ကန်ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားပြီးဖြစ်သည့်
သီလဝါအထူးစီးပွားရေးဇုန်၏ ဇုန်ဘီစီမံကိန်းကိုထပ်မံတိုးချဲ့ကာ ၂ဝ၁၈ ခုနှစ်၊
နှစ်လည်ပိုင်းအတွင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ
အပြီးသတ်ဆောက်လုပ်မည်ဖြစ်ကြောင်း ဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ
ဦးဆက်အောင်က မီဒီယာများကို ပြောကြားလိုက်သည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် ပထမဆုံးစီမံကိန်းဖြစ်သည့် ဇုန်အေတွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁,ဝ၅၅ သန်း ဝင်ရောက်ထားပြီးဖြစ်သည်။
ထို့အတူ ဇုန်အေ တည်ဆောက်ရေးလုပ်ငန်းများမှာ လည်း ၉၅ ရာခိုင်နှုန်း ပြီးစီးထားပြီ
ဖြစ်သည်။ ထို့အတွက် ဇုန်ဘီမြေ ဟက်တာ ၂,ဝဝဝ အနက် ၁ဝ၁ ဟက်တာရှိ ပထမအဆင့်
စီမံကိန်းစတင်ရန် မြန်မာ-ဂျပန် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ
MJTD က ဖေဖော်ဝါရီ ၂၄ ရက်က ဖွင့်လှစ်လိုက်သည်။
အဆိုပါ ဇုန်ဘီစီမံကိန်း စတင်ရန် ဖွင့်လှစ်မှုသည် ဇုန်အေ စတင်ရန် ဖွင့်လှစ်မှုအပြီး
သုံးနှစ်ကျော်ကာလအတွင်း ထပ်မံဆောက်ရွက်လိုက်ခြင်းလည်းဖြစ်သည်။
''ဇုန်ဘီ တည်ဆောက်ရေး ကာလက တစ်နှစ်ခွဲလောက် ကြာမှာပါ။ ဒါပေမဲ့
တည်ဆောက်ရေးကာလ မပြီးခင်မှာဘဲ ရင်းနှီးမြှုပ်နှံသူတွေကို စတင်ပြီး လက်ခံမှာပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ သူတို့ရဲ့ စက်ရုံတည်ဆောက်မှုအပိုင်းကို အခြေခံ
တည်ဆောက်ရေးကာလပြီးတော့မှ လုပ်ကိုင်လို့ ရမှာဖြစ်ပါတယ်''ဟု ကော်မတီဥက္ကဋ္ဌ
ဦးဆက်အောင်က ပြောသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုများဖြင့် တည်ထောင်ထားသည့်
၄င်းအထူးစီးပွားရေးဇုန်သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု
များစွာရရှိထားသည်။ ၂ဝ၁၄ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည့် ပထမဆုံးစီမံကိန်းဖြစ်သော
မြေဟက်တာ ၄ဝဝ ဇုန်အေ စီမံကိန်းတွင်မူ ဂျပန်၊ ထိုင်ဝမ်၊ တရုတ်၊ ဆွီဒင်၊ အမေရိကန်၊
ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံတို့ ပါဝင်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံက ဝင်ရောက်
မြှုပ်နှံထားသည်။
ဇုန်အေစီမံကိန်း စတင်စဉ်ကမူ ရင်းနှီးမြှုပ်နှံသူများသည် ၂ဝ၁၄ ခုနှစ်ကတည်းကပင်
ကုမ္ပဏီ ရ၉ ခုက ကမ်းလှမ်းမှု ရှိခဲ့သည်။ လက်ရှိတွင် ၄င်းကုမ္ပဏီပေါင်း ရ၈ ခု၏
ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၁,ဝ၅၅ ဘီလျံ ရှိထားသည်။ ထို့အတူ ကုမ္ပဏီ
၂၄ ခုကလည်း လုပ်ငန်းများ စတင်လည်ပတ်ခြင်းကို လုပ်ကိုင်လျက်ရှိသည်။
ယင်းလုပ်ငန်းများအတွက် လျှပ်စစ်လိုအပ်ချက်များကို လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ်
ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှစ်လုံးကိုလည်းသန်လျင်မြို့
အတွင်း အစိုးရစီမံကိန်းအဖြစ်ဆောက်လုပ်ထားကြောင်း ဇုန် စီမံခန့်ခွဲရေးကော်မတီ
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောသည်။
''လက်ရှိမှာတော့ ၂၅ မဂ္ဂါဝပ်ထွက်တဲ့ ဓာတ်အားပေးစက်တစ်လုံးကိုသာ
လည်ပတ်ထားတယ်။ အဲဒီအထဲက ၁၄ မဂ္ဂါဝပ်ကိုတော့ သီလဝါထဲမှာ အသုံးပြုထားပြီး
ပိုတဲ့ လျှပ်စစ်တွေကို ပင်မအမျိုးသားဓာတ်အားပေးစက်ထဲကို ပြန်ထည့်ထားတယ်''ဟု
ဒေါ်သန်းသန်းသွယ်က ပြောသည်။
သို့ရာတွင် ဇုန်ဘီ တည်ဆောက်မှုများ စတင်ပါက ၄င်းစက်ရုံကထွက်သည့် လျှပ်စစ်
ဓာတ်အား ၅ဝ မဂ္ဂါဝပ်မှာ လုံလောက်မှု မရှိနိုင်တော့မည် မဟုတ်သဖြင့် ထပ်မံဖြည့်စွက်ရမည့်
အခြေအနေကိုလည်း စီစဉ်လျက်ရှိသည်ဟု ဦးဆက်အောင်က ပြောသည်။
အဆိုပါ ဇုန်ဘီသည် ဇုန်အေစီမံကိန်း၏ တောင်ဘက်သို့ ထပ်မံတိုးချဲ့ထားခြင်းဖြစ်သည်။
ထို့အပြင် ဇုန်အေ မြေယာငှားရမ်းမှုစတင်ခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဇွန်လအတွင်းက
နှစ် ၅ဝ အတွက် တစ်မီတာပတ်လည်ငှားရမ်းနှုန်းကို ကန်ဒေါ်လာ ရဝ (တစ်နှစ်
၁ ဒသမ ၄ ဒေါ်လာ) စျေးဖြင့် သတ်မှတ် ငှားရမ်းခဲ့သည်။ သို့ရာတွင် ယခုဇုန်ဘီက
မြေယာငှားရမ်းမှုစျေးနှုန်းများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် ဆောင်ရွက်နိုင်ရန် ထားဝယ်၊ ကျောက်ဖြူနှင့်
သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အကောင်အထည်ဖော်လျက်ရှိသည့်အနက် သီလဝါ
အထူးစီးပွားရေးဇုန်သည် အစောဆုံးလုပ်ငန်း စတင်လာနိုင်ခြင်းဖြစ်သည်။
















