ရင်းနှီးမြှုပ်နှံသူများ အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ကြသည့် ရန်ကုန် အိမ်ခြံမြေစျေးကွက်သည်
ယခုအချိန်ထိ စျေးကွက်အေးစက်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
နှစ်နှစ်ကျော် သုံးနှစ်နီးပါးအထိ အရောင်းအဝယ် မကောင်းခဲ့သည့် အိမ်ခြံမြေစျေးကွက်ကို
အစိုးရသစ်တက်ပြီး ၂ဝ၁၆ ခုနှစ် နှောင်းပိုင်းများတွင် ပြန်လည်ကောင်းမွန်လာမည်ဟု
လုပ်ငန်းလုပ်ကိုင်သူများက များစွာမျှော်လင့်ထားခဲ့သော်လည်း တကယ့် လက်ရှိအချိန်ထိ
ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်မှာ ထူးထူးခြားခြား ပြောင်းလဲမလာခဲ့ပေ။
ယင်းအခြေအနေတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေစျေး ကြီးမြင့်နေမှုများကို ထိန်းချုပ်သွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ၌
ပြောခဲ့သည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးနှုန်းများသည် အိမ်ခြံမြေ အရောင်းအဝယ် အေးစက်ခြင်းနှင့်အတူ
ယခုရက်ပိုင်းများအတွင်း စျေးနှုန်းများ အနည်းငယ် မသိမသာကျဆင်းမှုများရှိလာကြောင်း
ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ်၊ အငှား ဝန်ဆောင်မှုပေးသည့် House.com.mm ဝက်ဘ်ဆိုက်ကလည်း
စျေးကွက်ငြိမ်သက်နေသည့် အိမ်ခြံမြေစျေးနှုန်းများသည် ယခုရက် ပိုင်းအတွင်း ကျဆင်းလာသည်ဟု
၄င်းတို့၏ လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။
''ဒဂုံအရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဆိပ်ကမ်းဘက်တွေမှာ မြေစျေးတွေ ကျလာတာကို တွေ့ရတယ်။
အရင်က ပေါက်စျေး ၃၅ သိန်း၊ သိန်း ၄ဝ ရှိတဲ့ မြေကွက်တွေက အခု သိန်း ၃ဝ လောက်ပဲ
စျေးရှိတော့တယ်။ သင်္ဃန်းကျွန်း ဆို အရင်က သိန်း ၁၃,ဝဝဝ လောက်ထိပေးတဲ့ ခြံမြေကိုအခု
သိန်း ၁ဝ,ဝဝဝ ခေါ်ထားပေမဲ့ တစ်လပြည့်တော့မယ် ဝယ်မယ့်သူ မရှိသေးဘူး''ဟု ရန်ကုန်တိုင်း
အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ဝင်တစ်ဦး၏ ဖြေကြား ချက်ကို House.com.mm က
ဖော်ပြထားသည်။
ရန်ကုန်မြို့တစ်မြို့လုံးအတိုင်းအတာဖြင့် ယခုတစ်လအတွင်း ပျမ်းမျှအားဖြင့် ၁ဝ ရာခိုင်နှုန်းမှ
၂ဝ ရာခိုင်နှုန်းခန့် အိမ်ခြံမြေစျေးနှုန်းများကို လျှော့ချလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက
ပြောသည်။
''အခုရက်ပိုင်းတော့ စျေးတွေကတော့ ၁ဝ ကနေ ၂ဝ ရာခိုင်နှုန်းလောက်တော့ စျေးတွေကျတာကို
တွေ့ရတယ်။ စျေးကျတယ်ဆိုတာ အိမ်ခြံမြေရောင်းချင်တဲ့သူတွေက ပုံမှန်စျေးတွေထက်လျှော့ပြီး
ရောင်းလာကြတယ်။ အိမ်ခြံမြေစျေးကွက်ကလည်း ဘာမှမပြောင်းလဲဘူးလေ။ အဲဒီတော့ ရန်ကုန်မြို့
နေရာတော်တော်များများမှာ စျေးတွေလျှော့လာကြတယ်။ အများကြီးမဟုတ်ဘဲ နည်းနည်းချင်းစီ
စျေးတွေလျှော့လာတယ်''ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ ကိုဟိန်းဇံက ပြောသည်။

ထို့ပြင် လက်ရှိအိမ်ခြံမြေစျေးကွက်အတွင်း အိမ်ခြံမြေအရောင်းအဝယ် ဖြစ်ပေါ်နေခြင်းများသည်လည်း
ငွေလိုအပ်သူများ၏ ထုတ်ရောင်းချခြင်းများသာရှိပြီး ယခင်ထက် စျေးလျှော့ချထားသော်လည်း
လွယ်လွယ်ကူကူ ရောင်းထွက်ခြင်းများ မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
''ရန်ကုန်မှာ နေရာတိုင်းက အဝယ်အေးနေပါတယ်။ပြန်ရောင်းတဲ့သူတွေကလည်း ဗိုက်နာလို့
ထုတ်ရောင်းတဲ့သူတွေလောက်ပဲ ရှိတယ်။ အခုစျေးတွေ ကျတယ်ဆိုတာကလည်း စျေးကွက်ထဲမှာ
အရောင်းအဝယ်စီးဆင်းမှုနည်းလို့၊ ဝယ်တဲ့သူနည်းလို့ ဖြစ်နေတာ''ဟု အိမ်ခြံမြေအကျိုးဆောင်
တစ်ဦးက ပြောသည်။
ထို့ပြင် အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း ဖော်မပြနိုင်ပါက ပေးဆောင်ရသော
ဝင်ငွေခွန်သည်လည်း ယခုရေးဆွဲလျက်ရှိသည့် ၂ဝ၁၇ အခွန်ကောက်ဥပဒေကြမ်းတွင်
အခွန်နှုန်းမလျှော့ဘဲ ၂ဝ၁၆ ခုနှစ်အတိုင်းပင် ကောက်ခံရန် ရေးဆွဲထားသည့်အတွက်
အခွန်နှုန်းကြောင့် အိမ်ခြံမြေစျေးများ ဆက်လက်ကျဆင်းနိုင်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
''အခွန်တွေက မဖြစ်မနေ ဆောင်ခိုင်းမယ်။ ပြီးတော့ အခွန်နှုန်းတွေကလည်း မလျှော့ဘူး။
အိမ်ခြံမြေဆို မနှစ်ကအတိုင်းပဲ။ ကားဆို အခွန်တွေတိုးလိုက်တာဆိုတော့ အခု အခွန်ကြောင့်
အကုန်လုံး စျေးကွက်တွေအေးတာပေါ့။ အိမ်ခြံမြေကတော့ အရင်ကတည်းက အေးနေတာ။
အခု အခွန်မလျှော့တာကြောင့် စျေးလည်းကျနိုင်တယ်''ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ
ဦးခင်မောင်အေး က ပြောသည်။
၂ဝ၁၇ ခုနှစ် အခွန်ကောက်ဥပဒေကြမ်းကို လာမည့် ဧပြီ ၁ ရက်တွင် စတင်ကောက်ခံသွားမည်ဖြစ်ပြီး
အိမ်ခြံမြေရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း ဖော်မပြနိုင်ပါက ပေးဆောင်ရမည့် ဝင်ငွေခွန်မှာ
ပြောင်းလဲခြင်းမရှိသည့် အတွက် ယင်းအခွန်နှုန်းသည် ၂ဝ၁၆ ခုနှစ် အခွန်ကောက်ဥပဒေတွင်
ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ကျပ်မှ သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ ၃ဝ၁ သိန်းမှ ကျပ်သိန်း
၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနှင့် ကျပ် ၁,ဝဝ၁ သိန်းနှင့်အထက်မှာ ၃ဝ ရာခိုင်နှုန်းတို့
ဖြစ်သည်။
အဆိုပါအခွန်နှုန်းမှာ အိမ်ခြံမြေအခွန် ပေးဆောင်ရသူများအတွက် သက်သာသည့်နှုန်း
မဟုတ်သည့်အတွက် အဆင်မပြေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဝေဖန် သုံးသပ်လျက်
ရှိကြသော်လည်း ယခုနှစ်တွင်လည်း အခွန်နှုန်းကို အစိုးရက မလျှော့ခဲ့ပေ။
သို့သော် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အိမ်ခြံမြေစျေးနှုန်းများကို
တဖြည်းဖြည်းချင်း ထိန်းချုပ်သွားမည်ဟု ပြောဆိုခဲ့မှုနှင့်အတူ အခွန်နှုန်း မြင့်မားခြင်းမှာလည်း
ထိန်းချုပ်နည်းတစ်ခု ဖြစ်နိုင်သော်လည်း ကောင်းမွန်သည့် နည်းလမ်းမဟုတ်ကြောင်းအိမ်ခြံမြေ
အကျိုးဆောင်များက ပြောသည်။
''စျေးတွေကို ထိန်းချုပ်ပြီး ကျသွားအောင်လုပ်မယ်ဆိုတာ အခွန်မြှင့်လိုက်ရုံနဲ့ ကျမှာမဟုတ်ပါဘူး။
တကယ်က မြို့သစ်တွေ၊ မြေကွက်သစ်တွေ၊ အိမ်ရာသစ်တွေကို အစိုးရက ဖော်ပေးမှ
ကျမှပါ။ အခုက စျေးကျတယ်ဆိုတာ အရောင်းအဝယ်မကောင်းလို့ စျေးနည်းနည်းပါးပါး
လျှော့ခေါ်တာလောက်ပဲ ဖြစ်လာမှာပါ။ လက်တွေ့ စျေးကွက်မှာ ဝယ်ရောင်းလုပ်ရင်
အဲဒီလောက်ထိ ထိုးမကျ ဘူး။ မြို့လယ်လို နေရာတွေက စျေးတွေမာနေတုန်းပဲ''ဟု
ဦးခင်မောင်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်မြို့၏ အိမ်ခြံမြေစျေးကွက်တွင် ဝယ်ရောင်းစျေးကွက် ဖြစ်ပေါ်မှုနည်းသော်လည်း
အငှားစျေးကွက်မှာမူ ပုံမှန်ငှားရမ်းမှုများရှိနေပြီး နှစ်စဉ် ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း
အတွင်း အငှားစျေး တက်မှုများရှိကြောင်း သိရသည်။
















