မြို့သစ်များတွင် တန်ဖိုးနည်းအိမ်ရာ ဖော် ထုတ်ရောင်းချမှုများ အစိုးရသစ်က
လုပ်ဆောင်နေသော်လည်း အိမ်အငှားစျေးနှုန်းများမှာ ယခုအချိန်ထိ ကျဆင်းခြင်း
မရှိသေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
''မြို့သစ်တွေနဲ့ ရန်ကုန်မြို့စွန် မြို့နယ်တွေမှာ အစိုးရက တန်ဖိုးနည်းအိမ်ရာအလုံးရေ
သောင်းနဲ့ချီပြီး ရောင်းချပေးခဲ့ပေမဲ့မြို့တွင်းမြို့နယ်တွေမှာ အိမ်အငှားစျေးကွက်ကို
ဘာမှ အကျိုးသက်ရောက်မှုမရှိသေးပါဘူး။ အိမ်ရာသစ်ဖော်ထုတ်မှုတွေများနေပေမဲ့လည်း
မြို့နယ်တိုင်းမှာ အိမ်အငှားစျေးနှုန်းတွေက အရင်ကထက် စျေးကျတာမျိုးမရှိဘဲ
အတက်ဘက်ကိုသာဦးတည်နေဆဲ ဖြစ်ပါတယ်''ဟု သစ္စာအိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်း
ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။
စည်ပင်နယ်နိမိတ်မြို့နယ်များတွင် အိမ်နှင့် ရုံးခန်းအငှားစျေးကွက်မှာ ကောင်းမွန်လျက်ရှိပြီး
စျေးနှုန်းများမှာလည်း အမြင့်ပိုင်းတွင်သာ ဦးတည်လျက်ရှိကြောင်း ၄င်းက ပြောသည်။
ရုံးခန်းများမှာ အဖွင့်များနေဆဲဖြစ်ပြီး မြို့ထဲဧရိယာများထက် မြို့ထဲဧရိယာ မြို့နယ်များနှင့်
နီးစပ်သော မြို့နယ်များတွင် အငှားစျေးကွက် ပိုမိုကောင်းမွန်နေကြောင်း
၄င်းက ပြောသည်။
''အိမ်အငှားစျေးကွက်က ရုံးခန်းတွေ အဖွင့်များတဲ့ မြို့ထဲ ခြောက်မြို့နယ်မှာပဲ စျေးကွက်
ကောင်းမွန်ဆဲ မဟုတ်ပါဘူး။ မြေစျေးအရမ်းကြီးမြင့်ပြီးဖြစ်တဲ့ မြို့ထဲဧရိယာထက်
မြို့ထဲဧရိယာနဲ့ နီးစပ်တဲ့မြို့နယ်တွေဖြစ်တဲ့ မြို့တည်နှစ်ကြာနေပြီးစည်ပင်နေတဲ့
ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တွေလို
မြို့နယ်တွေမှာလည်း အိမ်အငှားစျေးကွက် ကောင်းမွန်နေပါတယ်။ ငှားရမ်းလိုသူတွေ
များပြားပြီး အဲဒီမြို့နယ်တွေမှာ ငှားရမ်းခတွေက အမြင့်ပိုင်းရှိနေဆဲပါပဲ''ဟု ၄င်းက ပြောသည်။
ယခုလပိုင်းအတွင်း မြို့တွင်းဧရိယာနှင့် နီးစပ်သော ဗဟန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ရန်ကင်း၊
စမ်းချောင်းမြို့နယ်များရှိ အိမ်များမှာ စျေးနှုန်းအမြင့်ဆုံးဖြစ်ပြီး ငှားရမ်းမှုများလည်း
ပိုမိုများပြားလျက်ရှိကြောင်း ဒေါ်သူဇာမေက ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေအငှားစျေးကွက်သည် အရောင်းစျေးကွက်ထက်
ပိုမိုကောင်းမွန်လည်ပတ်နေပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့လယ်ကောင်အပြင်ဘက်
မြို့နယ်များ၏ အငှားစျေးကွက်မှာ ငှားရမ်းမှုများလျက်ရှိကြောင်း အိမ်ခြံမြေရောင်းဝယ်ငှား
ရှာဖွေနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော House.com.mm က သတင်းထုတ်ပြန်ထားသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းနှင့် အစိုးရသစ်ကလည်း
ရန်ကုန်မြို့စွန်ရှိ မြို့သစ်များကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်စေရန် ဆောင်ရွက်လာသည့်အတွက် မြို့လယ်မြို့နယ်များဖြစ်သော ရန်ကင်း၊
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စသော မြို့နယ်များအပြင် မြို့ပြင်မြို့နယ်များဖြစ်သော
ဒဂုံလေးမြို့နယ်က အဓိကလမ်းမတန်းများရှိ အဆောက်အအုံငှားရမ်းမှုစျေးကွက်လည်း
ကောင်းမွန်နေဆဲဖြစ်ကြောင်း ရှိုင်းအိမ်ခြံမြေအကျိုးဆောင်က ဦးအောင်သူက ပြောသည်။
''အစိုးရက တန်ဖိုးနည်းအိမ်ရာသစ်တွေ ဆောက်လုပ်ရောင်းချပေးနေပေမဲ့ မြို့ထဲဧရိယာတွေသာမက
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သန်လျင်မြို့နယ်တွေမှာလည်း အိမ်အငှားစျေးကွက်က
ကောင်းမွန်နေဆဲပါပဲ။ မြို့သစ်တွေက အကောင်အထည်ဖော်တာ အခုမှ အစပိုင်းလောက်ပဲရှိသေးပြီး
အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးအဆောက်အအုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း
အရမ်းမကောင်းမွန်သေးလို့ နေထိုင်သူတွေက မြို့လယ်နဲ့နီးတဲ့၊ အလုပ်အကိုင်
အခွင့်အလမ်းကောင်းမွန်တဲ့ မြို့နယ်တွေမှာပဲ နေထိုင်လိုကြပါတယ်''ဟု ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှု
ပါဝင်သော တန်ဖိုးမြင့်အငှားအိမ်ရာအခန်းပေါင်း ၁,ဝဝဝ ကျော်ကို ပြီးခဲ့သောနှစ်အတွင်း
အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်ထဲတွင်လည်း နေ့စဉ် သန့်ရှင်းရေးနှင့် အခြားလိုအပ်သော
ဝန်ဆောင်မှုများ ပါဝင်မည့် အငှားအိမ်ရာများဖြစ်သော ဒေဝူးအမရအိမ်ရာ၊ ဂျန်းရှင်းစီးတီးအိမ်ရာနှင့်
ကန်သာယာအိမ်ရာများ တည်ဆောက်ပြီးစီးမည် ဖြစ်သည်။
















