ရှယ်ယာစျေးနှုန်းများ ဆွဲတင်နိုင်ရန် FMI ကုမ္ပဏီ ပြင်ဆင်

ရှယ်ယာစျေးနှုန်းများ ဆွဲတင်နိုင်ရန် FMI ကုမ္ပဏီ ပြင်ဆင်

ပထမ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI က ၄င်းတို့၏ စီးပွားရေးစီမံကိန်းတစ်ခုဖြစ်သော
Yoma Central (Landmark Project)  ကိုစတင်သည့်  အုပ်မြစ်ချအခမ်းအနားတစ်ရပ်ကို
ယခု ဖေဖော်ဝါရီ ၁၆ ရက်တွင် အကောင်အထည်ဖော်လိုက်သည်။

စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းနေခြင်းအပေါ် ပထမ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI
လုပ်ငန်းစုက စီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ပြန်လည်ဆွဲတင်ရန်
လုပ်ဆောင်လျက်ရှိသည်။

ပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FMI လုပ်ငန်းသည် ၄င်းတို့၏ စီးပွားရေး စီမံကိန်းတစ်ခု
ဖြစ်သော Yoma Central (Landmark Project) ကို စတင်သည့် အုပ်မြစ်ချ အခမ်းအနား
တစ်ရပ်ကို ယခု ဖေဖော်ဝါရီ ၁၆ ရက်တွင် အကောင်အထည်ဖော်လိုက်သည်။

ဖေဖော်ဝါရီ ၄ ရက်ကမူ သတ်မှတ်ရှယ်ယာတန်ဖိုးအောက် စျေးနှုန်းများ ကျဆင်းလာနေခြင်းကြောင့်
FMI လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးသိမ်းဝေသည် ရန်ကုန်စတော့အိတ်ချိန်းရုံးတွင် ရှယ်ယာရှင်များနှင့်
တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ထို့အတူ အကောင်အထည်ဖော် စတင်မည့် စီမံကိန်းများနှင့်
ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များအကြောင်း ရှယ်ယာရှင်များအား ပြောခြင်းကိုလည်း
ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ပြီးနောက် ရက်ပိုင်းအတွင်း ၄င်း၏ ရှယ်ယာတစ်စု
တန်ဖိုးသည် တစ်ရက်အတွင်း ကျပ် ၁,၅ဝဝ မြင့်တက်လာခဲ့ကာ ရှယ်ယာတစ်စုလျှင် ကျပ်
၁၅,ဝဝဝ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထိုကဲ့သို့ ရှယ်ယာတန်ဖိုး မြင့်တက်လာခြင်းကြောင့်လည်း FMI လုပ်ငန်းစုက ရှယ်ယာအသစ်များကို
ထပ်မံရောင်းချသွားရန်လည်း ရှိနေခြင်းဖြစ်သည်။

''ထပ်ပြီးတိုးချဲ့လုပ်ကိုင်သွားမယ့် စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေ
လိုအပ်လာမှာပါ။ အဲဒီလို လိုအပ်လာခဲ့ရင် ရှယ်ယာအသစ်တွေကိုလည်း ထုတ်ရောင်းသွားရပါမယ်။
ဒါပေမဲ့ ဘယ်တော့ ရောင်းမယ်၊ အစုဘယ်လောက် ထုတ်ရောင်းမယ်ဆိုတာက စျေးကွက်ထဲမှာ
ဖြစ်နေတဲ့ ရှယ်ယာတန်ဖိုးတက်လာတဲ့ အနေအထားအပေါ် မူတည်နိုင်ပါတယ်''ဟု လုပ်ငန်းစုဥက္ကဋ္ဌ
ဦးသိမ်းဝေက ဖေဖော်ဝါရီ ၄ ရက်က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းစျေးကွက်သည် စာရင်းဝင် ကုမ္ပဏီအသီးသီး ရှယ်ယာတန်ဖိုးများ
ကျဆင်းနေသည့်စျေးကွက် ဖြစ်လာခဲ့သည်။ ထို့အတူ အက်ဖ်အမ်အိုင်လုပ်ငန်းစုသည်လည်း
အမြင့်ဆုံးရှယ်ယာတန်ဖိုး ခြောက်သောင်းဝန်းကျင်မှ တဖြည်းဖြည်းကျဆင်းခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊
ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှယ်ယာတစ်စုကို ကျပ် ၁၃,၅ဝဝ အထိ ကျဆင်းခဲ့သည်။

''အခုချိန်မှာ စျေးကွက်က ကုမ္ပဏီရဲ့တန်ကြေးကို ပိုပြီးမြင်သာထင်သာ ရှိလာတယ်လို့
ထင်ပါတယ်။ အဲဒီလိုထင်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ ရှယ်ယာအမှန် တန်ဖိုးကိုလည်း တဖြည်းဖြည်း
ပြန်ရောက်လာမှာပါ။ အခုလို စီမံကိန်းတွေ ပေါ်ပေါက်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ ရှယ်ယာတစ်စု
တန်ဖိုးဟာလည်း မြင့်တက်မှာပါ ''ဟု FMI ၏ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက
ဖေဖော်ဝါရီ ၁၆ ရက်တွင် မီဒီယာများကို ပြောသည်။

အဆိုပါ Yoma Central (Landmark Project ) သည် မြေဧရိယာအားဖြင့် အကျယ်အဝန်း
ကိုးဧကကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၆ဝဝ ကျော် မြှုပ်နှံလုပ်ကိုင်မည့်
စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်းအတွင်း မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် အဆောက်
အအုံတစ်ခုဖြစ်သည့် မြန်မာ့ မီးရထားရုံးချုပ်ဟောင်းကိုThe Peninsula Yangon အမည်ရှိ
အဆင့်မြင့်ဇိမ်ခံဟိုတယ် တည်ဆောက်မည့် စီမံကိန်းတစ်ခုလည်း ပါဝင်သည်။

ထို့အတူ Peninsula အမှတ်တံဆိပ်ဖြင့် လူနေအိမ်ခန်းများနှင့် Grade A အဆင့်ရှိ ရုံးခန်းများ
ပါဝင်သော တာဝါနှစ်လုံး၊ စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်တစ်လုံးနှင့် ၄င်းတို့အား ဆက်စပ်
ပေါင်းကူးအဖြစ် ဆောင်ရွက်မည့် လက်လီအရောင်းဆိုင်ခန်းတွဲ တစ်ခုလည်း ထည့်သွင်း
တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ထားသည်။

၄င်းစီမံကိန်းကိုလည်း အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး Yoma Centralစီမံကိန်းတွင် စင်ကာပူ
စတော့ စာရင်းဝင်ကုမ္ပဏီ Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ Mitsubishi ကုမ္ပဏီများက
၃ဝ ရာခိုင်နှုန်း၊IFC က ငါးရာခိုင်နှုန်းနှင့် ADB ငါး ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားသည်။
သို့သော် ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင်FMI ကုမ္ပဏီကမူ ရင်းနှီးမြှုပ်နှံမှု ၁၂ ရာခိုင်နှုန်းသာ
ပါဝင်ထားသည်။

The Peninsula Yangon အမည်ရှိ ဇိမ်ခံဟိုတယ်စီမံကိန်းကိုမူ Hong Kong and
Shanghai Hotels က ရဝ ရာခိုင်နှုန်း၊ Yoma Strategic ကုမ္ပဏီက ၂၄ ရာခိုင်နှုန်း အသီးသီး
မြှုပ်နှံထားသော်လည်း FMI ကုမ္ပဏီက ခြောက်ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
သို့ရာတွင် FMI လုပ်ငန်းစုအနေဖြင့် ရိုးမဘဏ်လုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်း လုပ်ဆောင်မည်ဟု ပြောထားသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းကုမ္ပဏီ လေးခုအနက် FMI ကုမ္ပဏီ၊ MTSH
ကုမ္ပဏီနှင့် FPB ကုမ္ပဏီတို့သည် ရှယ်ယာတန်ဖိုးအကျပိုင်းတွင် ရပ်တည်နေဆဲ လုပ်ငန်းများ
အဖြစ်ရှိနေသည်။ MTSH ကုမ္ပဏီသည် လက်ရှိတွင် ရှယ်ယာတစ်စု ကျပ် ၄,၁ဝဝ
(ဆယ်စုခွဲစိတ်ထားပြီးနှုန်းထား)စျေးရှိနေသော်လည်း ၂ဝ၁၆ ခုနှစ်အတွင်းကမူ တစ်စုလျှင် ကျပ်
ကိုးသောင်းဝန်းကျင်အထိ ပေါက်ခဲ့ဖူးသည်။ FPB ကုမ္ပဏီကမူ ရှယ်ယာတန်ဖိုး ကျပ် ၃၉,ဝဝဝ ဖြင့်
သတ်မှတ် ရောင်းချခဲ့သော်လည်း လက်ရှိတွင် တစ်စု လျှင် ကျပ် ၃၁,ဝဝဝ စျေးသာ
ရှိနေခြင်းဖြစ်သည်။

MCB ဘဏ်တစ်ခုတည်းကသာ မူလရှယ်ယာတန်ဖိုး ကျပ် ၆,၈ဝဝ သာသတ်မှတ်ခဲ့သော်လည်း
လက်ရှိတွင် ကျပ် ၈,၉ဝဝ စျေးဖြင့်ပေါက်နေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်