ယခုဘဏ္ဍာနှစ်ကုန်ရန် နီးလာသော်လည်း အခွန်ရရှိနှုန်းထားမှာ လျာထားချက်၏ ထက်ဝက်ခန့်သာ ရရှိသေး

ယခုဘဏ္ဍာနှစ်ကုန်ရန် နီးလာသော်လည်း အခွန်ရရှိနှုန်းထားမှာ လျာထားချက်၏ ထက်ဝက်ခန့်သာ ရရှိသေး

ယခုဘဏ္ဍာနှစ်ကုန်ရန် ရက်ပေါင်း ၅၀ ကျော်သာ ကျန်ရှိသော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းမှ
အခွန်အရပ်ရပ်ကောက်ခံထားမှု ရရှိသည့် နှုန်းထားမှာ ယခုဘဏ္ဍနှစ်အတွက် လျာထားချက်၏
ထက်ဝက်ခန့်သာ ကောက်ခံရရှိထားသေးကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန
လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ယခုလ ၈ ရက်နေ့ကပြောသည်။

"အခွန်ကောက်ခံမှုတွေ တိုးလိုက်တဲ့အတွက် အခွန်ရှောင်မှုတွေ ရှိလာတာကြောင့်လည်းပါတယ်။
နောက်တစ်ခုကတော့ အခွန်လျာထားချက်ကို တိုးမြှင့်လိုက်တာလည်းပါတယ်။ ဒီနှစ်အခွန်မရတဲ့
အချက်တွေထဲမှာ အိမ်၊ ခြံ၊ မြေရောင်းတဲ့လူတွေ အခွန်မဆောင်တာက အဓိကဖြစ်ပါတယ်" ဟု
ဦးအောင်ကျော်မိုးကပြောသည်။

မန္တလေးတိုင်း အခွန်ဦးစီးဌာနမှ ယခု၂၀၁၆ - ၂၀၁၇ ခုနှစ်အတွက် အခွန်လျာထားချက်မှာ
၁၅၄ ဒသမ ၁ ဘီလျံဖြစ်ကြောင်းသိရပြီး လက်ရှိအချိန်တွင် ရရှိထားသည့် အခွန်ပမာဏာမှာ
ရ၈ ဒသမ ရ ဘီလျံသာ ရရှိသေးကြောင်း သိရသည်။

မန္တလေးတိုင်း အခွန်ဦးစီးဌာနမှ အခွန်စည်းကြပ်နေသည့် ကဏ္ဍ ငါးခု ရှိပြီး၊ ယခုလ ၆ ရက်နေ့ထိ
ယခုဘဏ္ဍာနှစ်အတွက် အဆိုပါကဏ္ဍငါးခုမှ ကဏ္ဍတစ်ခုချင်းဆီအလိုက် လျာထားချက်များထဲမှ
စည်းကြပ်ရာတွင် ရရှိထားသည့် အခွန်ပမာဏများမှာ ကုန်သွယ်လုပ်ငန်းခွန်မှ ၆၄ ဒသမ ၂၈ ရာခိုင်နှုန်း၊
၀င်ငွေခွန်မှ ၃၆ ဒသမ ၃၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်မှ ၁၃၂ ဒသမ ၃၂ ရာခိုင်နှုန်း၊
တံဆိပ်ခေါင်းခွန်မှ ၈၉ ဒသမ ၀၂ ရာခိုင်နှုန်း နှင့် အောင်ဘာလေသိန်းဆုခွန်မှ ၉၁ ဒသမ
၅၆ ရာခိုင်နှုန်း စည်းကြပ်ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ခုနှစ်အတွက် အခွန်လျာထားချက်မှာ ၁၁၂ ဒသမ ၉၄၉ ဘီလျံသာ
သတ်မှတ်ထားသော်လည်း ယခုဘဏ္ဍာနှစ်အတွက် သတ်မှတ်ချက်မှာ ပြီးခဲ့သည့်နှစ်ထက်
၄၀ ဘီလျံခန့် တိုးမြှင့်ခဲ့သည်။

ယခင်နှစ်များကမူ သက်ဆိုင်ရာ ကဏ္ဍအလိုက် အခွန်ကို သုံးရာခိုင်နှုန်းကိုသာ
ကောက်ယူခဲ့သော်လည်း၊ ယခုနှစ်တွင် ၁၅ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက်
အခွန်များစွာရနိုင်သည့် အိမ်၊ခြံ၊မြေ လုပ်ငန်းများဘက်မှ အခွန်ရရှိမှုနှှုန်းထားများမှာ
နည်းပါးလာခဲ့ကြောင်းနှင့် အခွန်ရှောင်သည့် အိမ်၊ခြံ၊မြေ ရောင်းဝယ်မှုများမှာ ၉၀ ရာခိုင်နှုန်းခန့်ထိ
ရှိကြောင်း ဦးအောင်ကျော်မိုးထံမှ သိရသည်။

"ရောင်းတဲ့လူတွေအနေနဲ့ သူရတဲ့ အမြတ်စွန်းပေါ်မူတည်ပြီး အခွန်ဆောင်ရမှာဖြစ်ပေမယ့် အခွန်ကို
မဆောင်ကြဘူး။ အခွန်ဆောင်လိုက်ရင် အမြတ်ရတဲ့တွေငွေနဲ့ ကျန်တဲ့ပစ္စည်းတွေ ၀ယ်ယူမယ်ဆိုရင်
အခွန်ဆောင်စရာ မလိုတော့ဘူးဆိုတာတွေကိုလည်း မသိကြတော့ မဆောင်ကြတာများပါတယ်"ဟု
ဦးအောင်ကျော်မိုးက ပြောသည်။

"အိမ်၊ခြံ၊မြေ အရောင်းအဝယ်တော်တော်များများကတော့ အခွန်မဆောင်ကြတာများပါတယ်။
တစ်ချို့ကကျလည်း စီးပွားရေးမကောင်းလို့ သူတို့နေတဲ့အိမ်ကိုရောင်းလိုက်ရတယ်။ အဲဒီလိုရောင်းရတဲ့
ပိုက်ဆံတွေထဲကမှ အခွန်ဆောင်ရမယ်ဆိုတော့ သူတို့အတွက်ကျလည်း အခက်အခဲဖြစ်တာပေါ့။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် လုပ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်ကတော့ အခွန်ဆောင်သင့်ပါတယ်။
သူတို့ကကျ စီးပွားရေး လုပ်နေကြတာဖြစ်တယ်။ မရှိလို့ ရောင်းလိုက်ရတဲ့ လူတွေကိုတော့
အခွန်ဆောင်ချင်လာအောင် အစိုးရဘက်ကနေလည်း နည်းလမ်းတစ်ခုခုနဲ့ ကြိုးစားသင့်တယ်"ဟု
အိမ်၊ ခြံ၊ မြေ ပွဲစားဖြစ်သူ ဦးစိုးဝင်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်