ရန်ကုန်မြို့သစ် စီမံကိန်းကို ယခုလကုန်တွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် စတင်အကောင်
အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးအိမ်ရာ အဟောင်းများ အဆင့်မြှင့်တင်ခြင်း
များကိုပါ ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ အိမ်ရာစီမံကိန်း အဟောင်းများကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး
ထိုအိမ်ရာ စီမံကိန်းများကို အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံကအဆိုပြု ကမ်းလှမ်းထားကြောင်း
ဖေဖော်ဝါရီ၁၈ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းတွင် ကျင်းပခဲ့သော ဒုသမ္မတအပါအဝင် အစိုးရတာဝန်ရှိသူများနှင့်လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင်
ဦးဖြိုးမင်းသိန်းက ပြောသည်။
''ရန်ကုန်မြို့ထဲမှာရှိနေတဲ့ အိမ်ရာစီမံကိန်းအဟောင်းတွေကို အဆင့်မြှင့်တင်ဖို့ လက်ရှိမှာ စီစဉ်
ဆောင်ရွက်နေပါတယ်။ အိမ်ရာအဆင့်မြှင့်တင်တဲဲ့ စီမံကိန်းတွေကို ဆောင်ရွက်ဖို့အတွက်
ဂျပန်နိုင်ငံဘက်က အဆိုပြု ကမ်းလှမ်းထားတာတွေရှိပါတယ်။ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံတွေကလည်း
ကမ်းလှမ်းထားပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ပတ်ချာလည်တွင် အကောင်အထည်ဖော်ရန် လျာထားပြီး အကောင်အထည်
မဖော်ရသေးသော အိမ်ရာစီမံကိန်းအဟောင်းများကို ပြန်လည်အကောင်အထည်ဖော်ရန်
လာမည့်မတ်လအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။
''ရန်ကုန်မြို့ပတ်ချာလည်မှာ အိမ်ရာစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဖို့ လျာထားပြီးတော့
လက်ရှိအချိန်ထိ စီမံကိန်း စတင်အကောင်အထည် မဖော်နိုင်သေးတဲ့ မြေကွက်လပ်တွေကို
ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ စတင်ဆွေးနွေးနေပါတယ်။ အဲဒီစီမံကိန်းတွေကို
မတ်လမှာ စတင်အကောင်အထည်ဖော်သွားဖို့ စတင်ဆွေးနွေးနေပြီး ဖြစ်ပါတယ်''ဟု ၄င်းက
ပြောသည်။
ကျူးကျော်နှင့် ဝန်ထမ်းများနေထိုင်ရန်အတွက်လည်း အိမ်ရာစီမံကိန်းအသစ်များကို
ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကျော်ဝင်းကလည်း
နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ရရှိစေရန် စီစဉ်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ပြောသည်။
''နိုင်ငံ့တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ နေထိုင်ရေး
အတွက် ကျောချစရာ နေရာတစ်နေရာတောင် မရရှိခဲ့ရတဲ့ ဝန်ထမ်းတွေအများကြီးပါ။
ပင်စင်ယူပြီးနောက်ပိုင်းမှာ ဝန်ထမ်းတွေရဲ့ဘဝကို လုံခြံုစိတ်ချစွာ ရပ်တည်နိုင်ဖို့
သူတို့မှာ အာမခံချက်မရှိပါဘူး။ အဲဒီအတွက်ကြောင့် ဝန်ထမ်းတွေအတွက် လက်ရှိ
တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကစလို့ ပင်စင်ယူသွားတဲ့အချိန်အထိ သူတို့အတွက်
အာမခံချက်ရှိတဲ့ အိမ်ရာရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု ၄င်းက ပြောသည်။
ဝန်ထမ်းအိမ်ရာစီမံကိန်းများ စတင်ဆောက်လုပ်ရန် မြန်မာ့စီးပွားရေးဘဏ်ကဆောက်လုပ်ရေး
ဘဏ်သို့ ချေးငွေထုတ်ပေးမည်ဖြစ်ကာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့်
ချိတ်ဆက်၍ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ယခုအချိန်တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း
ဦးကျော်ဝင်းက ပြောသည်။
''ဝန်ထမ်းအိမ်ရာတွေကို နိုင်ငံအနှံ့အပြားမှာ တည်ဆောက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ဆောက်လုပ်စေလိုပါတယ်။
တန်ဖိုးနည်းအိမ်ရာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ ပေးချေနိုင်တဲ့ ပမာဏနဲ့ပဲ အဆင့်မြင့်မြင့်
ဆောက်လုပ်ရောင်းချစေလိုပါတယ်။ အိမ်ရာဝယ်ယူဖို့ကို ဝန်ထမ်းတစ်ယောက်အနေနဲ့
ပေးနိုင်တဲ့ လစာထဲကနေပဲ လုပ်ငန်းလုပ်ဆောင်နေတဲ့ သက်တမ်းတစ်လျှောက် ပေးချေနိုင်ဖို့
စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဝန်ထမ်းများနှင့် ကျူးကျော်နေထိုင်နေသူများအတွက် အိမ်ရာစီမံကိန်းများ
ဆောက်လုပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့
ပူးပေါင်းဆောင်ရွက်နေပြီး ထိုအိမ်ရာများ ဆောက်လုပ်ရန် လိုအပ်သောမြေများအတွက်
စီမံခန့်ခွဲမှုများ ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
''ရန်ကုန်တိုင်း နယ်နိမိတ်အတွင်းမှာ ဝန်ထမ်းအိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့အတွက်
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အဆိုပြုမှုနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရန်ကုန်မှာ
အိမ်ရာနေထိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ အတွက်ပါ အိမ်ရာတွေ
ဆောက်လုပ်သွားဖို့ ရှိပါတယ်။ အဲဒီလိုအိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့ မြေနေရာတွေကို
စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နေတဲ့အပြင် မြေစျေးတွေ တဖြည်းဖြည်း ကျသွားဖို့လည်း
ဆောင်ရွက်နေပါတယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်လာစေရန် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊
ကိုရီးယားနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း
စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
''အခု ကျွန်တော်တို့က ကြီးမားတဲ့ စီမံကိန်းတွေကို အစိုးရအချင်းချင်း ဆောင်ရွက်တဲ့
စီမံကိန်းတွေအဖြစ်နဲ့သာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပုဂ္ဂလိကကဏ္ဍက
Public Private Partnerships မော်ဒယ်အဖြစ်နဲ့ ပါလာမှာပဲဖြစ်ပါတယ်။အဲဒီစီမံကိန်းတွေကို
အစိုးရဘတ်ဂျက် ပြင်ပကနေပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်ထဲမှာ
ဒီလုပ်ငန်းတွေသာ ထည့်လုပ်မယ်ဆိုရင် ဆောင်ရွက်နိုင်မှု အရမ်းနောက်ကျသွားနိုင်ပါတယ်။
ဒါကြောင့်မို့ အစိုးရဘတ်ဂျက်ရဲ့ ပြင်ပကနေ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးတော့
ပုဂ္ဂလိကကဏ္ဍရဲ့ပူးပေါင်းပါဝင်မှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် လျာထားသော အချို့နိုင်ငံတော်စီမံကိန်းများကို
အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍအထိ ပါဝင်လာနိုင်သော
ပုံသဏ္ဌာန်မျိုးအထိ ဆောင်ရွက်သွားရန် ပြင်ဆင်နေပြီး ထိုစီမံကိန်းများကို လာမည့် ဘဏ္ဍာနှစ်၊
ဧပြီလမှ စတင်သွားရန် အစီအစဉ်များရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
''အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်
ဆောင်ရွက်နိုင်စေဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘက်ပေါင်းစုံကနေ ဆောင်ရွက်
နေပါတယ်။ အဲဒီလို အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံက စီမံကိန်းတွေကို
ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကလည်း
ပါဝင်လာမှာဖြစ်တဲ့အပြင် ပြည်တွင်းကုမ္ပဏီတွေကလည်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းအသစ်များကို ပိုမိုအကောင်
အထည်ဖော်လာနိုင်စေရန် အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းများ၊
အထူးစီးပွားရေးဇုန် စီမံကိန်းအသစ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး
အစိုးရကလာမည့်အမျိုးသားစီမံကိန်းတွင် တင်ပြရန်စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင်
လာမည့်မတ်လတွင် ကျင်းပမည့် ဒေသန္တရစီမံကိန်းတွင် တင်ပြဆွေးနွေးရန်
စီစဉ်ထားကြောင်း ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်နိုင်စေရန် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့က အထူးကုမ္ပဏီအက်ဥပဒေဖြင့် အများပိုင်ကုမ္ပဏီတစ်ခုကို
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း
ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေး
လုပ်ငန်းရှင်ပေါင်း ၂,ဝဝဝ ကျော်ရှိပြီး ထိုဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တိုင်းဒေသကြီး
အစိုးရက Developer အဖြစ် ဦးစီး ဆောင်ရွက်မည့် စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ရန်
ဖိတ်ခေါ်သွားမည်ဟုလည်းဦးဖြိုးမင်းသိန်းက ပြောသည်။
''စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးတစ်ယောက်တည်းကိုပဲ
စီမံကိန်းတွေ အကောင်အထည် ဖော်ခွင့်ပေးလိုက်တာမျိုးမဟုတ်ဘဲ အစိုးရဘက်ကတာဝန်ယူပြီး
တစ်နည်းပြောရရင် အစိုးရပါဝင်တဲ့ အစုရှယ်ယာကုမ္ပဏီကြီးက တာဝန်ယူပြီး ကန်ထရိုက်တာအဖြစ်နဲ့
ဆောက်လုပ်ရေးလုပ်ငန်းရှင် အားလုံးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
အစိုးရသစ်တာဝန်ယူပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာဖွံ့ဖြိုးမှု
ငါးနှစ်တာ စီမံကိန်းအဖြစ် အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈ သိန်းခန့် တည်ဆောက်သွားမည်ဖြစ်ပြီး
မကြာမီအချိန်အတွင်း တန်ဖိုးနည်း တိုက်ခန်း ၂,၂ဝဝ ကို ရောင်းချပေးရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သည့် ဇန်နဝါရီလ၌
ပြောခဲ့သည်။
















