ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော iGreen Development and Engineering Group
ကုမ္ပဏီက ပုသိမ်မြို့ ငွေဆောင်ကမ်းခြေတွင် အပန်းဖြေအိမ်ရာစီမံကိန်း La Villa စီမံကိန်းကို
တည်ဆောက်နေပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဧပြီတွင် ပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီ၏
ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်က ပြောသည်။
အဆိုပါ အပန်းဖြေအိမ်ရာစီမံကိန်း တည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီက ပြီးခဲ့သည့် ၂ဝ၁၅
ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်အသီးသီးသို့
အိမ်ရာမြေစီမံကိန်း ဖော်ဆောင်ခွင့်ကို တရားဝင် လျှောက်ထားခဲ့ပြီး ယခုအစိုးရလက်ထက်တွင်
ပါမစ်ရရှိခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်သည်။
''ကျွန်တော်တို့ ၂ဝ၁၄ ခုနှစ်သင်္ကြန်မှာ ငွေဆောင်ကို အလည်သွားရင်းနဲ့ ငွေဆောင်မှာ တကယ်တမ်း
လိုအပ်ချက်နဲ့ ဟိုတယ်ရှိနေတာကလည်း လိုအပ်နေသေးတာကို တွေ့ရှိတာကြောင့် ကျွန်တော်တို့
ငွေဆောင်ကို စပြီးလေ့လာဖြစ်ပါတယ်။ ၂ဝ၁၅ မှာ စီမံကိန်းတွေ ဖော်ဆောင်နိုင်မယ့်နေရာတွေကို
ရှာဖွေခဲ့ပြီး စီမံကိန်းဖော်ဆောင်ဖို့အတွက်ကို ၂ဝ၁၅၁၆ မှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်
အသီးသီးကနေမှတစ်ဆင့် အစိုးရအဖွဲ့ကို အိမ်ရာမြေစီမံကိန်း ဖော်ဆောင်ခွင့်ကို
တရားဝင် လျှောက်ထားခဲ့ပါတယ်''ဟု ဦးကျော်ကျော်နိုင်က ပြောသည်။
ငွေဆောင်ကမ်းခြေသည် ကမ်းခြေတစ်လျှောက်တွင်သာ ဟိုတယ်ဇုန်များဖြင့် ဖွံ့ဖြိုးမှုများ
ရှိနေပြီး ကမ်းခြေအနောက်ဘက် တစ်မိုင်၊ နှစ်မိုင် အကွာအဝေးများတွင် ဖွံ့ဖြိုးမှုများ
မရှိသည့်အတွက် iGreen Development and Engineering Group ကုမ္ပဏီက အိမ်ရာမြေ
စီမံကိန်း ပြုလုပ်ရန် စီစဉ်ခဲ့ပြီး စျေးကွက်လေ့လာမှုများ ပြုလုပ်ကာ အကောင်အထည်
ဖော်နေခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
''ကျွန်တော်တို့ အိမ်ရာမြေစီမံကိန်း လုပ်ကိုင်ခွင့်ရပြီးသွားတဲ့နောက်မှာတော့ ကျွန်တော်တို့
စျေးကွက်လေ့လာမှုတွေ လုပ်ရပါတယ်။ ငွေဆောင်မှာ သင်္ကြန်သွားနားမယ်ဆိုရင်
တစ်ညကို အမေရိကန်ဒေါ်လာ ၁၅ဝ အနည်းဆုံးရှိပါတယ်။ တစ်ညကို နှစ်ယောက်ပဲတည်းလို့
ရပါမယ်။ အဲဒီတော့ လုံးချင်းဗီလာလေးတွေ ဖော်ဆောင်လိုက်ရင် မိသားစုလိုက် အပန်းဖြေလို့ရမယ်
ဆိုပြီး သိန်း ၄ဝဝ ကနေ ၆ဝဝ လောက်နဲ့ စျေးကွက်ထိုးဖောက် ကြည့်မယ်ဆိုပြီး လုပ်ဖြစ်တာပါ''ဟု
ဦးကျော်ကျော်နိုင်က ပြောသည်။
La Villa အိမ်ရာစီမံကိန်းကို ငွေဆောင်မြို့၏ နာမည်ကြီး ချစ်သူများကျွန်းနှင့် တည့်တည့်တွင်
ရှိသည့် မြေဧက ၆၈ ဧကအကျယ်ရှိသည့် တောင်ကုန်းပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး
ပင်လယ်ပြင်ကို တိုက်ရိုက်မြင်ရမည့် မြင်ကွင်းများလည်း ရှိသည်။
ထို့ပြင် ကုမ္ပဏီက ကမ်းခြေအနီးတွင် အထပ်သုံးထပ် အမြင့်ရှိသည့် Club House တစ်ခုကို
တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအဆောက်အအုံတွင်း ရေကူးကန်၊ အစည်းအဝေးခန်းမများနှင့်
စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်သည်။
''ဒီ Club House ကို ကျွန်တော်တို့ ငွေဆောင်ရဲ့ အကျယ်ဆုံး သဲပြင်ပေါ်မှာ ဆောက်သွားမှာပါ။
အကျယ် ၁ ဒသမ ၈၇ ရှိပါတယ်။ ဒီ Club House ကနေ ကမ်းခြေကိုလည်း အပန်းဖြေ
အနားယူနိုင်ပါတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါ စီမံကိန်းဖော်ဆောင်ရာတွင် ပေ ၈ဝ လမ်းမကြီးကိုလည်း ထည့်သွင်း အကောင်အထည်
ဖော်သွားမည်ဖြစ်ပြီး စီမံကိန်းဧရိယာ ၆၈ ဧကတွင်လည်း ၅ဝ ရာခိုင်နှုန်းဖြစ်သည့် ၃၄ ဧကခန့်သာ
အဆောက်အအုံများကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ကျန် ၃၄ ဧကကိုမူ လမ်း၊ ပန်းခြံနှင့်
ကားပတ်သည့် အဝိုင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
La Villa စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ကုန်ကျငွေမှာ ကျပ် ၃၅ ဘီလျံရှိပြီး စီမံကိန်းမှ
လုံးချင်းအိမ်များကို ဝယ်ယူလိုသူများကို ကြိုတင်ရောင်းချသွားမည်ဖြစ်သည်။ ပြီးခဲ့သည့်
ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ တွင်လည်းအရောင်းပြပွဲ ပြုလုပ်ခဲ့ကာ ကြိုတင်ငွေ ကျပ်သိန်း ၉ဝ
ပေးချေရုံဖြင့် လပေါင်း ၄ဝ အရစ်ကျ ပေးသွင်းပြီး အခန်းများကို ဝယ်ယူနိုင်ကြောင်း သိရသည်။















