ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတားကို လာမည့်လအတွင်း စတင်တည်ဆောက်မည်

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတားကို လာမည့်လအတွင်း စတင်တည်ဆောက်မည်

 

ကိုရီးယားမြန်မာချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းများကို လာမည့်
ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ယင်းတံတား တည်ဆောက်ရေး
စီမံကိန်းဆိုင်ရာ အင်ဂျင်နီယာမှူးကြီး ဦးတင်ဦးက ပြောသည်။

တံတားဧရိယာနှင့် မလွတ်ကင်းသော နေအိမ်နှင့် စျေးဆိုင်ခန်းများကို အပြီးသတ်မြေယာလျော်ကြေး
ပေးအပ်ခြင်းများ ပြီးခဲ့သော အပတ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီးတံတားတည်ဆောက်ရေးစီမံကိန်း
စတင်ရန် သင်္ကြန်ကာလအလွန်တွင် စီမံကိန်းရုံးဆောက်ခြင်းနှင့် ခြံစည်းရိုးကာခြင်းများကို စတင်
ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဒလတံတားစီမံကိန်း တည်ဆောက်ရေးအတွက် မြေယာလျော်ကြေးငွေများကို ၂ဝ၁၆ ခုနှစ်
နှစ်ဆန်းပိုင်းတွင် စတင်ပေးအပ်ခဲ့ပြီး တံတားနေရာနှင့်မလွတ်ကင်းသောနေအိမ်နှင့် စျေးဆိုင်ခန်းများကို
နစ်နာကြေးငွေ စုစုပေါင်း ကျပ်ငွေ ၁၄၆၈ ဒသမ ၂၈၈ သန်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာနထံမှ သိရသည်။

ဒလတံတားကို သံမဏိကြိုးဆိုင်း လေးလမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကာ ပင်မတံတား
အရှည် ပေ ၂,ဝဝဝ ခန့်ရှိမည်ဖြစ်ပြီး တံတားအရှည် စုစုပေါင်း ၆,၁၄၃ ပေ ရှိမည်ဖြစ်သည်။ တန်ချိန်
၁၅,ဝဝဝ ခန့်ရှိသော သင်္ဘောကြီးများ ရေလမ်းတွင် ကင်းလွတ်စွာ သွားလာနိုင်စေရန် အမြင့်ပေ
၁၆ဝ ခန့်နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ ပေ ထားရှိ ဆောက်လုပ်မည်ဖြစ်ပြီး ယာဉ်တစ်စီးချင်း
ခံနိုင်ဝန်အားဖြင့် ရ၅ တန်အထိ ထားရှိဆောက်လုပ်မည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

အဆိုပါ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရေးရန်ပုံငွေ
(EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃ဝ ဒသမ
၃၄၁ သန်း အကုန်ကျခံ တည်ဆောက်မည်ဖြစ်သည်။

''ကိုရီးယားဆီက ချေးငွေကို ငါးနှစ်ခွဲပြီး ယူရပါမယ်။ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ ဆိုင်းငံ့ကာလ
၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ စုစုပေါင်း နှစ်၄ဝ အတွင်းမှာ အကျေဆပ်ရမှာပါ''ဟု ၄င်းက ပြောသည်။

ဒလမြို့နယ်တွင် ရေရှားပါးမှုများ ရှိနေသည့်အတွက် ဒလတံတားတည်ဆောက်မှုတွင် ရေဖြန့်ဝေရန်
အတွက် ရေချိုပိုက်လိုင်းများပါ ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်