခါ
အခုချိန်မှာ လူသားအရင်းအမြစ်ကို အရင်းခံတဲ့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ် တော်တော်များများ
ရောက်လာပါတယ်''ဟု ဦးအေးသောင်းက ပြောသည်။

သို့သော် ရွှေလင်ပန်းစက်မှုဇုန်မှ အဲဗားပလတ်စတစ်စက်ရုံ၌ ဇန်နဝါရီလအစောပိုင်းတွင်
လုပ်ငန်းလည်ပတ်လျက်ရှိသည့် စက်ရုံရှေ့အဝင်အဝကို ပိတ်ဆို့ပြီး တဲနှစ်လုံး တည်ဆောက်မှုကြောင့်
ငွေကျပ် ၁၂၅ သိန်းဖြင့် ညှိယူခဲ့ရပြီး ကနဦးငွေ ၂၅ သိန်းပေးကာ လုပ်ငန်းများဆက်လုပ်ရန်
အတွက် တဲနှစ်လုံးကို ဖယ်ရှားခဲ့ရကြောင်း စက်ရုံပိုင်ရှင် ဦးထွန်းထွန်းနိုင်က ပြောသည်။

''ကျွန်တော့်စက်ရုံရှေ့မှာ ဘယ်ကမှန်းမသိတဲ့လူတွေက တဲနှစ်လုံး လာဆောက်ပါတယ်။
စက်ရုံရှေ့အဝင်အဝကို ပိတ်ပြီးလုပ်တယ်။ ဝင်ထွက်လို့မရဘူး။ ဇုန်ရုံးကို အကြောင်းကြားတော့
သက်ဆိုင်ရာလူကြီးတွေ လာရှင်းလို့ နောက်နေ့မှာ ဝင်လို့ထွက်လို့ ရသွားတယ်။
ကျွန်တော်တို့လုပ်ငန်း လုံးဝရပ်သွားတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ အလုပ်သမားတွေ လည်း
အခက်အခဲတွေဖြစ်ကုန်ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့
အလုပ်သမားအဖွဲ့အစည်းတွေကို အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ လေးရက်တိတိကြာတဲ့
အထိ ဘယ်အစိုးရဌာနကမှ ဒီတဲကိုလာမဖယ်ပေးပါဘူး။ အဲဒါကြောင့် ကျွန်မတို့ သူတို့ကို
သူတို့တောင်းတဲ့ ပိုက်ဆံပေးဖို့ ညှိပြီး နောက်ဆုံး ၁၂၅ သိန်းပေးဖို့ကို
သဘောတူလိုက်ရပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ စက်ရုံပိုင်ရှင်များက ငွေကျပ် ၁၂၅ သိန်းတွင် ကျပ် ၂၅ သိန်းကို ဘဏ်ချက်လက်မှတ်ဖြင့်
ကနဦးငွေပေးချေပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး
ကော်မတီက တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများက ထိုကဲ့သို့ ငွေတောင်းဆိုမှုကို
ပေးရန်မလိုကြောင်း ပြောဆိုခဲ့သည့်အတွက် စက်ရုံပိုင်ရှင်က ဆက်လက်မပေးတော့ပေ။

သို့သော် အဲဗားပလတ်စတစ်စက်ရုံထံမှ လျော်ကြေးငွေတောင်းဆိုခဲ့သည့် ကျူးကျော်များသည်
သုံးရက်မြောက်နေ့တွင် ကျန်ရှိသည့် ကျပ်သိန်း ၁ဝဝ မပေးမှုအတွက် ရှေ့နေများမှတစ်ဆင့်
သတိပေးစာ ပို့ခဲ့ကြောင်း ဦးထွန်းထွန်းသိန်းက ဆိုသည်။

ရွှေလင်ပန်းစက်မှုဇုန်တွင် မြေဧက ၁,၁ဝဝ ကျော်ရှိပြီး လက်ရှိတွင် မြေကွက် ၅၃ဝ ရှိကာ
လည်ပတ်နေသည့် စက်ရုံ ၄၁၅ ရုံနှင့် ဆောက်လက်စစက်ရုံ ၆၂ ရုံရှိကာ အခြေခံအဆောက်
အအုံများသာ တည်ဆောက်နေသေးသည့် စက်ရုံ ၄၄ ရုံရှိကြောင်း၊ စက်ရုံ ခုနစ်ရုံခန့်မှာ
ငွေညှစ်တောင်းဆိုမှုများကြောင့် ဆက်လက် မလုပ်ဆောင်နိုင်သည့် မြေလွတ်နေရာ
ခုနစ်နေရာရှိကြောင်း သိရသည်။

မြေယာပြဿနာများ၊ ကျူးကျော်ပြဿနာများသည် ယခင်အစိုးရအဆက်ဆက်ကတည်းကပင် ဖြေရှင်းမှု
မနိုင်နင်းခဲ့သည့် ပြဿနာများဖြစ်ခဲ့သော်လည်း ယနေ့အချိန်တွင် ပိုမိုဆိုးကာ ခြိမ်းခြောက်
ငွေညှစ်တောင်းဆိုသည့် အဆင့်သို့ ရောက်ရှိနေကြောင်း ယခင် ဒဂုံစက်မှုဇုန်ဥက္ကဋ္ဌဟောင်းက
ဆိုသည်။

''အရင်အစိုးရလက်ထက် အဆက်ဆက်ကတည်းက ဒီလိုပြဿနာတွေက တစ်စတစ်စရှိလာခဲ့တာ။
အခုက အဓမ္မအဆင့်ထိရောက်လာတယ်။ ဒါပေမဲ့ ဒီစက်မှုဇုန်တွေကိုဖော်ဆောင်တဲ့ ကာလတွေ
တုန်းကလည်း အားလုံးကို ဖြေရှင်းထားပါတယ်။ လွှဲပြောင်းတဲ့အချိန်မှာလည်း စနစ်တကျ လုပ်ထုံး
လုပ်နည်းနဲ့ လွှဲပြောင်းတာဖြစ်တယ်။ အခု ဒီလိုအဟန့်အတားအနှောင့်အယှက်တွေ ဖြစ်ပေါ်လာရင်
ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းအသီးသီးကလည်းဥပဒေဘောင်အတွင်းက ဆက်လက်လုပ်
ဆောင်သွားပါမယ်''ဟု ၄င်းက ပြောသည်။

ယခုအစိုးရလက်ထက်တွင် မြေယာတိုင်ကြားစာပေါင်း ၄၃၄ ခုရှိပြီး ၂၄၆ ခုမှာ ဖြေရှင်းပြီးဖြစ်ကာ
၁၂၅ ခု ဆက်လက်ဖြေရှင်းရန် ကျန်ရှိသေးကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့၏
စက်မှုဇုန်များကို ယခင်က မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ၂ဝ၁၂
ခုနှစ်ခန့်မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး
စည်ပင်သာယာရေးကော်မတီက ဆက်လက်ကိုင်တွယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး လှိုင်သာယာမြို့နယ်
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမောင်က ယခင် နှစ်ပေါင်းများစွာက ယင်းစက်မှုဇုန်မြေ
နေရာတွင် လုပ်ကိုင်ခဲ့ဖူးသည့် လယ်သမားဖြစ်သည့်တိုင် ဒုသမ္မတဦးဆောင်ကာ ဖွဲ့စည်းထားသည့်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစိစစ်ရေးကော်မတီမှတစ်ဆင့်တရားဝင်
အထောက်အထားများဖြင့် ခိုင်မာစွာ တင်ပြကာ နစ်နာမှုကိုဖြေရှင်းသင့်ကြောင်းပြောသည်။

''အစိုးရက ဒီကော်မတီမှာ သက်ဆိုင်ရာ ခိုင်မာတဲ့ တရားဝင်အထောက်အထားတွေနဲ့
စည်းမျဉ်းစည်းကမ်းနဲ့အညီ သူတို့ရဲ့နစ်နာမှုကို ကုစားနိုင်တဲ့နည်းလမ်း ဖွင့်ပေးထားပါတယ်။
ဒီနည်းလမ်းနဲ့ပဲ လုပ်ရမယ်။ အခုလိုခြိမ်းခြောက် ငွေတောင်းတဲ့ နည်းလမ်းမျိုးကတော့ တရားမဝင်
ဥပဒေနဲ့မညီတဲ့ နည်းလမ်းကတော့ ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ဒီဖြစ်စဉ်တွေထဲမှာ အမှန်တကယ်
ဒီနေရာတွေကို အရင်ကလုပ်ကိုင်ခဲ့တဲ့ လယ်သမားတွေလည်းပါတယ်။ အဲဒီထဲမှာရောပြီး
ဒီလိုလုပ်ကွက်တွေကို ဖန်တီးပြီး ကြိုးကိုင် လုပ်စားနေတဲ့ လူမိုက်အုပ်စုတွေ၊ ဥပဒေ
အကြောင်းအရာတွေကို အတိုင်းအတာတစ်ခုထိ ဗဟုသုတရှိနေပြီးလုပ်စားတဲ့ ပွဲစားဆန်ဆန်
အုပ်စုတွေလည်း ပါတယ်''ဟု ၄င်းက ပြောသည်။

ဥပဒေနှင့်မကိုက်ညီသည့် နည်းလမ်းများဖြင့် ခြိမ်းခြောက် ငွေညှစ်ခြင်းများသည် လက်ရှိ
နိုင်ငံတော်ခေါင်းဆောင်များက နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန်
ကြိုးစားနေသည့်အချိန်တွင် ဖြစ်ပျက်နေခြင်းဖြစ်သဖြင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ
ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်သွားနိုင်ကြောင်းလည်း ဦးမင်းမောင်က ပြောသည်။

''လယ်သမားတွေက တချို့အကြောင်းအရာတွေမှာ ဘာကိုထောက်လဲဆိုတော့ ၂ဝ၁၂ လယ်ယာမြေ
ဥပဒေမှာက ခြောက်လအတွင်း ဆောင်ရွက်မှုမရှိရင် မူလပိုင်ရှင်ကို ပြန်အပ်ရမယ်ဆိုတဲ့အပိုဒ်ကိုပဲ
ထောက်တာ။ ဒါပေမဲ့ ဒီဘက်မှာက နိုင်ငံတော်စီမံကိန်း ဖြစ်တဲ့ စက်မှုဇုန်မြေကွက်တွေ ဂရန်
သတ်မှတ်ပြီး အစိုးရဆီက ဝယ်ထားတဲ့ လုပ်ငန်းရှင်တွေက စတင်အကောင်အထည်ဖော်နေပြီ။
အဲဒီအချိန်မှာ တဲထိုးပြီး အုပ်စုဖွဲ့ခြိမ်းခြောက်တာက ဘယ်လိုမှ လက်မခံနိုင်ဘူး''ဟု ၄င်းက
ပြောသည်။

ဦးမင်းမောင်က လုပ်ငန်းရှင်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်
စီမံကိန်းကော်မတီကို တိုင်ကြားခဲ့ပြီးနောက် ယင်းကော်မတီနှင့်အတူ သက်ဆိုင်ရာလွှတ်တော်
ကိုယ်စားလှယ်များက အဆိုပါ ပိတ်ဆို့ ငွေတောင်းခံသူများနှင့် တွေ့ဆုံကာ ဥပဒေနည်းလမ်း
အတိုင်း လုပ်ဆောင်ရန်တွန်းအားပေးခဲ့ကြောင်း ပြောသည်။

''လှိုင်သာယာစက်မှုဇုန်တွေမှာ ဖြစ်နေတာတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမယ်။
လွှတ်တော်မှာလည်း ဒီကိစ္စအပါအဝင် တခြားအရေးကြီးကိစ္စတွေမှာ တင်ပြသွားဖို့ရှိပါတယ်။
အခုလို တရားဥပဒေစိုးမိုးမှု အားနည်းတာကတော့ ခုချိန်မှာမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်များစွာ
ကတည်းက စနစ်တကျ စီမံခဲ့လေသလားလို့ ထင်ရလောက်အောင်ပဲ။ အစိုးရသစ်
တက်လာတော့ ဒီပြဿနာတွေနဲ့ ထိပ်တိုက်တိုးပြီး တချို့ကိစ္စတွေမှာ ချက်ချင်း အရေးယူ
ဆောင်ရွက်လို့ မရတာတွေ ရှိနေလို့ အချိန်တစ်ခုစောင့်ဖို့လိုနေတယ်''ဟု ၄င်းက ပြောသည်။

ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က
အဆိုပါကျူးကျော်များက ငွေညှစ်ခြိမ်းခြောက်မှုများသည် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှ စတင်လာကာ
ယခုအစိုးရသစ်လက်ထက်တွင် အခြေအနေ ပိုမိုဆိုးရွားလာပြီး လုပ်ငန်းရှင်များကို တန်ပြန်
တရားစွဲဆိုမှုများ ဖြစ်လာသည်အထိ ရှုပ်ထွေးလာကြောင်းပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တင်ပြထားသော်လည်း
အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန် လိုအပ်ချက်များရှိနေသေးသဖြင့် အခြေအနေများ
ပိုမိုရှုပ်ထွေးလာသည်ဟု ဦးနေလင်းဇင်က ပြောသည်။

''ဒါဟာ အစိုးရက အကွက်ချပေးထားတဲ့ စက်မှုဇုန်မြေ ဖြစ်သွားပြီ။ လယ်သမားတွေကို
ငှားရမ်းလုပ်ပိုင်ခွင့်ပေးထားတဲ့မြေ မဟုတ်တော့ဘူး။ အစိုးရ အရင်ကသိမ်းယူပြီး သီးနှံ
လျော်ကြေးပေးခဲ့တာတွေကို မကျေနပ်လို့ နစ်နာနေသေးတယ်ထင်ရင် အစိုးရကို
တင်ပြပြီးတောင်းဆိုရမယ်။ လုပ်ငန်းရှင်တွေကို ဒီလိုမျိုး လည်ပတ်နေတဲ့ စက်ရုံတွေရှေ့မှာပါ
ပိတ်ဆို့တဲထိုးပြီး ငွေတောင်းတာကတော့ ဥပဒေမဲ့လုပ်ရပ်ဖြစ်သွားပြီ''ဟု ၄င်းက ပြောသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက ယခုကဲ့သို့ စက်မှုဇုန်များတွင် ကျူးကျော်ပြဿနာများကို
အမြန်ဆုံး ဖြေရှင်းပေးရန် ကြန့်ကြာနေမှုအပေါ် စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် သုံးသပ်ကာ
ရင်းနှီးမြှုပ်နှံရန် ခက်ခဲသည့်နိုင်ငံအဖြစ် ယူဆသွားနိုင်ကြောင်းလည်း ဦးနေလင်းဇင်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်