ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံစီမံကိန်းများကို ယခင်အစိုးရလက်ထက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီးမြှုပ်နှံသူများကို စီမံကိန်းအကောင်အထည်ဖော်ခွင့်
အများအပြား အခွင့်အရေးပေးခဲ့သည်။
အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကယခင်အစိုးရဟောင်း
ခွင့်ပြုခဲ့သည့် စီမံကိန်းများကို ပြန်လည်စိစစ်ရေးအတွက် ရပ်နားရန် ညွှန်ကြားသည့်အချိန်တွင်
ရန်ကုန်မြို့၌ ကိုးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံစီမံကိန်း စုစုပေါင်း ၂ဝဝ ကျော်
ရှိခဲ့သည်။
အဆိုပါ အထပ်မြင့်အဆောက်အအုံစီမံကိန်း ၂ဝဝ ကျော်တွင် စီမံကိန်း ၆၄ ခုမှာ ခွင့်ပြုမိန့်ရရှိပြီး
တည်ဆောက်ရေးလုပ်ငန်းများကိုပင် လုပ်ဆောင်နေသည့် စီမံကိန်းများဖြစ်သည်။ ယင်းစီမံကိန်း
များသည် မကြာခင် လပိုင်း၊ နှစ်ပိုင်းအတွင်း အကောင်အထည်ပေါ်ထွက်လာမည့် စီမံကိန်းများ
လည်း ဖြစ်သည်။
သို့သော် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြန်လည်စိစစ်ရေးကြောင့် အထပ်မြင့်
စီမံကိန်းအားလုံးမှာ နှောင့်နှေးမှုများဖြစ်ခဲ့ရပြီး အချို့သော စီမံကိန်းများသည် ရပ်နားထားသည့်
အချိန် သုံးလကျော်ကြောင့် နစ်နာဆုံးရှုံးမှုများပင် ရှိခဲ့ကြောင်း အဆိုပါရပ်နားခံရသည့်စီမံကိန်းများ၏
လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဝေဖန်မှု ပြောဆိုခဲ့ကြသည်။
ထို့ပြင် အထပ်မြင့်အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပေးသည့် မူဝါဒပိုင်းမှာလည်းတိုင်းဒေသကြီး
အစိုးရသစ် စဖြစ်လာသည့်အချိန်တွင် မူဝါဒအချို့ကို ပြောင်းလဲရန် အခြေအနေများ ဖြစ်ပေါ်ခဲ့သော်
လည်းလက်တွေ့တွင် မပြောင်းလဲနိုင်ကာ မူဝါဒ မတည်ငြိမ်မှုများသာ ဖြစ်ပေါ်ခဲ့ပြီး အထပ်မြင့်
တည်ဆောက်ရေး၏ ရင်းနှီးမြှုပ်နှံသူများကို အခက်တွေ့စေမှုများ ဖြစ်ခဲ့သည်။
ယင်းအခြေအနေများနှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန
(အဆောက်အအုံ) ၏ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုပေးခဲ့သည့် စာရင်းများတွင် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်သည်
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်ထက် ထက်ဝက်နီးပါးခန့် လျော့ကျခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ခွင့်ပြုသည့် အဆောက်အအုံများသည် ရှစ်ထပ်အထိ
အထပ်မြင့်အဆောက်အအုံများသာ ဖြစ်ခဲ့သည်။ ကိုးထပ်နှင့်အထက် အဆောက်အအုံများကိုမူ
အထပ်မြင့် အဆောက်အအုံများ၏ ဖွဲ့စည်းတည်ဆောက်မှု၊ ကြံ့ခိုင်မှု၊ နည်းပညာနှင့် ဒီဇိုင်းတို့ကို
စိစစ်သည့် HIC အဖွဲ့၏ထောက်ခံချက်ဖြင့် ခွင့်ပြုသည့်စီမံကိန်းမှာ ယခုတိုင်းဒေသကြီး အစိုးရသစ်
လက်ထက်တွင် စီမံကိန်းအသစ် မရှိကြောင်း သိရသည်။
''အစိုးရသစ်လက်ထက်မှာ အခုချိန်ထိ အထပ်မြင့်ဆောက်အအုံအသစ် စီမံကိန်း တစ်ခုမှ ဆောက်
လုပ်ခွင့် မပြုရသေးပါဘူး။ ဒါပေမဲ့ စီမံကိန်းတင်ပြထားတဲ့ စီမံကိန်းသုံးခုတော့ ရှိပါတယ်။
အဲဒါကလည်း ကျွန်တော်တို့ဘက်က စစ်ဆေးဆဲပဲ ရှိပါသေးတယ်''ဟု HIC ၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ
ဦးအောင်ဆန်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း တည်ဆောက်နေဆဲ၊ တည်ဆောက်ပြီးနှင့် မကြာခင်ဖွင့်လှစ်ရန်
ပြင်ဆင်နေသည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်းအားလုံးသည် ယခင်အစိုးရလက်ထက်က
ခွင့်ပြုပေးခဲ့သည့် စီမံကိန်းများ၏လက်ကျန်များသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ အဆောက်အအုံဌာန (အင်ဂျင်နီယာ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။
''အခုဆောက်နေတဲ့ အဆောက်အအုံတွေက အရင်အစိုးရလက်ထက်က ခွင့်ပြုပေးထားတဲ့
အဆောက်အအုံတွေချည်းပဲ။ ဟိုတလောက ရပ်ထားတဲ့ စီမံကိန်းတွေ အခုပြီးသွားလို့ ပြန်စနေတဲ့
စီမံကိန်းတွေပေါ့။ မူအားဖြင့် ခွင့်ပြုထားတဲ့ စီမံကိန်းတွေက တစ်ဆင့်ချင်း သွားကြတာ။ သူတို့တွေက
ကြာဦးမှာ။ နောက်နှစ်နှစ်၊ သုံးနှစ်လောက်မှ ပြီးမယ့် စီမံကိန်းတွေ ရန်ကုန်မှာ ထပ်ပေါ်လာဖို့
ရှိသေးတယ်''ဟု ၄င်းက ပြောသည်။
အစိုးရဟောင်း၏ ခွင့်ပြုပေးခဲ့သည့် အထပ်မြင့်စီမံကိန်း ၂ဝဝ ကျော်တွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်
ကုမ္ပဏီက တည်ဆောက်သော ဂျန်းရှင်းစီးတီးစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ယင်းစီမံကိန်းမှာ ယခင်ဗိုလ်ချုပ်အောင်ဆန်းစျေးသစ်နေရာတွင်ဖြစ်ပြီး လာမည့် မတ် ၂၇ ရက်တွင်
ဖွင့်လှစ်တော့မည် ဖြစ်သည်။
ဂျန်းရှင်းစီးတီးစီမံကိန်းတွင် အထပ် ၂ဝ ကျော်အဆောက်အအုံ နှစ်လုံးပါဝင်ပြီး စျေးဝယ်စင်တာ၊
ရုံးခန်းတာဝါနှင့် ဟိုတယ်တို့ပါဝင်မည်ဖြစ်ကာ စည်ပင်သာရေးကော်မတီ စျေးများဌာန၏ မြေကို
ငှားရမ်းမကာ အကျိုးတူ ဆောက်လုပ်သည့် စီမံကိန်းဖြစ်သည်။
ယင်းစီမံကိန်းကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ယခု
၂ဝ၁၇ ခုနှစ်တွင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။ အစိုးရသစ်လက်ထက် အထပ်မြင့်အဆောက်အအုံများ
ပြန်လည်စိစစ်ရန် ရပ်နားခဲ့သည့် စီမံကိန်း ၂ဝဝ ကျော်တွင် တစ်ခုအပါအဝင်ဖြစ်သည်။
''အစက ဒီလအစောပိုင်းမှာ ဖွင့်မလို့ သူလည်း ရပ်ထားတဲ့အထဲ ခဏပါသွားတော့
နည်းနည်းနောက်ကျသွားတယ်''ဟု ဦးသန်းဌေးက ဆိုသည်။
ယခုအစိုးရလက်ထက် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရန်အတွက် တင်ပြထားဆဲ
စီမံကိန်းအသစ် သုံးခုတွင် ယခင် ရန်ကုန်မြို့ စစ်သမိုင်းပြတိုက်နေရာအဟောင်းတွင်
တည်ဆောက်မည့် စီမံကိန်းတစ်ခုလည်းရှိပြီး ယင်းစီမံကိန်းကိုယခုတိုင်းဒေသကြီးအစိုးရက
မူအားဖြင့် စည်ပင်သာယာ၏ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသည့် အပိုင်းများကို
ပြန်လည်ပြင်ဆင်ခွင့်ပြုရန်ဆိုပြီး လတ်တလောတွင် သတ်မှတ်ထားကြောင်း သိရသည်။
''ဒီစီမံကိန်းကတော့ ဟိုးအရင်အစိုးရလက်ထက်ကတည်းက ပုံစံတွေရေးဆွဲပြီး တင်ပြဖို့
ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ မူအားဖြင့် ခွင့်ပြုမိန့်ကတော့ ဒီဘက်လက်ထက်ကျမှပါ။
အခုအစိုးရသစ်လက်ထက်မှာ ပြန်လည်စစ်ဆေးတဲ့ အထပ်မြင့်တွေထဲမှာ အခု ခြောက်လုံးပဲ
ကျန်ပါတော့တယ်။ ကျန်တာတွေက အရင်အတိုင်း ပြန်လည်ခွင့်ပြုနေပါပြီ''ဟု HIC မှ
ဦးအောင်ဆန်းဝင်းက ပြောသည်။
















