ကန်တော်ကြီး ယခင် ငါးပြတိုက်ဟောင်းနေရာတွင် ရန်ကုန်အခြေစိုက် ပြည်တွင်းခရီးသွားကုမ္ပဏီ
တစ်ခုက အကောင်အထည်ဖော်မည့် ဟီလီယံဓာတ်ငွေသုံး မိုးပျံပူဖောင်းစီမံကိန်းကို အဆိုပါနေရာတွင်
အပန်းဖြေအနားယူကြသည့် အများပြည်သူ ၁ဝဝ ခန့်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း
ကုမ္ပဏီအနေဖြင့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Myanmar
VorageInternational Company ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လွင်လွင်ကျော်က ပြောသည်။
''ဒီလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူများတွေထင်သလို ရွှေတိဂုံဘုရားကို ဖြတ်ပျံတာတွေ
မဟုတ်ဘဲနဲ့ တည်ငြိမ်တဲ့အမြင့်မှာ ရပ်တန့်နေတဲ့ ဘောလုံးပဲ။ ဘောလုံးကတော့ ရှုခင်းတွေကြည့်ဖို့နဲ့
နိုင်ငံခြားသား ဧည့်သည်တွေကို ဝန်ဆောင်မှုပေးဖို့ ရန်ကုန်မြို့ရဲ့ အပေါ်စီးအလှကို ကြည့်နိုင်မယ်။
အဲဒီရည်ရွယ်ချက်နဲ့ဘောလုံးလုပ်ငန်းကို အကောင်အထည်ဖော်တာပါ။ လူတွေကတော့
ဒီစီမံကိန်းလုပ်ငန်းကို နားမလည်သေးတဲ့အတွက်ကြောင့် တိတိကျကျလည်း ချမပြနိုင်သေးတဲ့
အတွက်ကြောင့် နားလည်မှု လွဲမှားနေတယ်လို့ပဲ ထင်ပါတယ်'' ဟု ၄င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
ကုမ္ပဏီက ယခုလ ၁ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့်
အားကစားကွင်းဌာနနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကာ အဆိုပါစီမံကိန်းကို မတ်လကုန်ခန့်တွင်
အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
''စာချုပ်ချုပ်ပြီးနောက်ပိုင်းမှာ ပြည်သူတွေကို ချပြဖို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်
ရှိပါတယ်။ အဲဒီနေရာမှာလည်း စီမံကိန်းပုံစံလေးကို ဗီနိုင်းထုတ်ပြီး ပြည်သူတွေကို ချပြဖို့
စီစဉ်ထားပါတယ်။ စာချုပ် ချုပ်ပြီးသွားပြီဆိုတော့ အဲဒီလိုပုံစံလေးနဲ့ပဲဒီစီမံကိန်းလုပ်ငန်းကို
အာမခံကုမ္ပဏီတွေ သေသေချာချာလေ့လာပြီးမှ ဘောလုံးမှာယူတာတွေ၊ ဓာတ်ငွေ့မှာယူတာတွေ
လုပ်ဆောင်ပြီးမှ စာချုပ်ချုပ်တာပါ''ဟု ၄င်းက ပြောသည်။
ထိုကဲ့သို့ ကုမ္ပဏီက အစိုးရနှင့် စာချုပ်ချုပ်ဆိုပြီး စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်
သွားမည်ဖြစ်သော်လည်း ယင်းကန်တော်ကြီးတွင် နေ့စဉ်အနားယူ အပန်းဖြေကြသည့်
အနီးနားမြို့နယ်များရှိ ပြည်သူများက အဆိုပါစီမံကိန်းကို လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း
ဆန္ဒထုတ်ဖော် ပြသသူများထဲတွင် ပါဝင်ခဲ့သည့် ဦးကျော်စွာသိန်းက ပြောသည်။
''အဓိကကတော့ ဒီနားတစ်ဝိုက်မှာ နေတဲ့လူတွေတင်မကဘူး၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား၊
တာမွေ၊ ဗဟန်းက လူတွေအားလုံးက ဒီနေရာလေးမှာလာပြီး မနက်တိုင်း လမ်းလျှောက်ကြတယ်၊
အပန်းဖြေကြတယ်၊ လေ့ကျင့်ခန်းလုပ်ကြတယ်။ ဒီနေရာလေးမှာ သဘာဝပတ်ဝန်းကျင်ကိုလည်း
ဖျက်ဆီးမယ်၊ အများပြည်သူလူထုကိုလည်းထိပါးအောင်လုပ်မယ်၊ သူတို့စီးပွားရေးလုပ်ငန်းတွေ
ကိုယ်ကျိုးစီးပွားအတွက် လာလုပ်တာကိုတော့ ကျွန်တော်တို့အနေနဲ့ လုံးဝကန့်ကွက်ပါတယ်''ဟု
ကန်တော်လေးရပ်ကွက် (၉၃) လမ်းတွင် နေထိုင်သူ ဦးကျော်စွာသိန်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် အခကြေးငွေပေးစရာမလိုဘဲ အများပြည်သူ အပန်းဖြေနိုင်သည့်နေရာမှာ
ရှားပါးသည့်အတွက် ယခုကန်တော်ကြီးတွင် ပြည်သူများ ဝင်ကြေးအခမဲ့ နေ့စဉ်လာရောက်
အပန်းဖြေနိုင်သည့် အများပြည်သူသုံးနေရာကို စီးပွားရေးသုံး လုပ်ငန်းများကို မပေးလိုကြောင်း
ဆန္ဒပြသူများက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောသည်။
''သူတို့ပြောတာ စတုရန်းပေ နှစ်သောင်းကျော်ပဲ မီးပုံးပျံတက်ဖို့ ဆင်းဖို့အတွက်ပဲဆိုပြီး
နေရာယူထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စျေးဆိုင်တွေ ပါလာနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့
မီးပုံးပျံကွင်းတင် မကဘူး၊ စားသောက်ဆိုင်တွေ၊ တခြားဆိုင်ခန်းတွေပါ ရောက်လာနိုင်တယ်။
သဘာဝပတ်ဝန်းကျင်နေရာလည်းပျက်စီးသွားမယ်၊ အများပြည်သူပိုင်တဲ့နေရာလည်း ပျောက်သွားမယ်။
အခုနောက်ပိုင်းမှာမြေငှားတယ်ဆိုတာ အနည်းဆုံးက ၁ဝ နှစ်လောက် ငှားကြတာ။ ဒီ ၁ဝ
နှစ်အတွင်းမှာကို သဘာဝပတ်ဝန်းကျင်က လုံးဝပျက်စီးသွားမှာ။ ဒီနေရာလေးကို နှမြောလွန်းလို့ပါ''ဟု
ဦးကျော်စွာသိန်းက ပြောသည်။
ထို့ပြင် ဆန္ဒထုတ်ဖော်ပြသသူများက အဆိုပါမီးပုံးပျံလုပ်ငန်းစီမံကိန်းမှာ ရွှေတိဂုံဘုရားနှင့်
နီးကပ်နေသည့်အတွက် အမြင့်သို့ ပျံတက်သည့်အခါတွင် ရွှေတိဂုံဘုရား၏ လုံခြံုရေးအခြေအနေကို
စိုးရိမ်ကြောင်း ပြောသည်။
''နောက်ပြီး ရွှေတိဂုံဘုရားရဲ့အမြင့်ကို ကျော်ပြီး ပြန်မှာဆိုတော့၊ ပူဖောင်းလာစီးတဲ့သူထဲမှာ
ရွှေတိဂုံဘုရားကို အန္တရာယ်ပြုနိုင်တဲ့ မသမာတဲ့သူတွေ ပါလာနိုင်တယ်။ မြန်မာပြည်ရဲ့
လုံခြံုရေးကလည်း ကောင်းတာမဟုတ်ဘူး''ဟု ကျောက်မြောင်းမြို့နယ်တွင် နေထိုင်သူ
ဒေါ်မေသက်ထွန်းက ပြောသည်။
ကုမ္ပဏီဘက်ကမူ ၄င်းတို့အနေဖြင့် စည်ပင်သာယာရေးကော်မတီနှင့် ချုပ်ဆိုထားသည့်
စာချုပ်တွင် မီးပုံပျံအမြင့်မှာ ရွှေတိဂုံဘုရားအမြင့်ထက် မကျော်လွန်ရန် သတ်မှတ်ပြီးဖြစ်ပြီး
မီးပုံးပျံမှာလည်း ရွေ့လျားပျံသန်းနေမှာမဟုတ်ကြောင်း ဆိုသည်။
ထို့ပြင် ၄င်းတို့၏စီမံကိန်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရက လေ့လာမှုများ၊ စစ်ဆေးမှုများ
အကြိမ်ကြိမ် ပြုလုပ်ပြီးမှ သင့်လျော်သည့် စီမံကိန်းဖြစ်သည့်အတွက် ယင်းနေရာတွင်
လုပ်ငန်းလုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်လွင်လွင်ကျော်က ပြောသည်။
''ဒီလုပ်ငန်းကို အကြိမ်ကြိမ် စဉ်းစားပြီးတော့မှ ဖြစ်သင့်ဖြစ်ထိုက်တယ်။ ပြီးတော့ အမြင့်ဆုံး
ငှားရမ်းခနဲ့လည်း စည်ပင်ကိုလည်းသိန်းထောင်ချီ ပေးဆောင်နေတာဆိုတော့ တစ်ဖက်
တစ်လမ်းကလည်း မြို့တော်ဝင်ငွေရမှာပါ။ ပြီးတော့ ခရီးသွားဘက်ကကော၊ အများပြည်သူ
အပန်းဖြေဖို့နေရာလည်း သက်သာတဲ့နှုန်းထားနဲ့ တစ်ခုတိုးလာမှာပါ။ ရွှေတိဂုံကို လှမ်းမြင်ရုံပဲ
မြင်ရမှာပါ။ ဘာမှလုပ်လို့မရတဲ့ နေရာမျိုးမှာပါ။ သူများထင်နေသလိုမျိုး ဖြတ်ပျံတာတို့၊
ပေါက်ကွဲတာမျိုးတွေ မရှိပါဘူး။ ဟီလီယံဓာတ်ငွေ့က မီးမလောင်နိုင်တဲ့ ဓာတ်ငွေ့ဖြစ်ပြီးတော့
ဆာဗေးလည်း အကြိမ်ကြိမ်လုပ်ပြီးပါပြီ။ စစ်ဆေးပြီးမှ ဒီစီမံကိန်းကို ရန်ကုန်တိုင်း
အစိုးရအဖွဲ့က ခွင့်ပြုခဲ့တာပါ''ဟု ၄င်းက ပြောသည်။
ကန့်ကွက်ဆန္ဒပြသူများကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်ဝင်ငွေ
ရလိုပါက အခြားမြေနေရာများကို ငှားရမ်းသင့်ပြီး ယခု အများပြည်သူ နေ့စဉ်ရာနှင့်ချီ လာရောက်
အပန်းဖြေ အနားယူနေသည့်နေရာကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မပေးသင့်ကြောင်း
ပြောသည်။
''ဒီနေရာက လူဦးရေ ၂ဝဝ ကျော်လောက် ပုံမှန်လမ်းလျှောက်တဲ့လူ ရှိပါတယ်။ ပိတ်ရက်ဆို
ဒီမှာ လမ်းလျှောက်၊ အပန်းဖြေတဲ့လူ ထောင်ဂဏန်းကို ရှိပါတယ်။ ဒီအစိုးရသစ်အနေနဲ့
ပြည်သူကိုမကြည့်ဘဲ စီးပွားရေးသမားဘက်က ရပ်တည်ပြီး ဒီစီမံကိန်းကို ပေးမိတာ အံ့လည်း
အံ့သြပါတယ်။ ဝမ်းလည်းနည်းမိပါတယ်။ ရန်ကုန်မှာ အများပြည်သူမသွားတဲ့ နေရာလွတ်တွေ
အများကြီးရှိပါတယ်''ဟု ဦးကျော်စွာသိန်းက ပြောသည်။
အဆိုပါစီမံကိန်းကို ကန့်ကွက်သည့် ပြည်သူများမှာ စီမံကိန်း ဆက်လက်လုပ်ဆောင်ပါက
၄င်းတို့အနေဖြင့် ဆက်လက် ကန့်ကွက် ဆန္ဒပြသွားမည်ဟု ဆိုသည်။
''ကုမ္ပဏီဘက်ကလည်း ချပြမှုအားနည်းပြီး ပြည်သူ ဘာမှမသိရဘူး။ ပွင့်လင်းမြင်သာအောင်
ချမပြဘူး။ တကယ်ဆိုရင် အခုချိန်မှာ ပွင့်ပွင့်လင်းလင်း ပြည်သူကို ဆန္ဒခံယူပြီး လုပ်ရမှာပါ။
ဆက်လုပ်မယ်ဆို ကျွန်မတို့က ဆက်ပြီးကန့်ကွက်ပါမယ်။ ပြည်သူတစ်ဦးအနေနဲ့ ကန်တော်ကြီးကို
သာယာလှပအောင် ၊သန့်ရှင်းသပ်ရပ်အောင် လုပ်မယ်ဆိုရင် ဝိုင်းပြီးတောင် ကူညီပါဦးမယ်၊
ပံ့ပိုးပေးမယ်။ ဒါပေမဲ့ ဒီလို အများပြည်သူ အပန်းဖြေတဲ့နေရာမှာ ဘာစီးပွားရေးမှ
မလုပ်စေချင်ဘူး။ ဒီလိုနေရာလေးက အရမ်းရှားပါးတယ်''ဟု ဒေါ်မေသက်ထွန်းက ပြောသည်။
လက်ရှိတွင် ယင်းနေရာရှိ အပင်များကို ရွှေ့ပြောင်းရန် စီစဉ်နေသော်လည်း ပြည်သူများ၏
ဆန္ဒထုတ်ဖော်မှုများ ရှိနေသည့်အတွက် အပင်ရွှေ့သည့်လုပ်ငန်းကို ခေတ္တရပ်တန့်ထားကြောင်း
သိရသည်။
ကုမ္ပဏီက အဆိုပါစီမံကိန်းအတွက် စည်ပင်သာယာရေးကော်မတီကို မြေငှားရမ်းခ တစ်နှစ်လျှင်
ကျပ်သိန်း ၁,၄ဝဝ ကျော်ခန့်ပေးရပြီး စီမံကိန်းဧရိယာမှာ စတုရန်းပေ ၃ဝ,ဝဝဝ ခန့်ဖြစ်သည်။
















