၂ဝ၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် iGreen Construction and Development
ဆောက်လုပ်ရေးကုမ္ပဏီသည် ၄င်းတို့၏ ပထမဦးဆုံး တန်ဖိုးနည်းတိုက်ခန်းများကို
အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။
''လောလောဆယ်တော့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရကို တင်ပြထားတုန်းပဲ
ရှိပါသေးတယ်။ တိုင်းဒေသကြီးအစိုးရဆီက ခွင့်ပြုချက်ရမှ အခန်းတွေကို တရားဝင်
ကြိုရောင်းမှာပါ။ အခုလောလောဆယ်ကတော့ အသေးစိတ်အစီအစဉ်ကို ပြောဖို့အတွက်
စောနေပါသေးတယ်'' ဟု ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုကျော်ကျော်နိုင်က
ပြောသည်။
iGreen ကုမ္ပဏီသည် ကျပ်သိန်း ၁၅ဝ ခန့်တန်ဖိုးရှိသည့် တိုက်ခန်းများကို တည်ဆောက်ရန်
စီစဉ်လျက်ရှိပြီး ကုမ္ပဏီ၏ ကိုယ်ပိုင်မြေပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။
''ကျွန်တော်တို့ ကိုယ်ပိုင်မြေပေါ်မှာပဲ ဆောက်မှာပါ။ အစိုးရနဲ့ အကျိုးတူလုပ်တာမျိုး
မဟုတ်ဘဲ ကုမ္ပဏီကပဲ အကုန်လုံးရင်းနှီးမြှုပ်နှံပြီး တည်ဆောက်မှာပါ'' ဟု ၄င်းက
ပြောသည်။
အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများကို အရစ်ကျရောင်းရာတွင် တိုက်ခန်းများ ဆောက်လုပ်
ပြီးစီးသွားပါက ပထမနှစ်နှစ်အတွင်းတွင် ကျပ် ရ၅ သိန်းကို ဦးစွာ ပေးချေရမည်ဖြစ်ပြီး
အခန်းသော့အပ်ပြီး ပါက ကျန်လပေါင်း ၁ဝဝ ကျော်အတွင်း အရစ်ကျစနစ်ဖြင့် တစ်လလျှင်
၇၅,ဝဝဝ ပေးသွင်းရမည် ဖြစ်ကြောင်း imyanmarhouse.com က ဖော်ပြထားသည်။
ကုမ္ပဏီအနေဖြင့် ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချရန်
ခန့်မှန်းခဲ့သော်လည်း လက်ရှိဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၈ဝ ခန့်
အနည်းဆုံးရှိသည့်အတွက် ကျပ်သိန်း ၁ဝဝ အောက်တိုက်ခန်းကို ရောင်းချရန်
ခက်ခဲကြောင်း သိရသည်။
















