အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေစျေးနှုန်းတွေ အမှန်တကယ် ကျမှာလား

အဆမတန် မြင့်တက်ခဲ့တဲ့ အိမ်ခြံမြေစျေးနှုန်းတွေ အမှန်တကယ် ကျမှာလား

 

အိမ်ခြံမြေစျေးနှုန်းများ ကြီးမြင့်နေမှုအပေါ် တဖြည်းဖြည်းထိန်းနိုင်ရန် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရက ကြိုးပမ်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ
တွေ့ဆုံခဲ့သည့်ပွဲတွင် ၄င်းက ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

''ဒါကို ပွင့်ပွင့်လင်းလင်းအသိပေးပါရစေ။ ဘယ်လိုလဲဆိုတော့ မြေအပေါ်မှာ မျှော်လင့်ချက်
ဖြစ်နေမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေတန်ဖိုး ရန်ကုန်မှာ
တဖြည်းဖြည်း ထိန်းနိုင်အောင် ကြိုးပမ်းသွားပါ့မယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း အိမ်ခြံမြေ
လောက၏ ရွှေခေတ်ဟု တင်စားခေါ်နိုင်သည်အထိ အိမ်ခြံမြေအရောင်းအဝယ်များ
ကောင်းခဲ့ပြီး အိမ်ခြံမြေစျေးနှုန်းများ အမြင့်ဆုံး အနေအထားများထိ ရောက်ရှိခဲ့သည်။

အိမ်ခြံမြေလုပ်ငန်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံနိုင်သည့် မြို့တော်ကြီးများတွင်
အိမ်ခြံမြေအရောင်းအဝယ်များ ပိုဖြစ်ကာ အထူးသဖြင့် အစိုးရနှင့် ပုဂ္ဂလိက
ဖွံ့ဖြိုးရေးစီမံကိန်းများရှိသည့် ရန်ကုန်မြို့တွင် မြေယာဝယ်ယူ ရင်းနှီးမြှုပ်နှံမှုများ
ပိုများခဲ့သည်။ ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်၊ အငှားများ စုံလင်စွာဖြင့် ဝယ်လို
အားများ မြင့်တက်ခဲ့ကာ စျေးနှုန်းများမှာလည်း အဆမတန် မြင့်ခဲ့သည်။

ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်တွင် အစိုးရ၏ စီမံကိန်းနေရာများသည် စီမံကိန်းစတင်မည်ဟု
သတင်းထွက်ပေါ်သည့် အချိန်းများကပင် မြေကစားသူများကြောင့် ယင်းနေရာရှိ မြေယာ
တန်ဖိုးများမှာ အလွန်ကွာဟသည့် စျေးနှုန်းအတက်အကျများ ဖြစ်ပေါ်ခဲ့သည်။

ထိုအခြေအနေများသည် နိုင်ငံစီးပွားရေး တိုးတက်မှုအခြေအနေနှင့် နှိုင်းယှဉ်လျှင်
ကောင်းမွန်သည့် စီးပွားရေးတိုးတက်မှုနှုန်းတစ်ခုမဟုတ်ဘဲ စျေးကွက်အနေအထားပေါ်
လိုက်၍ အပြောင်းအလဲ အတက်အကျနှင့် စျေးကစားမှုများစွာ ပါဝင်နေသည့်အတွက်
ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှု မဟုတ်ဟု လုပ်ငန်းရှင်များက ဆိုကြသည်။

ယင်းဖြစ်စဉ်များနှင့်အတူ လုပ်ငန်းအလွန် ကောင်းခဲ့သည့် အိမ်ခြံမြေစျေးကွက်သည်
ဆက်လက်ကောင်းမွန်မနေဘဲ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ
စျေးကွက်အတွင်း အရောင်းအဝယ်များ မရှိသလောက်အထိ နည်းလာခဲ့သည်။
သို့သော် အိမ်ခြံမြေစျေးနှုန်းများမှာမူ ယခင်အမြင့်ဆုံးအခြေအနေတွင် ရှိနေသည့်အတိုင်း
ငြိမ်သက်နေဆဲဖြစ်သည်။

ထိုကဲ့သို့သော ယခင်က ရှိနှင့်ခဲ့သည့် အမြင့်ဆုံးစျေးနှုန်းများနှင့် အိမ်ခြံမြေစျေးကွက်ကို
စျေးနှုန်းများ တဖြည်းဖြည်းထိန်းနိုင်ရန် လုပ်ဆောင်မည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်
ပြောဆိုခဲ့သည့်အချက်အပေါ် မည်ကဲ့သို့ ပုံစံမျိုးဖြင့် ပြုလုပ်မည်ကို အိမ်ခြံမြေအကျိုးဆောင်များက
စိတ်ဝင်စားမှုရှိနေကြသည်။

''ဘယ်လိုပုံစံနဲ့လုပ်မှာလဲဆိုတာ စိတ်ဝင်စားတယ်။ ကျွန်တော်တို့လို အိမ်ခြံမြေအကျိုးဆောင်
လုပ်တဲ့သူတွေကလည်း ပုံမှန်လေး အရောင်းအဝယ်ဖြစ်နေတာကို လိုချင်ကြတယ်။ သူက
စျေးကျမယ်၊ စျေးကိုဆွဲချမယ် အများကြီး မမျှော်လင့်နဲ့ဆိုတာက ဘယ်လိုနည်းဗျူဟာ
ချမှတ်မလဲဆိုတာကိုတော့ စိတ်ဝင်စားကြတယ်။ လက်ရှိအရောင်းအဝယ်ကတော့
ထုံစံအတိုင်း အေးလာရာကနေ အရမ်းထူးထူးခြားခြား တက်တာမရှိဘဲ အရောင်းအဝယ်
မဖြစ်တဲ့အချိန် အငှားတွေကတော့ ပုံမှန်ဖြစ်နေတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ
ကိုဟိန်းဇံက ပြောသည်။

အိမ်ခြံမြေစျေးနှုန်းများ၊ မြေတန်ဖိုးများ ကျဆင်းရန်မှာ နိုင်ငံတော်အနေဖြင့် လက်ရှိ
နေရာထိုင်ခင်း လိုအပ်ချက်ကို အနိမ့်ဆုံးတန်ဖိုး၊ စျေးနှုန်းတို့ဖြင့် ဖန်တီးပေးနိုင်မှသာ
ဖြစ်နိုင်ကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်က ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရန်ကုန်မြို့ မြို့လယ်ကောင် ဘူတာကြီးအနီးတစ်ဝိုက်ရှိ အိမ်ရာအဆောက်အအုံများ။ အောင်ခန့်/ မြန်မာတိုင်း(မ်)

''ဖြစ်သင့်သလောက်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများကြီး စျေးချဖို့ဆိုတာကတော့
မဖြစ်နိုင်ပါဘူး။ ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်တာနဲ့ ရှိသင့်ရှိထိုက်တဲ့ အိမ်ရာဖွံ့ဖြိုးမှုတွေ
မရှိသေးတာကျတော့ လုပ်မပေးနိုင်တဲ့ အချိန်အတွင်းတော့ အိမ်ခြံမြေစျေးဆိုတာကတော့
ကျဖို့သိပ်မလွယ်ပါဘူး။ ကျတော့ ကျမယ် အဆုံးထိကျဖို့ သိပ်မလွယ်ပါဘူး။ အိုးမဲ့အိမ်မဲ့တွေ၊
အိမ်ခြေရာမဲ့တွေ မြို့ရဲ့ရာခိုင်နှုန်း တော်တော်များများက အိမ်ငှားဘဝနဲ့ အိမ်မဲ့ဘဝတွေက
ရှိနေတာဆိုတော့ အဲဒီအပေါ်မှာ အစိုးရက စီမံကိန်းတစ်ခုခု အနည်းဆုံးထိအောင် ချပေးနိုင်မှ
သာလျှင် အိမ်ခြံမြေစျေးက ကျမယ်ဆိုတာ ဖြစ်နိုင်သေးတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပါးစပ်ပြော
ပုံစံမျိုး ဘာမှမလုပ်ဘဲနဲ့ဆိုရင်တော့ မကျနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။

ထိုသို့ အိမ်ခြံမြေစျေးနှုန်းများ ကျဆင်းရန်အတွက် အစိုးရက အိမ်ရာလိုအပ်ချက်များကို
များစွာဖြည့်ဆည်းပေးရန် လိုအပ်သလို မြို့သစ်များကိုဖော်ဆောင်ကာ မူလနေရာဟောင်းများထက်
သက်သာသည့် မြေစျေးနှုန်းများဖြင့် နေရာသစ်များဖန်တီးပေးခြင်းများကလည်း အိမ်ခြံမြေစျေးများ
ကျနိုင်ကြောင်း ကိုဟိန်းဇံက ပြောသည်။

''မြို့သစ်စီမံကိန်းတွေက တကယ်တမ်း ဖွံ့ဖြိုးလာလို့၊ သွားလို့လာလို့ တကယ်လွယ်လို့
မြို့သစ်ကမြေတွေကို အရင်နေရာတွေက မြေတွေထက် လျှော့ရောင်းတာတွေ ရှိရင်ပေါ့၊
လူတွေကတော့ အဲဒီဘက်ကို ဝယ်ရင်ဝယ်ကြမှာပေါ့။ အဲဒီလိုနည်းနဲ့ ဒီဘက်အခြမ်းက စျေးတွေကို
ကျအောင်လုပ်မလားပေါ့။ ဥပမာ အရင်မြို့နယ်တွေက မြေစျေးတွေက သိန်း ၁,ဝဝဝ ဖြစ်နေတဲ့
အချိန်မှာ မြို့သစ်မှာ မြေစျေးသိန်း ၅ဝဝ လောက်နဲ့ အခြေခံအဆောက်အအုံကလည်း ကောင်းမယ်၊
နေထိုင်လို့ အဆင်ပြေမယ်ဆို၊ သွားရေးလာရေးလွယ်မယ်ဆို အရင်နေရာကမြေစျေးတွေကလည်း
ဘာဖြစ်ဖြစ် လျှော့ရောင်းကြမှာပဲ။ အဲဒီလိုနည်းတွေနဲ့ လုပ်ရင်တော့ ကျမလားလို့ ထင်မိတာပါပဲ''ဟု
၄င်းက ပြောသည်။

သို့သော် ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးနှုန်းသည် အိမ်ခြံမြေစျေးကွက် ငြိမ်သက်ကျဆင်းနေသည့်
အချိန်မှ လက်ရှိအနေအထားထိ စျေးနှုန်းမှာမှု သိသာစွာ ထိုးဆင်းကျဆင်းသွားခြင်းမရှိဘဲ
တောင့်ခံငြိမ်သက်နေသေးသည့်အနေအထားတွင်သာ ရှိနေသည်။

ယင်းကဲ့သို့ဖြစ်နေရခြင်းများသည် ယခင်အိမ်ခြံမြေ ခေတ်ကောင်းခဲ့သည့်အချိန်များတွင်
ရင်းနှီးမြှုပ်နှံသူ အများစုက ပိုလျှံငွေကြေးများဖြင့် စျေးကစားမှုများကြောင့် ဖြစ်ကြောင်း၊
ငွေဖြူငွေမည်း ခဝါချရန်အတွက် ငွေမည်းစီးဆင်းမှုများ အားကောင်းခဲ့ခြင်းတို့ကြောင့် လက်ရှိတွင်
အိမ်ခြံမြေ အရောင်းအဝယ်များ ငြိမ်သက်နေသော်လည်း စျေးချကာ မရောင်းချင်ကြကြောင်း
ကိုဟိန်းဇံက ပြောသည်။

''များသောအားဖြင့်က အိမ်ဝယ်၊ မြေဝယ်တဲ့သူတွေက ဥပမာ ၁ဝ ယောက်ရှိလို့ရှိရင်
ကိုးယောက်က ငွေပိုလို့ ဝယ်ထားတဲ့သူတွေများတယ်။ အဲဒီလိုလူတွေဖြစ်တဲ့အတွက် တကယ်တမ်း
အိမ်ခြံမြေစျေးကွက် ကျသွားတာဖြစ်ပေမဲ့လည်း သိပ်လျှော့ရောင်းဦးမှာ မဟုတ်သေးဘူး။
ပြီးတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေတန်ဖိုးကိုက မြင့်ပြီး ဒီထဲကို စီးဝင်လာတဲ့ ငွေမည်းတွေကလည်း
တော်တော်များခဲ့တာဆိုတော့ အဲဒီပေါ်မှာပဲ ငွေတန်ဖိုးတွေက အရမ်းတက်ပြီး လျှော့ရောင်းဖို့
ဆိုတာ တော်တော်ကြီး ခက်သွားတာ''ဟု ၄င်းက ပြောသည်။

ယခုကဲ့သို့ မြေတန်ဖိုးများ ကြီးမြင့်နေရခြင်းသည် မြေယာ၊ အိမ်ရာ လုံလောက်စွာလက်တွေ့
ရရှိမှုမှာ လိုအပ်ချက်ထက် လျော့နည်းနေသည့်အတွက် တန်ဖိုးများ ကြီးမြင့်နေရခြင်းဖြစ်သည်ဟု
အိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။

မည်သို့ပင်ဖြစ်စေ ယနေ့အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံထားသူများမှာ အိမ်ခြံမြေစျေးကွက်
မကောင်းသော်လည်း ၄င်းတို့၏ မြှုပ်နှံထားသည့် အိမ်၊ မြေ၊ ကွန်ဒိုတိုက်ခန်းများကို ရှေ့လာမည့်
နိုင်ငံစီးပွားရေးအခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်ကာ အိမ်ခြံမြေစျေးကွက်
တစ်ဖန်ပြန်ကောင်း လာမည်ဟု မျှော်လင့်ချက်ဖြင့် စျေးကိုင်ကာ စောင့်နေကြကြောင်း အကျိုးဆောင်
လုပ်သူများက ပြောသည်။

''ပြည်တွင်းငြိမ်းချမ်းရေးရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် စျေးကွက်ပိုကောင်း
လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကအိမ်ခြံမြေ ဝယ်ထားတဲ့သူတိုင်းမှာ ရှိနေကြတယ်။ အရောင်းအဝယ်
သွက်လာမယ်၊ငွေပြန်ပေါ်လာမယ်လို့ မှန်းထားတဲ့အတွက် တော်ရုံတန်ရုံ ငွေမလိုတဲ့သူက
သူတို့အိမ်ခြံမြေကို စျေးချပြီးတော့ ရောင်းမှာမဟုတ်ဘူး''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်