မီတာအသုံးပြုခွင့် လျှောက်ထားမှု စျေးနှုန်းမြှင့်ခြင်း အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခက်တွေ့

မီတာအသုံးပြုခွင့် လျှောက်ထားမှု စျေးနှုန်းမြှင့်ခြင်း အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခက်တွေ့

ကန်ထရိုက် အဆောက်အအုံများအတွက် လျှပ်စစ်မီတာအသုံးပြုခွင့် လျှောက်ထားခနှုန်းထားကို
တစ်ခန်းလျှင် ကျပ်တစ်သိန်းခွဲမှ ငါးသိန်းခွဲသို့ ပြီးခဲ့သောလလယ်မှ စတင်ကာ တိုးမြှင့်
ကောက်ခံခြင်းကြောင့် အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့်အခက်အခဲများနှင့်
ရင်ဆိုင်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

လျှပ်စစ်မီတာအသုံးပြုခွင့် လျှောက်ထားခနှုန်းထားများကို တိုးမြှင့်ကောက်ခံရန် ကြေညာထားပြီး
ဖြစ်သော်လည်း တိုက်ခန်းတစ်ခန်းလျှင် သုံးဆကျော် တိုးမြှင့်ကောက်ခံသည့်အတွက်
အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အဆင်မပြေကြောင်း အာရှမြေ
ဆောက်လုပ်ရေး အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''အရင်တုန်းက အိမ်တစ်လုံးမှ မီတာလျှောက်ခ ကျပ်တစ်သိန်း၊ တစ်သိန်းခွဲလောက်ပဲကျပေမဲ့
အခု အိမ်တစ်လုံးကိုကျပ်ငါးသိန်း၊ ငါးသိန်းခွဲလောက်ကျမှာဖြစ်တဲ့အပြင် မီးကြိုးတပ်ဆင်ခကလည်း
တစ်ခန်းကို ကျပ်တစ်သိန်းကျော်လောက်ကျမှာဆိုတော့ အားလုံးပေါင်းလိုက်ရင် ခုနစ်သိန်းလောက်
ဖြစ်သွားပြီ။ ၁၂ ခန်းဆိုရင် ၈၄ သိန်းတောင်ကျတယ်''ဟု ၄င်းက ပြောသည်။

ပြောင်းလဲပြင်ဆင်ခဲ့သော မီတာခနှုန်းထားများကြောင့် ခြောက်ထပ်မြင့် ကန်ထရိုက်တိုက်
တစ်ခုလျှင် ယခင်က မီတာလျှောက်ခ ၁၄ သိန်းခန့် ကုန်ကျမည့်နေရာတွင် သိန်း ၈ဝ ခန့်
ကုန်ကျမည်ဖြစ်သည့်အတွက် အသေးစားနှင့် အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အနေဖြင့် ထိခိုက်ကြောင်း ဦးရန်အောင်က ပြောသည်။

''တကယ်ဆို အားလုံးမှ ၁၄ သိန်းလောက် ကုန်မယ့်ကိစ္စက အခုတော့ သိန်း ၈ဝ ကျော် ကုန်မှာ
ဆိုတော့ ကန်ထရိုက်တာက မကိုက်တော့ဘူး။ အိမ်ရောင်းရင် ရေ၊ မီး အစုံပါမှ ရောင်းလို့ရတာဖြစ်လို့
အားလုံးကို ဆောက်လုပ်ရေးလုပ်ငန်းရှင်က လုပ်ပေးမယ်လို့ စာချုပ်မှာ ချုပ်ထားပြီးဖြစ်နေတယ်။
စျေးမြင့်မယ်မှန်း သိပေမဲ့ ဒီလောက်သိသိသာသာ သုံးဆကျော်မြင့်မယ် မထင်ထားတော့ ဒီစျေးအတိုင်း
မီတာလျှောက်ပေးရမယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငနး်ရှင်ကပဲ အထိနာပါတယ်''ဟု ၄င်းက
ပြောသည်။

ထပ်တိုးပြောင်းလဲကောက်ခံသော မီတာခများကြောင့် တိုက်ခန်းစျေးကို ထပ်မြင့်ရောင်းချမည်
ဆိုပါကလည်း ဝယ်လိုအားနှင့် စျေးကွက်ကျဆင်းနေသော တိုက်ခန်းအရောင်းစျေးကွက်အတွင်း
အခက်အခဲများရှိကြောင်း ဦးရန်အောင်က ပြောသည်။

''တိုက်ခန်းစျေးတွေကို ထပ်မြှင့်မယ်ဆိုရင်လည်း ဝယ်သူက မရှိတော့ဘူး။ အစကတည်းက
တိုက်ခန်းအရောင်းစျေးကွက်တွေက ကျဆင်းနေချိန်မှာ စျေးကို ထပ်တိုးရောင်းရင် ဝယ်မယ့်သူ
ရှိမှာမဟုတ်ဘူး။ အစိုးရရဲ့ အရစ်ကျအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေလို လက်ငင်းငွေချေပြီး
ဝယ်ရတဲ့အိမ်တွေက စျေးကွက်မကောင်းနေချိန်မှာ ရောင်းစျေးထပ်တိုးရောင်းဖို့
မဖြစ်နိုင်ပါဘူး''ဟု ၄င်းက ပြောသည်။

လျှပ်စစ်မီတာအသုံးပြုခွင့် လျှောက်ထားခနှုန်းထား ပြင်ဆင်သတ်မှတ်ပြီးချိန်မှ စတင်ကာ
အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ပြီးသော ကန်ထရိုက်
တိုက်များကို မီတာ မလျှောက်ထားရသေးကြောင်း ဦးရန်အောင်က ပြောသည်။

''တိုက်ခန်းတွေက ဆောက်ပြီးနေပြီ၊ မီတာခ တိုးမြှင့်လိုက်တာကြောင့် မီတာမလျှောက်နိုင်သေးတဲ့
သူတွေကို တွေ့နေရပါတယ်။ မီတာ မလျှောက်ရသေးတဲ့အတွက် နေထိုင်မယ့်သူတွေက
မီးမရှိရင် နေဖို့အဆင်မပြေလို့ ရောင်းလို့မရဘူး။ ဝယ်မယ့်သူကလည်း မီးမရှိလို့ မဝယ်ချင်ကြဘူး။
မီတာမလျှောက်နိုင်သေးဘဲ ဘေးအိမ်က မီးကိုသွယ်သုံးနေတဲ့သူတွေကိုလည်း တွေ့နေရပါတယ်။
မီတာခစျေးများလို့ မီတာမလျှောက်နိုင်သေးဘဲ မရောင်းရသေးတဲ့ တိုက်ခန်းတွေ အများကြီးရှိပါတယ်။
ခုလက်ရှိ အဲဒီပြဿနာက တော်တော်ကြီးနေပါတယ်''ဟု ၄င်းက ပြောသည်။

အရစ်ကျ တန်ဖိုးနည်းအိမ်ရာများအကောင်အထည်ဖော်မှု များပြားပြီးလက်ငင်းငွေချေဝယ်
ယူရသော တိုက်ခန်းများ အရောင်းစျေးကွက် ကျဆင်းနေချိန်တွင် တိုက်ခန်းများကို စျေးနှုန်း
တိုးမြှင့်ရောင်းချရန် မဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

''ကန်ထရိုက်တာအသင်းက ဒီလိုတစ်ခန်းကို ကျပ်ငါးသိန်းခွဲ တိုးမြှင့်ကောက်ခံလိုက်တာကို
နောက်ဆုံးလို့ ပြောနေပေမဲ့လက်ရှိအချိန်မှာ လုပ်ငန်းရှင်အတွက် မလွယ်ဘူး။ ရုတ်တရက်
စျေးက သိန်း ရဝ လောက်များလာပေမဲ့ စျေးတွေက တက်ရောင်းလို့မရဘူး။ လက်ရှိအချိန်မှာပါ
တန်ဖိုးနည်းအိမ်ရာတွေကြောင့် အိမ်စျေးကွက်တွေက ပြည်သူတွေ စိတ်ဝင်စားမှုလျော့နည်းနေတာ။
စျေးတက်ရင်လည်း ဝယ်မယ့်သူမရှိဘူး''ဟု ၄င်းက ပြောသည်။

ကီလိုဝပ် ၃ဝ ထက် မီတာပိုမိုသုံးစွဲသော အဆောက်အအုံများအတွက် ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရန် ညွှန်ကြားချက်ကို ပြီးခဲ့သော နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ကိုယ်ပိုင်ထရန်စဖော်မာ
တပ်ဆင်ရန် သိန်း ၁ဝဝ ကျော် ကုန်ကျမည်ဖြစ်ကာ နေရာအခက်အခဲများလည်း ရှိနေသည့်
အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ
တောင်းဆိုခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ တောင်းဆိုချက်ကြောင့် အစိုးရတာဝန်ရှိသူများနှင့်
လိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့ ညှိနှိုင်းကာ ၁၇ ခန်းနှင့် အောက်ကန်ထရိုက်တိုက်များ
အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် လူနေထိုင်ခွင့်ပြုမိန့် ရရှိပြီးပါက
ရန်ကုန် လျှစ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးများတွင် တိုက်ခန်းတစ်ခန်းလျှင် ငါးသိန်း
ငါးသောင်းကျပ်နှုန်းဖြင့် ပေးသွင်းရန် ပြောင်းလဲပြင်ဆင် သတ်မှတ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က
နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။

တိုးမြှင့်ကောက်ခံသော သတ်မှတ်ကြေးပေးသွင်းသော ကန်ထရိုက်တိုက်များကို လျှပ်စစ်ဓာတ်အား
ကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားရရှိရေးတွင် ဗို့အားမြင့်ဓာတ်အားလိုင်း တည်ဆောက်ပေးမည်
ဖြစ်ကာ connection box တပ်ဆင်ကာ ၄ဝဝ ဗို့ ဓာတ်အားလိုင်း
တည်ဆောက်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက
ထုတ်ပြန်ထားသည်။

မီတာအသုံးပြုခွင့်လျှောက်ထားခ တိုးမြှင့်ကောက်ခံခဲ့ခြင်းအပေါ် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်းအနေဖြင့် ပြန်လည်ညှိနှိုင်းဆွေးနွေးရန် လက်ရှိအချိန်တွင် ဆောင်ရွက်နေခြင်းမရှိကြောင်း
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။

''မီတာအသုံးပြုခွင့် လျှောက်ထားခတိုးမြှင့်တဲ့အပေါ် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ
အသင်းအနေဖြင့် ဘာမှ ထပ်ဆွေးနွေးဖို့ ဆောင်ရွက်နေတာမျိုး မရှိပါဘူး။ မကျေနပ်စရာမရှိဘူး။
လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးမှ ဒီလိုပြင်ဆင်ကောက်ခံဖို့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်''ဟု ၄င်းက
ပြောသည်။

တန်ဖိုးနည်းအိမ်ရာများ၊ မြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော်နေသည့် နည်းတူ
အိမ်ရာဖော်ထုတ်ရေး စီမံကိန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် အသေးစား ဆောက်လုပ်ရေး
လုပ်ငန်းရှင်များကိုပါ လုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲစေရန် အစိုးရမှ ပံ့ပိုးကူညီသင့်ကြောင်း
မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာ ဦးအောင်မင်းက ပြောသည်။

''အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရပ်ကွက်တွေထဲမှာ အဆောက်အအုံတွေကို
ဆောက်လုပ်နေတာကလည်းအိမ်ရာတွေကို ဖော်ထုတ်နေတာပဲဖြစ်လို့အစိုးရက
ထောက်ပ့ံသင့်တယ်။ တန်ဖိုးနည်းအိမ်ရာအတွက် အခွန်တောင် လျှော့ပေးမယ်လို့ ပြောနေချိန်မှာ
တိုက်ခန်းလေးတွေအတွက် ဒီလို ခွင့်ပြုမိန့်တွေ တောင်းခံချိန်မှာ တိုးမြှင့်ကောက်ခံနေတာ
မျိုးတွေက မဖြစ်သင့်ပါဘူး''ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်