မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အိမ်ခြံမြေကဏ္ဍမှာ နံပါတ်ငါး အဆင့်တွင်ရှိနေပြီး
စင်ကာပူနိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ပြည်တွင်း အိမ်ခြံမြေဝက်ဘ်ဆိုက်
House.com.mm က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၄င်းတို့၏ထုတ်ပြန်မှုတွင် ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ
အမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့်ရှိလာနိုင်ပြီး အခြေခံအဆောက်အအုံတည်ဆောက်ရေး
ကဏ္ဍနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် နိုင်ငံတကာ ရင်နှီးမြှုပ်နှံမှုများပိုဝင်
လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊
ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အများဆုံး
ရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ၄င်း၏ သတင်းထုတ်ပြန်မှုတွင် တွေ့ရှိရသည်။
House.com.mm က ၄င်းတို့လေ့လာထားသည့်စစ်တမ်းများအရ ယခုနှစ် ၂ဝ၁၇ တွင်
ပြီးစီးမည့် အိမ်ခြံမြေစီမံကိန်း အများအပြားရှိနေပြီး ပြီးစီးနေပြီဖြစ်သည့် အဆင့်မြင့်
အိမ်ရာစီမံကိန်းများမှ ပေါ်ထွက်လာနေပြီဖြစ်သည့် အခန်းလွတ်များလည်း ရှိနေသည့်အတွက်
လာမည့် အိမ်ခြံမြေစျေးကွက်အတွက် ထောက်ပံ့မှု အားကောင်းမည်ဟု ပြောထားသည်။
ထို့ပြင် ၂ဝ၁၇ ခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်
ဖော်လာနိုင်ဖွယ်ရှိနေသည့်အတွက် အဆင့်မြင့်အိမ်ရာစျေးကွက်၊ ရုံးခန်းနေရာ
ရောင်းဝယ်ငှားစျေးကွက်များမှာ လတ်တလောတွင် ငြိမ်သက်နေသော်လည်း မကြာခင်
အချိန်ကာလများတွင် ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။
ထိုအချက်များကို House.com.mm က ပြည်တွင်း၊ ပြည်ပအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများနှင့်
တွေ့ဆုံမေးမြန်းမှုများမှာ သုံးသပ် အစီရင်ခံထားသည်ဟု ဆိုသည်။
''မြန်မာနိုင်ငံမှာ အိမ်ခြံမြေရောင်းဝယ်ငှား လုပ်ငန်းဟာ ၂ဝ၁၆ ခုနှစ်မှာ အေးနေခဲ့ပေမဲ့
ရင်းနှီးမြှုပ်နှံမှုကတော့ ကျမသွားခဲ့ပါဘူး''ဟု House.com.mm က ဆိုထားသည်။
''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာသေးခင်က ပြုလုပ်လိုက်တဲ့ အပြောင်း
အလဲတွေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က အိမ်ခြံမြေစျေးကွက်ပေါ် အများကြီး
သက်ရောက်မှု ရှိနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှစ်ခုကို အာဆီယံရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံတကာက စံနှုန်းတွေအတိုင်း
ပူးပေါင်းလိုက်တာကြောင့် အာဆီယံနိုင်ငံတွေအကြား ရှင်းရှင်းလင်းလင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
တစ်သားတည်း ပြုလုပ်လာနိုင်ကြမှာပါ''ဟု House.com.mm ၏ ပူးတွဲတည်ထောင်သူနှင့်
စီမံခန့်ခွဲမှုဒါရိုက်တာ Mr. NiteshKhirwal က ပြောသည်။
အဆိုပါ ဥပဒေအသစ်ကြောင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ပေးခဲ့မှုတို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု
စျေးကွက်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံကို ပိုမိုရရှိခဲ့ကြောင်း ၄င်းက ဆိုသည်။
''ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာခြင်းရဲ့ သက်ရောက်မှုအနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းတွေ
ဆောင်ရွက်နိုင်တဲ့ အိမ်ခြံမြေ ဝယ်ရောင်းတွေနဲ့ ငှားလိုနှုန်းတွေ မြင့်မားလာနိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်ဘက်ခြမ်းတွေမှာ အိမ်ခြံမြေလုပ်ငန်းတွေ အားကောင်းလာနိုင်
ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်ဖော်မှုများနှင့်အတူ လူဦးရေ
တိုးပွားလာမှုများကြောင့် မကြာခင်ကာလများတွင် အိမ်ခြံမြေခေတ်ကို ပြန်ရောက်လာနိုင်တော့
မည်ဖြစ်ကြောင်းလည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
''နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံဖို့အတွက် မြေနေရာတွေက
ကျိန်းသေ လိုအပ်လာမှာဖြစ်တာကြောင့် အိမ်ခြံမြေစျေးကွက် အားကောင်းလာနိုင်ပါတယ်။
အထူးသဖြင့် စက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ် ဖြစ်လာနိုင်တယ်။
လောလောဆယ်မှာတော့ အိမ်ခြံမြေစျေးကွက်က ရောင်း၊ ဝယ်၊ ငှား မျှတနေတဲ့ အနေအထားမှာ
ရှိနေပါတယ်''ဟု ရန်ကုန်တိုင်းက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။
















