ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဧရာဝတီတိုင်း
ဒေသကြီး၏ ဖွံ့ဖြိုးရေးစီမံကိန်းလေးခုအတွက် အမေရိကန်ဒေါ်လာ စုစုပေါင်း ၆၃၈,ဝ၆၅ ကို
ထောက်ပံ့ခဲ့သည်။
အဆိုပါ ထောက်ပံ့မှု၏ အထောက်အပံ့ပေးရေး သဘောတူစာချုပ် ချုပ်ဆိုမှုကို ပြီးခဲ့သည့်
မတ် ၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi HIGUCHI နှင့် ဧရာဝတီတိုင်း
ဒေသကြီးမှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ ဆောက်လုပ်ရေးစီမံကိန်းလေးခုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်နှင့်
မအူပင်မြို့နယ်တို့ရှိ ကျေးရွာများ၏ လမ်းလေးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် တံတားတစ်စင်း
တည်ဆောက်ခြင်းတို့အတွက် ထောက်ပံ့ပေးခြင်းဖြစ်သည်။
လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများမှာ ရေကြည်မြို့နယ်၊ ရေနောက်ကျေးရွာနှင့်
ညောင်ဝိုင်းကျေးရွားချင်းဆက် လမ်းအဆင့်မြှင့်တင်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအတွက်
အမေရိကန်ဒေါ်လာ ၁၈၉,၈၇၆ ထောက်ပံ့ခဲ့သည်။ မအူပင်မြို့နယ်ရှိ တာမလိုကျေးရွာနှင့်
တာပတ်(အနောက်)ကျေးရွာ လမ်းနှစ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက်
အမေရိကန်ဒေါ်လာ ၁၁၁,၈၅၇ နှင့် ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာနှင့် ရေစမ်းကျေးရွာ
ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၇,၇၉၇ တို့ဖြစ်သည်။
တံတားဆောက်လုပ်ခြင်း စီမံကိန်းမှာ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ တံတားဆောက်လုပ်ရေး
အတွက် အသုံးပြုနိုင်ရန်အမေရိကန်ဒေါ်လာ ၁၇၈,၅၃၅ တို့ဖြစ်သည်။
အဆိုပါ ရေကြည်မြို့နယ်နှင့် မအူပင်မြို့နယ်တို့ရှိ ကျေးရွာများ၏ လမ်းများသည် မိုးရာသီတိုင်းတွင်
လမ်းများပျက်စီးပြီး ဗွက်များ ထူထပ်လွန်းသည့်အတွက် ကျေးရွာနေသူများမှာ ၄င်းတို့၏ စီးပွားရေး
ကျန်းမာရေးနှင့် ပညာရေးများတွင် အခက်အခဲများ ကြံုတွေ့နေရသည့်အတွက် ဂျပန်အစိုးရက
အဆိုပါလမ်းများကို ပြန်လည် အဆင့်မြှင့်တင်ရန်အတွက် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။
ထို့ပြင် တံတားတည်ဆောက်ရေးအတွက်လည်း အဆိုပါရေကြည်မြို့နယ်၊ကုန်းပြင်ကျေးရွာရှိ
ကြိုးတံတားဟောင်းမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေကာ နေ့စဉ်အသုံးပြုသည့် ဒေသခံများ
ရှိနေပြီး ကားများဖြတ်သန်းသွားနိုင်ခြင်း မရှိသည့်အတွက် ကျန်းမာရေးအခက်အခဲများ
ရှိသည့်အခါ ခရီးကြန့်ကြာခြင်းများကို ကြံုတွေ့လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့်
ဂျပန်အစိုးရက ချဉ်းကပ်လမ်းအပါအဝင် ၄၉ မီတာရှည်ပြီး၊ ၅ ဒသမ ၅ မီတာ အကျယ်ရှိသည့်
သံကူကွန်ကရစ်တံတား တစ်စင်းကို ဆောက်လုပ်ပေးရန်အတွက် ထောက်ပံ့ပေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် အသေးစားစီမံကိန်းများထောက်ပံ့ရေး
အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်ကတည်းကပင် စတင်ကာ စီမံကိန်းပေါင်း ၈၁၄ ခုကို ထောက်ပံ့ပေးခဲ့ပြီး
ဖြစ်သည်။
ပညာရေးထောက်ပံ့ရေး စီမံကိန်းပေါင်း ၄ဝဝ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု
အဆင့်မြှင့်တင်ရေး စီမံကိန်းပေါင်း ၁၈၉ ခုနှင့် လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင်စီမံကိန်းပေါင်း
၁၃၈ ခု၊ အခြေခံအဆောက်အအုံစီမံကိန်းပေါင်း ၄၃ ခုနှင့် အခြား အမျိုးမျိုးသော စီမံကိန်းပေါင်း
၃၅ ခုတို့ကို ကူညီထောက်ပ့ံခဲ့ပြီးဖြစ်ကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ
သိရသည်။















