စျေးဝယ်စင်တာတွေမှာ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီလား

စျေးဝယ်စင်တာတွေမှာ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိနေပြီလား

မြန်မာနိုင်ငံ၏ ယခုအခြေအနေသည် ၂ဝ၁ဝ ပြည့်နှစ် ရှေ့ပိုင်းနှင့်ယှဉ်လျှင် အဘက်ဘက်တွင်
တိုးတက်မှုများ ရှိလာခဲ့သည်။ လက်လီလက်ကား ရောင်းဝယ်နိုင်သည့် စျေးဝယ်စင်တာကြီးများက
မြို့တော်ရန်ကုန်တစ်ဝိုက်တွင် ပိုမိုများပြားလာခဲ့သည်။

မြန်မာနိုင်ငံ၏ ယခုအခြေအနေသည် ၂ဝ၁ဝ ပြည့်နှစ် ရှေ့ပိုင်းနှင့်ယှဉ်လျှင် အဘက်ဘက်တွင်
တိုးတက်မှုများ ရှိလာခဲ့သည်။ လက်လီလက်ကား ရောင်းဝယ်နိုင်သည့် စျေးဝယ်စင်တာကြီးများက
မြို့တော်ရန်ကုန်တစ်ဝိုက်တွင် ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် အဆင့်မြင့် စျေးဝယ်
စင်တာကြီးများမှာ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် မြို့လယ်ကောင် မြို့နယ်များတွင်သာမက မြို့လယ်
မြို့နယ်များတွင်ပင် ဖွင့်လှစ်လာခဲ့ကြသည်။

နိုင်ငံတကာကဲ့သို့ အဆင့်မြင့်အရောင်းစင်တာများစွာ ပေါ်ပေါက်လာခြင်းက အားရကျေနပ်စရာ
အလားအလာကောင်းများဟု ဆိုရမည်။ ခေတ်ရေစီးကြောင်း တိုးတက်မှုအရှိန်အရ စျေးဝယ်
စင်တာများ၏ အရောင်းဆိုင်ခန်းများတွင် ရောင်းချသူတစ်ဦးချင်း၏ ရင်းနှီးမြှုပ်နှံမှုများကလည်း
လွန်စွာများပြားလာကြသည်။

သို့သော် ၄င်းတိုးတက်မှု အရှိန်အဟုန်အလိုက် စျေးဝယ်စင်တာများတွင် စျေးဝယ်သူများအတွက်
မီးဘေးနှင့် အခြားလုံခြံုမှုဆိုင်ရာ တိုးတက်ကောင်းမွန်မှုများက လိုက်ပါ မလာနိုင်ခဲ့သေးပေ။
စည်ကားကာ လူထူထပ်လွန်းသော နေရာများဖြစ်သော စျေးဝယ်စင်တာများတွင် အကြောင်း
တစ်ခုခုကြောင့် မီးဘေးအန္တရာယ် ကြံုကြိုက်ရပါက စျေးဆိုင်ပိုင်ရှင်များနှင့် စျေးဝယ်သူများအတွက်
ဘေးကင်းလုံခြံုရေးအပြင် ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည့် စျေးဆိုင်များအတွက်
ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန်လည်း ထိရောက်သော ပြင်ဆင်မှုများ ရှိထားသင့်ကြောင်း
ကျွမ်းကျင်သူများက ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်လမ်းမပေါ်ရှိ အထပ်ငါးထပ်မြင့် စျေးဝယ်စင်တာနှင့်
အခြားရုံးခန်း အဆောက်အအုံ၊ ဟိုတယ်များ ပါဝင်သော ဆောက်လုပ်စ ဂျန်းရှင်းစီးတီး
အဆောက်အအုံ၏ သိုလှောင်ခန်းတွင် မီးလောင်ကျွမ်းခဲ့သည်။

ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဖြစ်ပွားခဲ့သော မင်္ဂလာစျေး မီးလောင်ကျွမ်း
မှုကြောင့်လည်း ဆိုင်ခန်းပေါင်း ၁,၆ဝဝကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး အပျက်အစီး
တန်ဖိုးမြင့်မားကာ ကျပ်သိန်းပေါင်း ၃၆ဝ,ဝဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ဒိုင်းမွန်းအင်းလျား အဆောက်အအုံ ၃၄ ထပ်
အဆောက်အအုံ၏ ၂၂ ထပ်တွင် ဆလိုက်မီးစ သစ်သားငြမ်းပေါ် ပြုတ်ကျရာမှ တစ်ဆင့်
မီးလောင်ကျွမ်းခဲ့ပြီး ငါးရက်အကြာ နိုဝင်ဘာ ၂၃ ရက်တွင် ကျွန်းတောလမ်းနှင့် ပြည်လမ်း
အကြားရှိ ဂျန်းရှင်းစင်တာ အပေါ်ဆုံးထပ်ရှိ YKKO ကြေးအိုးဆိုင်တွင် မီးလောင်ကျွမ်းခဲ့
သေးသည်။

အဆိုပါ မီးလောင်ကျွမ်းမှုများကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း လူဦးရေများပြားသော
အထပ်မြင့်အဆောက်အအုံများနှင့် စျေးဝယ်စင်တာများတွင် ဆိုင်ခန်းဖွင့်လိုသူများနှင့်
စျေးဝယ်သူများကြားစိုးရိမ်မှုများ ရှိလာခဲ့သည်။

စျေးဝယ်စင်တာများတွင် အသုံးပြုသော လေအေးပေးစက်များ၊ ဓာတ်လှေကားနှင့်
စက်လှေကားများတွင် စွမ်းအားမြင့် မီးကြိုးများကို အသုံးပြုရသဖြင့် စျေးဝယ်စင်တာ
တစ်ခုတည်ဆောက်ရာတွင် အရေးကြီးဆုံးမှာ မီးဘေးအန္တရာယ်ဖြစ်ကြောင်း အဆောက်
အအုံများတွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေသူ
Safety Officer ဦးမြတ်မင်းသန့်က ပြောသည်။

''ရှောပင်းမောလ်တွေ ဆောက်တော့မယ်ဆို သူတို့ရဲ့ ဘေးန္တရာယ်ကင်းရှင်းရေးမှာ အရေးကြီး
ဆုံးကတော့ မီးဘေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှောပင်းမောလ် အများစုက သာမန်
အဆောက်အအုံတွေမှာ အသုံးပြုနေတဲ့ အဲကွန်း(လေအေးပေးစက်) သုံးတာမဟုတ်ဘူး။
သူတို့က ဘယ်လိုအဲကွန်းမျိုးသုံးလဲဆိုတော့ HVAC လို့ခေါ်တဲ့ ပိုစွမ်းအားမြင့်တဲ့ အဲကွန်းတွေကို
သုံးရတယ်။ ပြီးတော့ ရှောပင်းမောလ်ထဲမှာ အသုံးပြုတဲ့ ဓာတ်လှေကားတွေ၊ စက်လှေကားတွေ
အတွက်လည်း အသုံးပြုရတဲ့ မီးကြိုးတွေက စွမ်းအားမြင့်တဲ့အတွက် ဝါယာရှော့ဖြစ်ပြီး
မီးလောင်နိုင်တယ်''ဟု ၄င်းက ပြောသည်။

စျေးဝယ်စင်တာတစ်ခု တည်ဆောက်ရာတွင် လျှပ်စစ်ပိုင်းကို စနစ်တကျ သေချာစွာ
အသုံးပြုနိုင်စေရန် လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာများနှင့် ဆွေးနွေးဆောင်ရွက်သင့်ပြီး
အရည်အသွေးကောင်းသော စွမ်းအားမြင့် ဝါယာကြိုးများကိုသာ အသုံးပြုသင့်ကြောင်း
၄င်းက ပြောသည်။

''စျေးဝယ်စင်တာတစ်ခု တည်ဆောက်မယ်ဆိုရင် လျှပ်စစ်နဲ့ပိုင်းနဲ့ ပတ်သက်တဲ့ safety ကို
ဂရုစိုက်ရမယ်။ ပိုစွမ်းအားခံနိုင်တဲ့ ဝါယာကြိုးတွေကို သုံးတာတို့၊ လျှပ်စစ်ပိုင်းကို
ထိန်းသိမ်းတဲ့အခါမှာ တကယ်တတ်ကျွမ်းတဲ့ လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာတွေ လူတွေကို
ငှားရမ်းပြီး ပြင်ဆင်တာတို့ လုပ်သင့်ပါတယ်''ဟု ၄င်းက ပြောသည်။

လူသွားများသော အဆောက်အအုံများတွင် ဘေးအန္တရာယ်တစ်ခုခု ကြံုတွေ့ပါက
လူအများ အပြင်သို့ ထွက်ရလွယ်ကူစေရန် ထိုအဆောက်အအုံ၏ ဘေးအကာအရံများကို
မှန်များဖြင့်သာ ဆောက်လုပ်သင့်ကြောင်း ဦးရန်အောင်က ပြောသည်။

''စျေးဝယ်စင်တာတွေမှာ အကြောင်းတစ်ခုခုကြောင့် အရေးပေါ်အခြေအနေတွေဖြစ်ရင်
ပြေးရလွယ်ကူဖို့အတွက် စျေးဝယ်စင်တာရဲ့ နံရံတွေကို အများအားဖြင့် မှန်တွေနဲ့ပဲ
ဆောက်လုပ်သင့်ပါတယ်။ စျေးဝယ်စင်တာတွေက လူထူထပ်ရာ နေရာဖြစ်ပြီး
ထွက်ပေါက်တံခါးကနေ လူတွေအားလုံး တစ်ချိန်တည်း ထွက်လို့မရနိုင်လို့ အဲဒီ
အဆောက်အအုံတွေကို အုတ်နံရံနဲ့ ဆောက်မယ်ဆိုရင် လူအားလုံး ပြေးဖို့
မလွတ်လောက်ပါဘူး။ မှန်အဆောက်အအုံတွေဆိုရင် အရေးပေါ်အခြေအနေတွေကြံုရင်
မှန်တွေကို ခွဲထွက်လို့ရပါတယ်''ဟု ၄င်းက ပြောသည်။

စျေးဝယ်စင်တာတစ်ခု တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲသည့်အခါတွင် စျေးဝယ်စင်တာ
အရွယ်အစား၊ ဆိုင်ရှင်နှင့် စျေးဝယ်မည့်သူအရေအတွက်နှင့် ကိုက်ညီသော ဝင်ပေါက်၊
ထွက်ပေါက်များကို ထားရှိသင့်ကြောင်း ဦးမြတ်မင်းသန့်က ပြောသည်။

''စျေးဝယ်စင်တာတစ်ခု ဆောက်မယ်ဆို ဒီဇိုင်းဆွဲတဲ့အခါ ကိုယ့် စျေးဝယ်စင်တာရဲ့ပမာဏနဲ့
ကိုက်ပြီးတော့ ဝင်ပေါက် ထွက်ပေါက်တွေရဲ့ ဒီဇိုင်းကို ဆွဲသင့်တယ်။ ကိုယ့်စျေးဝယ်စင်တာက
တစ်နေ့ လူဘယ်လောက်လာမလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီး အရေးပေါ်ဖြစ်ခဲ့ရင် အရေးပေါ်
ထွက်ပေါက်က ထွက်တဲ့အခါ လူတွေက လုံလုံလောက်လောက်ထွက်နိုင်မှာ။ ရုပ်ရှင်ရုံပါတဲ့
စျေးဝယ်စင်တာတွေဆို ပိုပြီး ဒါကို ဂရုစိုက်သင့်တယ်။ ပြံုပြီးထွက်လာတဲ့အခါမျိုးဆို
ထွက်ပေါက်က အဆင်မပြေရင် အဲဒီမှာ လူတွေ အန္တရာယ်တွေ့နိုင်တယ်''ဟု ၄င်းက
ပြောသည်။

စျေးဝယ်စင်တာအတွင်း အကြောင်းတစ်ခုခုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက စျေးဝယ်သူများ
အပြင်သို့ထွက်ရန်ထွက်ပေါက်ကို လွယ်ကူစွာ ရှာနိုင်စေရန် စျေးဝယ်စင်တာများတွင်
ထွက်ပေါက်များအပြင် အရေးပေါ် ထွက်ပေါက်လမ်းညွှန်များကိုလည်း ချိတ်ဆွဲထားသင့်ကြောင်း
ဦးမြတ်မင်းသန့်က ပြောသည်။

''နောက်တစ်ခုက တကယ်လို့ မီးလောင်ခဲ့ရင် အဲဒီထဲမှာ စျေးဝယ်တဲ့သူတွေအတွက် အရေးပေါ်
ထွက်ပေါက် ထားရမှာဖြစ်တဲ့အပြင် အဲဒီထွက်ပေါက်ကို သိသာထင်းရှားစွာမြင်ရမယ့် ဆိုင်းဘုတ်တွေနဲ့
ပြထားရမယ်။ ပြီးတော့ ဆိုင်းဘုတ်တွေမှာ စာကပ်ရင်လည်း ကိုယ့်နိုင်ငံက မြန်မာနိုင်ငံဖြစ်တော့
အင်္ဂလိပ်စာတင် မကဘူး၊ မြန်မာစာသားတွေနဲ့ပါ ရေးပြထားရမယ်။ ဒါမှ လူတွေက
တစ်ခုခုဖြစ်ရင် အရေးပေါ်ထွက်ပေါက်ကနေ ထွက်ရမယ်ဆိုတာ လွယ်လွယ်ကူကူ သိနိုင်မှာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

လူစည်ကားရာ အဆောက်အအုံများတွင် အကြောင်းတစ်ခုခုကြောင့် မီးဘေးအန္တရာယ်ပေါ်ပေါက်
လာပါက လွယ်ကူစွာ မီးငြိှမ်းသတ်နိုင်ရန် အဆောက်အအုံအတွင်း လုံလောက်သော မီးငြှိမ်းသတ်
စနစ်များ ထားရှိသင့်ကြောင်း အာရှ ဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ
ဦးရန်အောင်က ပြောသည်။

''လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ စျေးဝယ်စင်တာတွေမှာ အကြောင်းတစ်ခုခုကြောင့်
မီးဘေးအန္တရာယ်ကြံုရတဲ့အခါ မီးငြိှမ်းသတ်နိုင်ဖို့အတွက် အဆောက်အအုံတွင်းမှာပဲ လုံလောက်တဲ့
မီးငြိှမ်းသတ်နိုင်တဲ့ပစ္စည်းတွေ ရှိသင့်ပါတယ်။ ရန်ကုန် မင်္ဂလာစျေးကြီးမှာ ဒုတိယအကြိမ်
ထပ်ပြီး မီးလောင်တယ်ဆိုတာ မီးငြိှမ်းသတ်စနစ် အရမ်းအားနည်းလို့ပါ''ဟု ၄င်းက ပြောသည်။

ယခုနောက်ပိုင်း တည်ဆောက်သော စျေးဝယ်စင်တာများတွင် စားသောက်ဆိုင်များ ပိုမိုပါဝင်လာပြီး
စားသောက်ဆိုင်များမှာ အခြားဆိုင်များထက် မီးလောင်နိုင်ခြေ ပိုမိုများပြားသည့်အတွက်
မီးသတ်စနစ်များကို လုံလောက်စွာထားသင့်ပြီး ထွက်ပေါက်များကိုလည်း ပိုမိုထားရှိသင့်ကြောင်း
ဦးမြတ်မင်းသန့်က ပြောသည်။

''အခုစျေးဝယ်စင်တာတွေက ရုပ်ရှင်ရုံတွေနဲ့ စားသောက်တန်းတွေ ပါလာပြီး အဓိကကတော့
စားသောက်ဆိုင်တွေက မီးလောင်နိုင်ခြေများတော့ အဲဒီနေရာတွေမှာ မီးသတ်စနစ်တွေ
ကောင်းကောင်းထားသင့်တယ်။ ကိုယ့်ရဲ့ စျေးဝယ်စင်တာ အရွယ်အစားပေါ် မူတည်ပြီး တစ်ထပ်မှာ
အရေးပေါ်ထွက်ပေါက်က အနည်းဆုံး အနောက်ဘက်မှာကို နှစ်ခုရှိသင့်တယ်။ လမ်းညွှန်
ဆိုင်းဘုတ်တွေကိုလည်း အမှောင်ထဲမှာလည်း မြင်ရမယ့် ဆိုင်းဘုတ်တွေကို သုံးသင့်တယ်။
စားသောက်ဆိုင်တွေရှိတဲ့ အထပ်မှာ ထွက်ပေါက်တွေ ပိုရှိသင့်ပါတယ်။ ပြီးတော့ ထွက်ပေါက်တွေကို
အဖြစ်သဘော လုပ်ထားတာမဟုတ်ဘဲ အချိန်မရွေး လွယ်လွယ်ကူကူ သွားနိုင်အောင်
ရှင်းလင်းထားသင့်တယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် စျေးဝယ်စင်တာများတွင် မီးဘေးစနစ်နှင့်ပတ်သက်ပြီး လုံခြံုရေးဝန်ထမ်းများကို
ပညာပေးရန် အားနည်းနေသေးကြောင်း ဦးရန်အောင်က ပြောသည်။

''စျေးဝယ်စင်တာတွေမှာ လုံခြံုရေးဝန်ထမ်းတွေကို ပညာပေးတာတွေ အားနည်းနေပါသေးတယ်။
အကြောင်းတစ်ခုခုကြောင့် မီးဘေးလိုမျိုး ဘေးအန္တရာယ်တစ်ခုခုဖြစ်မယ်ဆိုရင် ဝန်ထမ်းတွေက
ဘာလုပ်လို့ လုပ်ရမှန်း မသိတွေဖြစ်နေကြတယ်။ မီးသတ်ဆေးဘူးက ဘယ်မှာထားတယ်။
ထွက်ပေါက်တွေက ဘယ်မှာဆိုတာကို ဝန်ထမ်းတွေက ရှင်းရှင်းလင်းလင်း ညွှန်ပြတတ်ဖို့
လိုပါတယ်''ဟု ၄င်းက ပြောသည်။

စျေးဝယ်စင်တာသို့ လာရောက်သူများကို ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်ပြီး
အသိပညာပေးရန် ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်သင့်ကြောင်း ဦးမြတ်မင်းသန့်က ပြောသည်။

''စျေးဝယ်စင်တာတွေမှာ safety officer တွေ ထားသင့်တယ်၊ အမြဲတမ်းဝန်ထမ်းပုံစံမျိုးနဲ့။
အဲဒီလိုရှိရင် အရေးပေါ်တစ်ခုခုဖြစ်တဲ့အခါ အဲဒီ safety officer က အများကြီး
လုပ်ပေးနိုင်တယ်။ ပြီးတော့ အရေးပေါ်ဖြစ်တဲ့အခါ ဘယ်နေရာကနေ ဘယ်လိုထွက်နိုင်မယ့်
လမ်းညွှန်တွေကိုလည်း များများထားသင့်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အဲဒါ အားနည်းပါတယ်။
ဥပမာ မီးလောင်တဲ့အချိန်ဆို ဓာတ်လှေကား မသုံးရဘူး။ အဲဒါကြောင့် ဓာတ်လှေကား
အထဲမှာရော၊ အပြင်မှာပါ မီးလောင်နေစဉ်အတွင်း ဓာတ်လှေကား အသုံးမပြုရဘူးဆိုတဲ့
ညွှန်ကြားစာတွေ တပ်ထားပေးသင့်တယ်''ဟု ပြောသည်။

စျေးဝယ်စင်တာများတွင် အရေးပေါ် မီးဘေးအန္တရာယ်များ ကြံုတွေ့ပါက လွယ်ကူစွာ
မီးငြိှမ်းသတ်နိုင်ရန် လုံလောက်သော မီးသတ်ဆေးဘူးများကို လူအများ မြင်သာသော နေရာများတွင်
ထားရှိသင့်ပြီး အနီးစပ်ဆုံးနေရာများတွင်ရှိသော ထွက်ပေါက်လမ်းညွှန်များကိုလည်း လူအများ
မြင်သာစေရန် ညွှန်ပြထားသင့်ကြောင်း တော်ဝင်စင်တာတွင် အမျိုးသမီးဝတ် ဖက်ရှင်ဆိုင်
ဖွင့်လှစ်ထားသော ဒေါ်ကေသီမေက ပြောသည်။

''စျေးဝယ်စင်တာအများစုမှာ လုံလောက်တဲ့ မီးသတ်ဆေးဘူးတွေကို လူအများမြင်သာတဲ့နေရာမှာ
ချိတ်ဆွဲထားတာမျိုးကို ကျွန်မတော့ မမြင်ဖူးသေးပါဘူး။ ထွက်ပေါက်တွေကိုလည်း
ရှင်းရှင်းလင်းလင်း ချိတ်ဆွဲတဲ့နေရာမျိုးမှာ အားနည်းနေပါသေးတယ်။ အရေးပေါ်အကြောင်း
တစ်ခုခုကြောင့် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် စျေးဝယ်သူတွေရော၊ ဆိုင်ရှင်တွေအတွက်ပါ
အဆင်ပြေစေဖို့ အဆောက်အအုံ အတွင်းမှာပဲ လုံလောက်တဲ့ မီးငြိှမ်းသတ်တဲ့စနစ်တွေ
ထားရှိသင့်ပါတယ်။ စျေးဝယ်စင်တာတွေထဲမှာ ဖွင့်ထားတဲ့ ဆိုင်ငယ်လေးတစ်ဆိုင်စီတိုင်း
မှာလည်း ရင်းနှီးမြှုပ်နှံထားရတဲ့ ငွေကြေးပမာဏက မနည်းပါဘူး''ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ လူသွားများသော စျေးဝယ်စင်တာများတွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်
ဆောင်ရွက်ထားသော ကြိုတင်ပြင်ဆင်မှုများကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း
စျေးဝယ်စင်တာ တည်ဆောက်သူများက ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ စျေးဝယ်စင်တာများ၏
မီးဘေးအန္တရာယ် ကာကွယ်ရေးအစီအစဉ်များကို မီးသတ်ဦးစီးဌာနကခြောက်လလျှင် တစ်ကြိမ်
ပုံမှန်စစ်ပေးနေကြောင်း အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

''အရေးကြီးရင် အရေးကြီးသလိုလည်း မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး စစ်ဆေးလေ့ရှိပါတယ်''ဟု
၄င်းက ပြောသည်။


 

မြတ်ငြိမ်းအေး ဖြည့်စွက်ရေးသားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်