ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့နယ်တွင် မြို့သစ်စီမံကိန်းကို စတင်ပြုလုပ်တော့မည်ဟု
ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။
ဦးဖြိုးမင်းသိန်း စတင်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည့် အဆိုပါနေရာသည်
ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့သည့် အနောက်တောင်
မြို့သစ် စီမံကိန်းဧရိယာထဲတွင် ပါဝင်လျက်ရှိသည်။
အနောက်တောင်မြို့သစ်စီမံကိန်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ
လက်ထက်ကတည်းကပင် မြို့သစ်အကောင်အထည်ဖော်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို
တင်ဒါခေါ်ခဲ့ပြီး ကုမ္ပဏီသုံးခု တင်ဒါအောင်မြင်ကာ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
အနောက်တောင်မြို့သစ်စီမံကိန်းတွင် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်
တစ်ဖက်ကမ်းနှင့် ဆိတ်ကြီးခနောင်တိုမြို့နယ်တို့ပါဝင်ကာ လယ်မြေဧက သုံးသောင်းခန့်
အကျယ်အဝန်းရှိသည်။ ယင်းစီမံကိန်း၏ ကနဦးစီမံကိန်းဖြစ်သည့် ရန်ကုန်မြို့လယ်နှင့်
မြို့သစ်ကိုဆက်သွယ်မည့် ဗားခရာမြစ်ကူးတံတားစီမံကိန်းကို အကောင်အထည်ဖော်ရန်
စတင်စီစဉ်ခဲ့ပြီးဖြစ်သော်လည်း အစိုးရအကူးအပြောင်းကာလဖြစ်သည့်အတွက် ရပ်တန့်ခဲ့သည်။
ယခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်တွင် ဦးဖြိုးမင်းသိန်းက ၄င်း၏
ဝန်ကြီးချုပ်သက်တမ်း အစတွင် ရန်ကုန်မြို့၏ ဖွံ့ဖြိုးရေးစီမံကိန်းအားလုံးကို
ပြန်လည်စိစစ်မည်ဟု ပြောကြားခဲ့ပြီး အနောက်တောင်မြို့သစ်စီမံကိန်းမှာလည်း
ဆက်လက်ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် ကြည့်မြင်တိုင်
တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း စတင်လုပ်ဆောင်မည်ဆိုသည်မှာ ယခင်က
အနောက်တောင်စီမံကိန်းကို ပြန်စတင်ခြင်း (သို့မဟုတ်) တိုင်းဒေသကြီးအစိုးရ၏
မြို့သစ်စီမံကိန်းအသစ်ကိုပင် စတင်ခြင်းဆိုသည့် အချက်အလက်တိတိကျကျဖြင့်
မပြောကြားခဲ့ပေ။
ယခင် အနောက်တောင်မြို့သစ်စီမံကိန်းကို တင်ဒါအောင်ခဲ့သည့် ကုမ္ပဏီသုံးခုမှာ
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၊ Business Capital
City Development ကုမ္ပဏီနှင့် ရွှေပုပ္ပါး အင်တာနေရှင်နယ် ဆောက်လုပ်ရေး
ကုမ္ပဏီတို့ဖြစ်ပြီး ယခု ဦးဖြိုးမင်းသိန်း၏ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် စတင်ပြုလုပ်မည်
ဆိုသော မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး အဆိုပါကုမ္ပဏီများကို အကြောင်းကြား
ဆွေးနွေးမှုများမရှိကြောင်း အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဆီ ဘာမှအကြောင်းမကြားဘူး၊ ထူးထူးခြားခြားလည်း မရှိသေးဘူး။
အခုဟာက တင်ဒါအသစ်ခေါ်မှာလား၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တင်ဒါသုံးခုနဲ့ပဲ
သွားမှာလား၊ ဒါမှမဟုတ်ရင် အစိုးရနဲ့ ဘီအိုတီ စနစ်နဲ့ လုပ်မှာလား ဘာမှမသိရဘူး။
ဒါမှမဟုတ် တင်ဒါအသစ်ခေါ်ရင် ကျွန်တော်တို့ ပြန်လျှောက်ရမှာလား၊ အဲလိုလည်း
မသိရဘူး'' ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်စိန်က ပြောသည်။
သို့သော် ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာတိုင်း(မ်)က ရန်ကုန်မြို့တော်ဝန်
ဦးမောင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာတွင် ဦးမောင်မောင်စိုးက ''ဝန်ကြီးချုပ်ကတော့
တင်ဒါသုံးခုနဲ့ ပြန်ညှိမယ်လို့ ပြောတယ်။ သူတို့ ကုမ္ပဏီသုံးခုကို ပေးလိုက်လို့ကတော့
မရဘူး။ ဘာလို့မရတာလဲဆိုတော့ သူတို့သုံးခုနဲ့ဆို ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာမှာ
မဟုတ်ဘူး။ သုံးခုတည်းနဲ့ လုပ်လို့မရဘူး။ သူတို့နဲ့တော့ သိပ်မလုပ်ဖြစ်ဖို့ များတယ်။
ဝန်ကြီးချုပ် ဘယ်လိုအစီအစဉ်ရှိလဲတော့ မသိဘူး။ သူတို့နဲ့ပဲတော့ ဆက်မလုပ်ဘူး''ဟု
ပြောကြားခဲ့သည်။
မြို့တော်ဝန်၏ ဖြေကြားချက်အခြေအနေအရ ယခင်အစိုးရက အကောင်အထည်ဖော်ရန်
စီစဉ်ခဲ့သည့် အနောက်တောင်မြို့သစ်စီမံကိန်းနှင့် စီမံကိန်းအတွက် တင်ဒါအောင်ထားသည့်
ကုမ္ပဏီသုံးခုမှာ မူလအစီအစဉ်များအတိုင်း ဆက်လက်သွားနိုင်မည့် အခြေအနေမရှိပေ။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ပြည်ပအဖွဲ့အစည်းများ ရေးဆွဲပေးထားသည့်
Master Plan များနှင့် တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီတို့၏ Plan များလည်းရှိနေကာ ယင်းတွင်ပါဝင်သည့် စီမံကိန်းများကို
ပြန်လည်စုပေါင်းညှိနှိုင်း၍ မြို့သစ်များ ဖော်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက
ပြောသည်။
''အခု မြို့သစ်စီမံကိန်းအတွက် MasterPlan က ဆွဲပြီးပြီ။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ
Master Plan ခြောက်ခုလောက်ရှိတယ်။ ပြင်သစ်၊ JICA၊ KOICA၊ တရုတ်၊ စည်ပင်နဲ့
ရန်ကုန်တိုင်း Master Plan တွေရှိတယ်။ အားလုံးက တစ်ခုနဲ့တစ်ခု တူနေကြတာပဲ။
တရုတ် Master Plan ထွက်လာလည်းကောင်းတယ်။ ဆင်တူတာကြီးပဲဆိုတော့
ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက်ပဲ ဆွဲတာကိုး။ ဒီ Master Plan တွေ အဲဒီထဲက ဘယ်လို
စုပေါင်းစပ်ပေါင်း လုပ်ကြမလဲပေါ့''ဟု ၄င်းက ပြောသည်။
ထို့ပြင် မြို့တော်ဝန်က လက်ရှိအစိုးရ စီမံကိန်းများဖော်ဆောင်ရာတွင် ပါဝင်လုပ်ကိုင်နိုင်မည့်
ကုမ္ပဏီပေါင်း ၂,ဝဝဝ ကျော်ခန့်ရှိပြီး တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း မြို့သစ်
စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းထဲတွင် ပါဝင်သည့် အသေးစိတ်
စီမံကိန်းတစ်ခုချင်းစီအတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ကာ လုပ်ကိုင်သွားစေမည့်
အစီအစဉ်ရှိကြောင်း ပြောသည်။
''ဒီစီမံကိန်း ဧရိယာအကြီးကြီးမှာ ဒီကုမ္ပဏီသုံးခုတည်း ပေးလုပ်မယ်ဆို ဘာမှတိုးတက်မှာ
မဟုတ်ဘူး။ အကုန်လုံးကတော့ ခွဲမှာပါ။ မြန်မာပြည်မှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့
ကုမ္ပဏီပေါင်း ၂,ဝဝဝ ကျော်လောက်ကို ရှိတယ်။ တင်ဒါပြန်ခေါ်ရင် အရင်ကုမ္ပဏီတွေလည်း
ပြန်လျှောက်လို့ ရပါတယ်။ အခုက ဘလောက်အလိုက် ပရောဂျက်အလိုက် တင်ဒါခေါ်
သွားမှာပါ။ တံတား၊ အဆောက်အအုံ၊ ရှောပင်းမောလ် စတာတွေရဲ့ စီမံကိန်းတစ်ခုဆီကို
တင်ဒါခေါ်သွားမှာ။ ဒါမှ တစ်ပြိုင်နက် တိုးတက်မှာပေါ့''ဟု ဦးမောင်မောင်စိုးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ဦးတင်စိန်က အနောက်တောင်
မြို့သစ် စီမံကိန်းတွင် ပါဝင်သော လယ်မြေအများစုသည် တွံတေးမြို့နယ်တွင်ရှိပြီး
ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် လယ်မြေဧက ၁,၅၁၄ ဧကခန့်သာရှိကာ
ရပ်ကွက်လေးခု၌ ရွာ ၁၁ ရွာရှိကြောင်း ပြောသည်။
အဆိုပါစီမံကိန်း စတင်အကောင်အထည်ဖော်သည့်အချိန်တွင် တင်ဒါအောင်မြင်ထားပြီး
ဖြစ်သည့် ကုမ္ပဏီများက စီမံကိန်းအတွင်းရှိ လယ်သမားများနှင့် လယ်လျော်ကြေးများကိုလည်း
ညှိနှိုင်းထားပြီးဖြစ်ကာ လယ်တစ်ဧကတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းဖြင့် လယ်သမားများနှင့်
ကုမ္ပဏီများကြား သဘောတူထားပြီးဖြစ်သည်။
ထို့ကြောင့် လယ် ၁ဝ ဧက ပိုင်ဆိုင်သူတစ်ဦးသည် လယ်နှစ်ဧက ပြန်လည် ရရှိနိုင်မည်
ဖြစ်သော်လည်း ကုမ္ပဏီက လယ်သမားများကို ငွေလျော်ကြေးမပေးဘဲ အဆိုပါ ၂ဝ
ရာခိုင်နှုန်းနှင့် ညီမျှသည့် တိုက်ခန်းတစ်ခန်းနှင့် မြေကွက်တို့ကို မြို့သစ်တည်ဆောက်
ပြီးစီးသည့်အချိန်တွင် ပေးမည်ဖြစ်သည်။
''လယ် ၁ဝ ဧက ပိုင်ဆိုင်တဲ့သူက ၂ဝ ရာခိုင်နှုန်းဆိုတော့ လယ် နှစ်ဧက တန်ဖိုးကို ရမယ်။
ဒါပေမဲ့ ကျွန်တော်တို့ ညှိနှိုင်းတုန်းက ငွေမပေးဘူး။ အဲဒါနဲ့ညီမျှတဲ့ လယ်ပိုင်ရှင်တစ်ဦးကို
ခန့်မှန်းခြေ တိုက်ခန်းတစ်ခန်းနဲ့ ပေ ၂ဝဝ၊ ပေ ၈ဝ မြေကွက်တစ်ကွက် ပြန်ပေးမယ်ဆိုပြီး
ညှိနှိုင်းထားပြီးသားပါ။ လယ်သမားတွေကလည်း ကျေနပ်လက်ခံပြီးသားပါ''ဟု ဦးတင်စိန်က
ပြောသည်။
ထို့ပြင် ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ်စီမံကိန်းကို
အကောင်အထည်ဖော်ရန် မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီကို မူအားဖြင့် ခွင့်ပြုပေး
ထားမှုများကြောင့် ဝေဖန်ခံခဲ့ရပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရသည့်
မြို့သစ်စီမံကိန်းသည်လည်း အနောက်တောင်မြို့သစ်စီမံကိန်းနေရာတွင်ပင်ဖြစ်သည်။
သို့သော် ယခင်အစိုးရ မဆင်းခင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ရန်ကုန်မြို့တော် မဟာဗျူဟာ
စီမံကိန်း ၂ဝ၄ဝ တွင် ပါဝင်သည့် ဦးစားပေး ဖော်ဆောင်မည့် မြို့သစ်စီမံကိန်း ခုနစ်ခုကို
ချပြခဲ့ပြီး ထိုနေရာသည် အနောက်တောင်မြို့သစ်စီမံကိန်းအဖြစ် ဦးစားပေးနံပါတ်(၂)တွင်
ပြန်လည် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယင်းမြို့သစ် ခုနစ်ခုအနက် အနောက်တောင်မြို့သစ် စီမံကိန်းအတွက်သာ
တင်ဒါခေါ်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ရပ်တန့်နေရာ ဦးဖြိုးမင်းသိန်းက
မြို့သစ်စီမံကိန်းဟု သုံးနှုန်းကာ ကြည့်မြင်တိုင်တစ်ဖက်တွင်း စတင်လုပ်ဆောင်မည်ဟု
ပြောဆိုခဲ့သည့်အတွက် ယခင်က ထင်ရှားကျော်ကြားခဲ့သည့် လှိုင်မြစ် တစ်ဖက်ကမ်းက
မြေနေရာများတွင် မည်သည့်ပုံစံမျိုးမြို့သစ်ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
















