စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ မြန်မာ့အိမ်ခြံမြေများ ဝယ်ယူနိုင်ရန်အတွက်
အိမ်ရာအထူးအရောင်းပြပွဲကို iMyanmarHouse.com က ပြုလုပ်လျက်ရှိရာ ယခုလာမည့်
ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်ထိ တတိယအကြိမ်မြောက် အိမ်ရာအရောင်းကို စင်ကာပူနိုင်ငံတွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါအရောင်းပြပွဲကို စင်ကာပူနိုင်ငံ မြန်မာရပ်ကွက် ပန်နီဆူလာပလာဇာအနီးရှိ Peninsula
Excelsior ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါအရောင်းပြပွဲတွင် ကျပ်သိန်း ၁ဝဝကျော်မှ တိုက်ခန်းများ၊ ကျပ်သိန်း ၁၅ဝ ကျော်
မြေကွက်များနှင့် ကျပ်သိန်း ၁,ဝဝဝ ကျော် တန်ဖိုးရှိသည့် နိုင်ငံတကာအဆင့်မီ
ကွန်ဒိုအခန်းများမှစ၍ ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ပြင် အခန်းများကို အရစ်ကျစနစ်များ၊ အထူးလျှော့စျေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရန်
စီစဉ်လျက်ရှိကြောင်း iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက
ပြောသည်။
သို့သော် အဆိုပါ အထူးစျေးနှုန်းများနှင့် လျှော့စျေးများကို အရောင်းပြပွဲရက်အတွင်း
ဝယ်ယူမှသာ ရရှိမည်ဖြစ်သောကြောင့် ဝယ်ယူလိုသူများအနေဖြင့် စရန်ငွေ ဒေါ်လာ ၁,ဝဝဝ ကို
ယူဆောင်လာရန် လိုအပ်ပြီး ကြိုတင်စာရင်းသွင်းမှသာလျင် အခန်းသေချာပေါက်
ရနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အရောင်းပြပွဲအား လူဦးရေအရေအတွက် ကန့်သတ်ထားသဖြင့် မပျက်မကွက်
တက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်များတွင်လည်း iMyanmarHouse.com မှ
စင်ကာပူနိုင်ငံတွင် တစ်နှစ်တစ်ကြိမ် အရောင်းပြပွဲပြုလုပ်ခဲ့ကာ တက်ရောက်သူဦးရေ
၅,ဝဝဝ ကျော်နှင့် ငွေကျပ် ၁၆ ဘီလျံ ကျော်တန်ဖိုးရှိသည့် တိုက်ခန်းနှင့် ကွန်ဒိုများ
ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
















