ဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအဝယ်ကဏ္ဍ နည်းပညာနှင့် ဝန်ဆောင်မှု အားနည်းချက်များ ရှိနေသေး

ဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအဝယ်ကဏ္ဍ နည်းပညာနှင့် ဝန်ဆောင်မှု အားနည်းချက်များ ရှိနေသေး

ဆောက်လုပ်ရေးလုပ်ငန်းများ အရောင်းအဝယ်များ အေးစက်နေသည့် အကြောင်းရင်းများတွင်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ရောင်းချခြင်းဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှု
ပေးနိုင်မှုအပိုင်းများ အားနည်းနေသေးသည့်အချက်များလည်း ပါဝင်ကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ခြံမြေကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို
တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းရှင်များက အပြင်းအထန်ကြိုးစားကြသော်လည်း စျေးကွက်
ချဲ့ထွင်ရန် အိမ်ခြံမြေ ရောင်းဝယ်ရေး နည်းစနစ်များကိုမူ လျစ်လျူရှုထားလေ့ ရှိကြောင်း
Shwe Property မှ အုပ်ချုပ်မှူဒါရိုက်တာ မစ္စတာ ကယ်ဗင်ဂူးစ်က ပြောသည်။

''ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကဆောက်လုပ်ရေးလုပ်ငန်းတွေကို တိုးချဲ့ဆောက်ရွက်ဖို့
အမြဲစိတ်အားထက်သန်ပြီး လုပ်ငန်းတွေတိုးချဲ့ဖို့ အမြဲဆောင်ရွက်လေ့ရှိပေမဲ့ စတင်
အကောင်အထည်ဖော်မယ့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် စျေးကွက်ရှာဖွေတဲ့
နေရာမှာတော့ ခုချိန်ထိ အားနည်းနေတုန်းပါပဲ''ဟု ၄င်းက ပြောသည်။

အိမ်ရာများကို ရောင်းချသည့် အချိန်တွင် မိမိရည်ရွယ်ရောင်းချမည့် ဝယ်သူများ အဆင်ပြေပြေ
ဝယ်ယူနိုင်ရန်အတွက် သင့်တော်သော စျေးကွက်တစ်ခု ဖော်ဆောင်ရန် လိုအပ်ကြောင်း
၄င်းက ပြောသည်။

''အိမ်ရာတိုက်ခန်းတွေကို ရောင်းချတဲ့အခါ ကိုယ်လိုချင်တဲ့ စျေးကွက်ကိုရှာပြီး
ဝယ်ယူနိုင်တဲ့သူတွေကို သေချာတွက်ချက်ပြီးမှ စီမံကိန်းကို စတင်အကောင်အထည်ဖော်ပြီး
အဲဒီအိမ်ရာတွေကို ဝယ်ယူသူတွေ အဆင်ပြေအောင် ဘယ်လိုရောင်းမလဲ ဆိုတာကို စဉ်းစား
ရောင်းချသင့်ပါတယ်။ ကိုယ်ရည်ရွယ်တဲ့ ဝယ်ယူသူတွေအတွက် အဆင်ပြေပြေ ငွေပေးချေနိုင်မယ့်
ပုံစံမျိုးလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ်ရည်ရွယ်တဲ့ မားကက်က သုံးနှစ်၊ ငါးနှစ်၊
ရှစ်နှစ်စသဖြင့် သူတို့ဝယ်ယူနိုင်တဲ့ အတိုင်းအတာအလျှောက် အရစ်ကျပေးချေ ဝယ်ယူနိုင်အောင်
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကဆောင်ရွက်သင့်ပါတယ်''ဟု ၄င်းက ပြောသည်။

အိမ်ရာစီမံကိန်းများကို စတင်ရောင်းချသည့်အခါ စီမံကိန်းတစ်ခုလုံးရှိ အခန်းများအားလုံးကို
တစ်ချိန်တည်းတွင် စတင်ရောင်းချခြင်းမျိုး မပြုလုပ်သင့်ဘဲ Phase များခွဲကာ Phase
တစ်ခုချင်းစီ အလိုက်သာ တိုက်ခန်းများကို ရောင်းချသင့်ကြောင်း မစ္စတာ ကယ်ဗင်ဂူးစ်က
ပြောသည်။

''အိမ်ရာစီမံကိန်းအလတ်စားနဲ့ အကြီးစားတွေကို အကောင်အထည်ဖော်တဲ့အခါ
ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုက စီမံကိန်းတစ်ခုလုံးကို စတင်ရောင်းချတာတွေကို
ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ စီမံကိန်းတစ်ခုလုံးကို
တစ်ချိန်တည်းမှာ စရောင်းမယ့်အစား Phase တွေခွဲပြီး Phase တစ်ခုက အခန်းတွေကုန်မှ
နောက်ထပ် Phase တစ်ခုကို စရောင်းသင့်ပါတယ်။ မဟုတ်ရင် ရှုခင်းလှတဲ့နေရာကို
မြင်နိုင်တဲ့အခန်းတွေ၊ ဝယ်သူအများစု လိုချင်တဲ့ ကောင်းတဲ့အခန်းတွေကပဲ အရင်ဆုံး
ရောင်းထွက်ပြီး ကျန်တဲ့အခန်းတွေကို ရောင်းချဖို့ ခက်ခဲသွားပါလိမ့်မယ်''ဟု ၄င်းက
ပြောသည်။

အခြားနိုင်ငံများတွင် အိမ်ရာစီမံကိန်းများ ရောင်းချသည့်အချိန်တွင် ရောင်းချလိုက်သော
အခန်းများကို ရောင်းချသူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အငှားဝန်ဆောင်မှု
ပေးလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ထိုသို့ အငှားဝန်ဆောင်မှုပေးသူများမှာ
မရှိသလောက် နည်းပါးနေသေးကြောင်း ၄င်းက ပြောသည်။

''တန်ဖိုးသင့် တိုက်ခန်းတွေဖြစ်ဖြစ်၊ တန်ဖိုးမြင့် အဆင့်မြင့်အိမ်ရာတွေဖြစ်ဖြစ်
အိမ်ရာတွေကို ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူထားလိုတဲ့သူတွေ အများကြီးရှိပါတယ်။
တခြားနိုင်ငံတွေမှာ ဘယ်အိမ်ရာစီမံကိန်းကိုမဆို စတင်ရောင်းချပြီဆိုတာနဲ့
အဲဒီအိမ်ရာစီမံကိန်းအတွက် အငှားဝန်ဆောင်မှုပါ တစ်ခါတည်းပေးပါတယ်။
အိမ်ရာတွေကို ပြန်ငှားမယ်ဆိုရင် ဝယ်ယူသူကိုယ်တိုင် အချိန်ပေးပြီး ဘာမှလုပ်ဖို့
မလိုဘဲ အိမ်ရာစီမံကိန်းကို ရောင်းချတဲ့ ကုမ္ပဏီကနေ တစ်ခါတည်း အငှားရှာပေးတဲ့
ဝန်ဆောင်မှု ပေးပါတယ်။ ရန်ကုန်မှာ အဲဒီလို အငှားဝန်ဆောင်မှုပေးတာမျိုး
မရှိသလောက်ပါပဲ။ အိမ်ရာတွေကို ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူသူတွေအတွက် အဲဒီလို
အငှားဝန်ဆောင်မှုစီမံကိန်းမျိုးတွေကို ရောင်းတဲ့အချိန်ကတည်းက တစ်ပါတည်း
ဝန်ဆောင်မှုပေးနိုင်ရင် အိမ်ရာ ဝယ်ယူလိုသူတွေ ပိုများလာနိုင်ပါတယ်''ဟု ၄င်းက
ပြောသည်။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် အိမ်ရာစီမံကိန်းများ
ရောင်းချခြင်းပိုင်းတွင် အားနည်းနေရုံသာမက အိမ်ရာစီမံကိန်းများကို အမှန်တကယ်
လိုအပ်သောသူများထံ ရောင်းချပေးရန်လည်း အားနည်းနေသေးကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

''ဆောက်လုပ်ရေးလုပ်ငန်းတွေက အရောင်းပိုင်းမှာ တော်တော်လေး အားနည်းနေပါတယ်။
ပြီးတော့ တကယ်လိုအပ်နေတဲ့သူတွေဆီကို ပစ္စည်းတွေရရှိဖို့ ကြိုးစားနေတဲ့အချိန်မှာ
တကယ် အားနည်းနေပါသေးတယ်။ တကယ်အိမ်ရာ ဝယ်ယူလိုသူတွေ၊ အိမ်ရာတိုက်ခန်း
ပိုင်ဆိုင်မှုမရှိသေးဘဲ အိမ်ရာဝယ်ယူလိုသူတွေအတွက် အိမ်ရာစီမံကိန်းတွေကို ဝယ်ယူနိုင်ဖို့၊
စျေးကွက်လိုအပ်ချက်ရှိတဲ့နေရာတွေကို ရောင်းချဖို့ ဆောင်ရွက်တဲ့နေရာမှာလည်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အားနည်းနေပါသေးတယ်''ဟု ၄င်းက ပြောသည်။

အိမ်ရာတိုက်ခန်းများ အမှန်တကယ် ဝယ်ယူလိုသူများ အိမ်ရာများကို ဝယ်ယူနိုင်စေရန်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ စျေးကွက်လိုအပ်နေသည့်အတိုင်း အချိန်ကြာမြင့်စွာ
အရစ်ကျစနစ်ဖြင့် မရောင်းချနိုင်သည့်အတွက် အခြားနိုင်ငံများကဲ့သို့ ဘဏ်များမှတစ်ဆင့်
အရစ်ကျ ရောင်းချပေးရန် လိုအပ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ banking စနစ်
ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း အရေးပါကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''အိမ်ရာပိုင်ဆိုင်မှု မရှိသူတွေကလည်း အရစ်ကျစနစ်နဲ့ပဲ ဝယ်ယူလိုပေမဲ့
ရောင်းမယ့်ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ကလည်း နှစ်ရှည်အရစ်ကျစနစ်နဲ့
ရောင်းချပေးဖို့ အခက်အခဲဖြစ်နေပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ ဘဏ်တွေကနေ
တစ်ဆင့် တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ရောင်းချပေးဖို့ လိုအပ်နေပြီး ပြည်တွင်းမှာ
Banking စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေပါတယ်''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေအရောင်းအဝယ်စျေးကွက် ပိုမိုအားကောင်းစေရန် အဓိကလိုအပ်သောအချက်မှာ
ပြဋ္ဌာန်းသင့်သော ဥပဒေများကို အချိန်မီ မပြဋ္ဌာန်းနိုင်သေးသောကြောင့်ဖြစ်ကြောင်း
ဦးရန်အောင်က ပြောသည်။

''အိမ်ခြံမြေနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းသင့်တဲ့ဥပဒေတွေကို အချိန်မီ မပြဋ္ဌာန်းနိုင်သေးတဲ့အတွက်
ဆောက်လုပ်ရေး အရောင်းစျေးကွက်က အေးစက်နေရတာ ဖြစ်ပါတယ်။ ကွန်ဒိုဥပဒေဆိုရင်
ဥပဒေပြဋ္ဌာန်းပြီးတာ နှစ်နဲ့ချီနေပေမဲ့ ခုချိန်ထိ နည်းဥပဒေ မပြဋ္ဌာန်းနိုင်သေးပါဘူး။
နည်းဥပဒေ မပြဋ္ဌာန်းနိုင်သေးတော့ အဲဒီဥပဒေက အသက်မဝင်သေးပါဘူး။
နိုင်ငံခြားသားတွေကို ခုချိန်ထိ တိုက်ခန်းတွေမရောင်းချနိုင်သေးပါဘူး''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေအရောင်းစျေးကွက် မြှင့်တင်ရန် မြန်မာနိုင်ငံတွင်း လာရောက်ကာ
စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့် အိမ်ရာများကို
ရင်းနှီးမြှုပ်နှံရန် ဝယ်ယူလိုသူ နိုင်ငံခြားသားများကို အိမ်ရာစီမံကိန်းများ
ရောင်းချပေးနိုင်ရန် ကွန်ဒိုနည်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း
iGreenဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှူဒါရိုက်တာ ဦးကျော်ကျော်နိုင်က
ပြောသည်။

မြို့သစ်အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအတွက် အိမ်ရာ
စီမံကိန်းများနှင့်အတူ လိုအပ်သော အခြေခံအဆောက်အအုံများနှင့် နေထိုင်သူများ
သွားလာဆက်သွယ်ရေး အဆင်ပြေစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
တစ်ပါတည်း ပူးပေါင်းအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။

''တန်ဖိုးနည်းအိမ်ရာတွေကို မြေစျေးနှုန်း ကြီးမြင့်ပြီးသားဖြစ်နေတဲ့ မြို့ထဲဧရိယာမှာ
ဆောက်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ မြေစျေးနှုန်း မကြီးမြင့်သေးတဲ့ မြို့စွန်မြို့နယ်တွေ၊
မြို့သစ်တွေကို သွားတည်ဆောက်ရမယ်ဆိုရင် နေထိုင်သူတွေအတွက် အသုံးပြုဖို့
ဘတ်စ်ကားစနစ်တွေကို တစ်ခါတည်း အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာမှာ နေထိုင်သူတွေအတွက် ကျွန်တော်တို့က ကားပါကင်နေရာတွေအတွက်
အထူးစဉ်းစားနေဖို့ မလိုပေမဲ့သူတို့ အဆင်ပြေပြေသွားလာနိုင်ဖို့ ဘတ်စ်ကားစနစ်တွေရှိဖို့တော့
ဆောင်ရွက်ပေးဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သုတေသနပြုလုပ်ခြင်းကို ပိုမိုဆောင်ရွက်
သင့်ပြီး ရည်ရွယ်တည်ဆောက်သော စျေးကွက်မှန်ရရှိစေရန်အတွက် လိုအပ်သော အခြေခံ
အဆောက်အအုံများကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း
ဦးကျော်ကျော်နိုင်က ပြောသည်။

''တန်ဖိုးနည်းအိမ်ရာဖြစ်ပေမဲ့ ဓာတ်လှေကားထည့်ပြီး အထပ်မြင့်တည်ဆောက်မယ်ဆိုရင်
အထပ်ရှစ်ထပ်ထက် ပိုမြင့်တဲ့အဆောက်အအုံဖြစ်လို့ အောက်ထပ်တွေမှာ ကားပါကင်တွေ
ထည့်သွင်းဆောက်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတိုင်း ကားပါကင်တွေကို ထည့်မဆောက်လုပ်
သင့်ပါဘူး။ သူတို့အတွက် လိုအပ်တဲ့ ဘတ်စ်ကားစနစ်တွေကိုတော့ ထည့်သွင်းပေးဖို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်က သက်ဆိုင်ရာအစိုးရကို တင်ပြပေးသင့်ပါတယ်''ဟု ၄င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်