အိမ်ရာလိုအပ်ချက်နဲ့ စောင့်ကြည့်ရမယ့် အစိုးရရဲ့ အိမ်ရာဖော်ဆောင်နိုင်မှု

အိမ်ရာလိုအပ်ချက်နဲ့ စောင့်ကြည့်ရမယ့် အစိုးရရဲ့ အိမ်ရာဖော်ဆောင်နိုင်မှု

အိမ်ရာလိုအပ်ချက်တွေ များနေသေးတဲ့ နိုင်ငံအတွက် အစိုးရဘက်က ဖော်ထုတ်ပေးနိုင်တဲ့
အခန်းကဏ္ဍက ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်း အတွင်းမှာတော့ မပြည့်မီခဲ့သေးဘူးလို့
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးသာဌေးက
ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က စင်ကာပူနိုင်ငံအခြေစိုက် Surbana Jurong နဲ့ MCEA တို့ရဲ့
လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်မှု သဘောတူလက်မှတ် ရေးထိုးပွဲမှာ သတင်းမီဒီယာတွေကို
ပြောကြားခဲ့တာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်က ၂ဝ၃ဝ ပြည့်နှစ်အတွင်း အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
အနေနဲ့ အိမ်ခန်းပေါင်း တစ်သန်း ထုတ်လုပ်နိုင်ဖို့ လျာထားခဲ့ရာမှာ အဆိုပါလျာထားချက်
အတွင်းက ငါးနှစ်စာပမာဏကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိခဲ့တာပါ။

စီမံကိန်းအရ ပြည့်မီဖို့ဆိုရင် ငါးနှစ်အတွင်း ထုတ်လုပ်နိုင်စွမ်းရည်ဟာ အနည်းဆုံး
အိမ်ခန်းပေါင်း နှစ်သိန်းကျော်ကနေ သုံးသိန်းနီးပါးအထိ ထုတ်နိုင်မှ လာမယ့် ၂ဝ၃ဝ
ခုနှစ်မှာ အိမ်ခန်းပေါင်း တစ်သန်းကို ပြည့်မီမှာ ဖြစ်ပါတယ်။

''ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာထားတာ ၂ဝ၃ဝ မှာ အိမ်ခန်းပေါင်း တစ်သန်း
ထုတ်မယ်ဆိုတာ အဲဒါ ၂ဝ၁၁ ခုနှစ်ကတည်းက ကြေညာထားတာ၊ အပိုင်းလိုက် ငါးနှစ်စီမံကိန်း
လေးကြိမ်ပေါ့။ ပျှမ်းမျှအားဖြင့် ငါးနှစ်ကို နှစ်သိန်းကျော်ကျော် သုံးသိန်းလောက် ထုတ်မှ
ပြည့်မီမှာပါ။ ပြီးခဲ့တဲ့ ငါးနှစ်ကတော့ သူတို့ သတ်မှတ်ထားတာကို မီအောင် မထုတ်နိုင်ခဲ့ဘူး''လို့
ဦးသာဌေးက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိမ်ရာဖော်ထုတ်မှုဟာ အစိုးရချပေးတဲ့ နှစ်စဉ်ဘတ်ဂျတ်ကို
အသုံးပြု ဖော်ဆောင်ရတာမို့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းက ဖော်ထုတ်နိုင်မှု နည်းခဲ့တယ်လို့
၄င်းက ပြောပါတယ်။

အခု အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ကနေ
၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခန်းပေါင်း တစ်သိန်း
ရှစ်သောင်းကို အကောင်အထည်ဖော် တည်ဆောက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ရတနာနှင်းဆီ တန်ဖိုးနည်းအိမ်ရာဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

လက်တွေ့မှာတော့ အစိုးရက ကြေညာထားတဲ့အတိုင်း အိမ်ခန်းတွေ ပေါ်ထွက်လာပြီး တကယ်
လိုအပ်တဲ့ ပြည်သူတွေလက်ထဲ ရောက်ဖို့ဆိုတာကတော့ ခန့်မှန်းရ ခက်ခဲဆဲ ဖြစ်နေပါတယ်။

ခန့်မှန်းရခက်ခဲရတဲ့အကြောင်းက လာမယ့် ၂ဝ၃ဝ မှာ အိမ်ခန်း တစ်သန်းထွက်ပေါ်လာဖို့ဆိုရင်
ငါးနှစ်ကို အိမ်ခန်းပေါင်း သုံးသိန်းနီးပါး ဖော်ထုတ်နိုင်မှပါ။ ဒီလို ကိန်းဂဏန်းကို
ဖော်ထုတ်မယ်ဆိုတာမျိုး မကြားရသေးပါဘူး။

ဒါပေမဲ့ အစိုးရသစ်ရဲ့ နည်းဗျူဟာအသစ်အရ မြန်မာနိုင်ငံတစ်ဝန်လုံး အိမ်ရာဖော်ထုတ်ရေးတွေမှာ
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ပူးပေါင်းပါဝင်စေခဲ့တဲ့အတွက် အဖွဲ့ဝင်ပေါင်း
၂,ဝဝဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက နိုင်ငံတွင်းမှာ
တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

''ကျွန်တော်တို့ MCEA ကို မကြာသေးခင်ကပဲ အစိုးရက တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီမှာ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်း တန်ဖိုးမျှတ တိုက်ခန်းတွေ
ဆောက်ပါမယ်။ ဘယ်နေရာတွေမှာ ဆောက်မယ်၊ ဘယ်တော့စမှာ ဆိုတာတော့ မတိုင်ပင်
ရသေးဘူး။ အမြန်ဆုံး စတော့မှာဖြစ်တဲ့အတွက် လာမယ့် ဘတ်ဂျတ်နှစ်မှာစဖို့
မျှော်လင့်ထားတယ်''လို့ ဦးသာဌေးက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းတွေ ထွက်ပေါ်လာဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနက ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး တန်ဖိုးနည်းတိုက်ခန်းတွေကို အလုပ်အကိုင်တွေနဲ့
နီးတဲ့နေရာနဲ့ တန်ဖိုးသင့်တိုက်ခန်းတွေဆို နေရာကောင်းတွေမှာ ဆောက်ဖို့ စီစဉ်နေတယ်လို့
လတ်တလောအစီအစဉ်အရ သိရပါတယ်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းတွေကို ရောင်းချရာမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ် (CHDB) အိမ်ရာငွေစုစာအုပ် ဖွင့်သူတွေကို ဦးစားပေးရောင်းချကာ အိမ်ခန်းတန်ဖိုးရဲ့
၃ဝ ရာခိုင်နှုန်းကို ကနဦးအကြေချေပြီး အရစ်ကျ ၁ဝ နှစ် ငွေပေးချေတဲ့ စနစ်တွေနဲ့
ရောင်းချပေးတာတွေက အခုနောက်ပိုင်းမှာ အိမ်ခန်းဝယ်ယူတဲ့သူတွေကို ပိုအဆင်ပြေလာစေ
ပါတယ်။

ဒီလို အခြေအနေမှာ CHDB ဘဏ်အနေနဲ့ နိုင်ငံတကာချေးငွေနဲ့ အစိုးရချေးငွေတွေရရှိမယ်
ဆိုရင် အခုထက်ပိုပြီး အိမ်ခန်းဝယ်ယူမှုတွေမှာ ငွေကြေးထောက်ပ့ံပေးနိုင်မှာ ဖြစ်ပြီး
အတိုးနှုန်းတွေကိုလည်း သက်သာစေမယ်ဆိုရင် မျှော်မှန်းထားတဲ့ အိမ်ခန်းလိုအပ်ချက်
ပြည့်မီဖို့ဟာ အခြေအနေကောင်း လာနိုင်မယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက
ဆိုပါတယ်။

''ဒီဘက်နှစ်တွေကတော့ အိမ်ခန်းတွေပိုပြီး ထုတ်နိုင်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့
နိုင်ငံတကာ အကူအညီတွေလည်း ရလာနိုင်တယ်။ ဂျပန်နိုင်ငံကလည်း ချေးငွေတွေရရင်
CHDB ဘဏ်ကလည်း အတိုးနှုန်းနည်းနည်းနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးလာနိုင်တယ်''လို့
ဦးသာဌေးက ပြောပါတယ်။

CHDB ဘဏ်ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းတွေကို ပြည်သူတွေ အဆင်ပြေပြေ
လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့ ငွေထုတ်ချေးပေးနေပေမဲ့ လက်ရှိအနေအထားအရ ကနဦး
အကြေချေ ငွေပမာဏ (down payment)က များနေပါသေးတယ်။ ဒါ့ပြင် အတိုးနှုန်းမှာလဲ
၁၃ ရာခိုင်နှုန်းဖြစ်နေပါတယ်။

ဒါကြောင့် မြင့်မားနေတဲ့ အတိုးနှုန်းနဲ့ ကနဦး ငွေအကြေချေပမာဏများအတွက် CHDB
ဘဏ်ဟာ အစိုးရနဲ့ နိုင်ငံတကာအကူအညီဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ငွေချေးမယ့် အကူအညီတွေကို
ရရှိဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက ဂျပန်ငွေ ယန်း ၁၅ သန်းနဲ့ မြန်မာနိုင်ငံအစိုးရက ငွေကျပ် ၃ဝ ဘီလျံ တို့ကို
နှစ်ရှည်ချေးငွေရဖို့ ညှိနှိုင်းပြောဆိုနေတယ်လို့ သိရပါတယ်။

''ဂျပန်နိုင်ငံက ချေးငွေရဖို့ကတော့ နည်းနည်းကြာဦးမယ်။ အစိုးရနဲ့ ၃ဝ ဘီလျံရဖို့ကတော့
ရနိုင်ဖို့ အခြေအနေရှိပါတယ်။ လောလောဆယ်တော့ ပြောဆိုနေတုန်း အနေအထားမှာတော့
ရှိနေပြီ။ တကယ်လို့ အဲဒီချေးငွေတွေရရင် အတိုးနှုန်းကို ၉ ရာခိုင်နှုန်းလောက်ချဖို့
စီစဉ်ထားပါတယ်''လို့ CHDB ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ်။

အဲဒီအပြင် ကနဦးအကြေချေရတဲ့ ငွေပမာဏကိုလည်း နိုင်ငံတကာငွေကြေးအကူအညီတွေ၊
နိုင်ငံတော်အစိုးရရဲ့ ချေးငွေအထောက်အပံ့တွေ ရလာမယ်ဆိုရင် လက်ရှိ အခန်းတန်ဖိုးရဲ့ ၃ဝ
ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်အောင် ကြိုးစားနေတယ်လို့ လည်း သိရပါတယ်။

''စစချင်းပေးရမယ့် ငွေပမာဏကို လက်လှမ်းမီအောင် ကြိုးစားနေပါတယ်။ နိုင်ငံခြားကနေ
soft loan တွေ ရဖို့ရှိပါတယ်။ ဝင်ငွေနည်း ပြည်သူကို ပံ့ပိုးတဲ့အနေနဲ့ loan ပေးဖို့ ရှိပါတယ်။
အထူးသဖြင့် ဂျပန်ပေါ့။ ရလို့ရှိရင် အတိုးနှုန်း နည်းသွားမယ်။ အခုက ရဝ ရာခိုင်နှုန်းက
ချေးငွေယူထားရတော့ အဲဒီချေးငွေရဲ့ အတိုးနှုန်းကို နည်းနိုင်သမျှ နည်းအောင် လုပ်နေပါတယ်''လို့
ဘဏ်နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက
တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဟာ အစိုးရရဲ့ အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ
နည်းပညာပိုင်း လိုအပ်ချက်များအတွက် စင်ကာပူကုမ္ပဏီဖြစ်တဲ့ Surbana Jurong နဲ့
ပူးပေါင်းပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတင်မကဘဲ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်း၊
အခြေခံအဆောက်အအုံ၊ အဝေးပြေးလမ်းမတွေနဲ့ စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို
ဆောက်လုပ်ဖို့ ပြီးခဲ့တဲ့ မတ် ၃ ရက်က MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့
ဦးသာဌေးက ပြောပါတယ်။

၂ဝ၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲမှာ အိမ်ရာစီမံကိန်းများ
စီမံခန့်ခွဲခြင်းနဲ့ အိမ်ရာဒီဇိုင်းတွေကိုဆွဲတဲ့ လုပ်ငန်းတွေလုပ်ဆောင်တဲ့ Surbana ကလည်း
အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖူးတဲ့ အတွေ့အကြံုတွေ ရှိတယ်လို့ဆိုပါတယ်။

''ဆာဗားနားက ၂ဝ၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အစိုးရနဲ့ လက်တွဲ
လုပ်ဆောင်ခဲ့တာပါ။ ပထမဆုံးလုပ်ငန်းအနေနဲ့ ဒဂုံဆိပ်ကမ်းစီမံကိန်း၊ ရတနာနှင်းဆီ
စီမံကိန်း၊ အိမ်ရာဆောက်လုပ်ရေးမှာ ဒီနှစ်ခုလုံး လုပ်ငန်း ပြီးစီးသွားပြီ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ တခြား လက်တွဲဖော်များနဲ့အတူ လုပ်ငန်းတွေ လုပ်သွားပါမယ်။
လက်တွဲဖော်တွေ အများကြီး လိုအပ်ပါတယ်။ MCEA နဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး
မြန်မာနိုင်ငံရဲ့ နားမလည်တဲ့ အပိုင်းတွေကို အတူတူလက်တွဲပြီး လုပ်သွားပါမယ်''လို့
Surbana ရဲ့ အမှုဆောင်အရာရှိချုပ် Mr. Teo Eng Cheong က ပြောပါတယ်။

လက်ရှိတွင် MCEA နှင့် Surbana တို့တည်ဆောက်ကြမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့်
စီမံကိန်းတွေအတွက် အသေးစိတ် တွက်ချက်မှုတွေ မပြုလုပ်သေးပေမဲ့ နိုင်ငံရဲ့ ပြည်သူတွေ
ဝင်ငွေအနေအထားတွေပေါ် မူတည်ပြီး မြန်မာပြည်အတွက် အသင့်တော်ဆုံးဖြစ်မယ့်
တန်ဖိုးနည်း၊ တန်ဖိုးမျှအိမ်ခန်းတွေ ထွက်ပေါ်လာနိုင်အောင် တွက်ချက်သွားမယ်လို့
ဆိုပါတယ်။

''အကောင်းဆုံးနည်းကတော့ လူတစ်ယောက် ဘယ်လောက်ထိ အလုပ်လုပ်ပြီး
စရန်ငွေဘယ်လောက်ပေးနိုင်မှုပေါ်မှာ မူတည်ပြီး တွက်ချက်သွားပါမယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ လူတစ်ယောက်အကြာကြီး အလုပ်တွေလုပ်ပြီးတော့မှ အိမ်ရာတစ်ခုကို ပိုင်ဆိုင်ပြီး
လုပ်ရမယ်လို့ မဟုတ်ဘဲ ဘယ်လောက်အတွင်းမှာ အိမ်ရာပိုင်ဆိုင်နိုင်လဲပေါ်မှာ မူတည်ပြီး
တွက်ချက်သွား မှာဖြစ်ပါတယ်'' လို့ Mr. Teo Eng Cheong ဆိုပါတယ်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းတွေက ဝင်ငွေနည်းပြည်သူတွေအတွက်
ရည်ရွယ်သတ်မှတ်ထားတဲ့အတွက် အခန်း အရေအတွက်များများ ထုတ်ခြင်းဖြင့် အိမ်ခန်း
စျေးနှုန်းကို လျှော့ချနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အရည်အသွေးကိုလည်း မညံ့အောင်
တည်ဆောက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

တန်ဖိုးသင့်အိမ်ရာတွေကို အစိုးရနဲ့ အရပ်ဘက် အငြိမ်းစားဝန်ထမ်းတွေ အတွက်ကို
စဉ်းစားထားကြောင်း ပြောပါတယ်။

တန်ဖိုးနည်းအိမ်ခန်းတွေကို တည်ဆောက်သွားတဲ့အခါမှာ အခန်းအကျယ်တွေကတော့
စတုရန်းပေ ၄ဝဝ ကနေ ၆ဝဝ ကြား တည်ဆောက်သွားမှာဖြစ်ပါတယ်။ တန်ဖိုးသင့်အိမ်ခန်း
အကျယ်တွေကတော့ ရ၅ဝ စတုရန်းပေကနေ ၁,ဝဝဝ စတုရန်းပေအထိ ရှိပါမယ်။

မြန်မာနိုင်ငံအနေနဲ့ လာမယ့် အနာဂတ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမှာဖြစ်လို့
အိမ်ငှားနေထိုင်သူဦးရေထက် အိမ်ပိုင်ဆိုင်မှုဦးရေက ပိုမိုများပြားလာမယ်လို့လည်း
Teo Eng Cheong က ပြောပါတယ်။

''မြန်မာပြည်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့် အိမ်ငှားတဲ့
လူဦးရေရာခိုင်နှုန်းက တဖြည်းဖြည်းလျော့နည်းလာမှာ ဖြစ်ပြီးတော့ အိမ်ပိုင်ဆိုင်တဲ့
ရာခိုင်နှုန်းက ပိုပြီးတော့ များလာမယ်လို့ မျှော်လင့်ရပါတယ်''လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက လက်ရှိအချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်နေပြီး စီးပွားရေးတိုးတက်မှုနှုန်း ရ မှ ၈ ရာခိုင်နှုန်းအထိ
ရှိနေတာမို့ ၂ဝ၁၇ ခုနှစ်အထိ ယခုနှုန်းအတိုင်း ဆက်လက်တိုးတက်သွားနိုင်ဖွယ်ရှိတယ်လို့လည်း
ဆိုပါတယ်။

''မြို့ပြကိုလည်း လူငယ်အများအပြား လာရောက်ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ကြတဲ့အတွက်
ရန်ကုန်မြို့မှာလည်း လူဦးရေ လျင်မြန်စွာ တိုးတက်နေပါတယ်။ အဲဒီလို လူငယ်ဦးရေနဲ့ လူဦးရေ
လျင်မြန်စွာတိုးတက်လျက်ရှိတဲ့ လူဦးရေတို့အတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကို
ဦးစားပေးရမှာ အင်မတန် အရေးကြီးပါတယ်''ဟု ၄င်းက ပြောပါတယ်။

''အခုလို ပုဂ္ဂလိကဆောက်ရေးလုပ်ငန်းရှင်တွေကို အစိုးရကလုပ်ကိုင်ခွင့်ပေးလိုက်တဲ့နောက်ပိုင်း
လာမယ့် နှစ်တွေဟာ အမှန်တကယ်ပဲ အိပ်ခန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မလား၊
လာမယ့် ၂ဝ၃ဝ မှာ ထွက်ပေါ်လာမယ့် အိမ်ခန်း တစ်သန်းဟာ တကယ်လိုအပ်နေတဲ့
ပြည်သူတွေလက်ထဲကို ရောက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်