အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍအကျဆင်းဆုံးဖြစ်ဟု လုပ်ငန်းရှင်များပြော

အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောက်လုပ်ရေးကဏ္ဍအကျဆင်းဆုံးဖြစ်ဟု လုပ်ငန်းရှင်များပြော

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုတွင် အင်န်အယ်လ်ဒီအစိုးရသစ် လက်ထက်
ရန်ကုန်မြို့မှ အထပ်မြင့်အဆောက်အအုံစီမံကိန်းများကို ရပ်တန့်လိုက်ခြင်းက အဓိက
အကြောင်းရင်းများထဲတွင် ပါဝင်နေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက သုံးသပ်သကဲ့သို့
ပြည်တွင်းလုပ်ငန်းရှင်များကလည်း အစိုးရသစ်လက်ထက် တစ်နှစ်တာအတွင်း စီးပွားရေး
လုပ်ငန်းကဏ္ဍများထဲတွင် ဆောက်လုပ်ရေးကဏ္ဍက အကျဆင်းဆုံးဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းလည်ပတ်မှုကို နှေးကွေးကျဆင်းစေသည့် အဓိက
အချက်သည် အစိုးရသစ်တက်ပြီး ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံစီမံကိန်းရာကျော်ကို
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရပ်တန့်သည့် အခြေအနေမှစတင်ခဲ့ခြင်းဖြစ်သည်။

သုံးလကျော်ကြာ ဆောက်လုပ်ရေးယန္တရားကြီးတစ်ခု ရပ်တန့်သွားသည့် ဒဏ်သည်
အကြီးစားလုပ်ငန်းကြီးမှ အသေးစား၊ အလတ်စား ဆောက်လုပ်ရေးလုပ်ငန်းများအပြင်
ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုနေရသည့် အလုပ်သမားများကိုပါ ထိုရိုက်ခတ်မှုကို
ခံခဲ့ရကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ
ဦးသာအေးက ပြောသည်။

''အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာဆောက်လုပ်ရေးကဏ္ဍအနေနဲ့ ကျဆင်းတယ်လို့ပဲ
သုံးသပ်လို့ရတယ်။ အထပ်မြင့်တွေရပ်တာရယ်၊ ခွင့်ပြုတဲ့စည်းမျဉ်းကမ်းတွေ ကမောက်ကမတွေ
ဖြစ်တာရယ် ဆောက်လုပ်နိုင်မှုအားတွေ ကျဆင်းတယ်။ ဝယ်လိုအားတွေ ကျဆင်းတယ်။ ကျဆင်းတာနဲ့
အတူတူမှာပဲ အလုပ်သမားတွေ ကဏ္ဍမှာလည်း ရန်ကုန်မြို့ရဲ့ ပတ်ဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံကို
မှီခိုတဲ့ လုပ်သားအင်အားရှိသလို ဆောက်လုပ်ရေးကို မှီခိုတဲ့ လုပ်သားအင်အားက ပိုများပါတယ်။
အဲ့တော့ အလုပ်သမားတွေရဲ့ အလုပ်အကိုင်ကိုလည်း ထိခိုက်ခဲ့တယ်''ဟု ၄င်းက မြန်မာတိုင်း(မ်)
ကိုပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပေါ်လစီ၊ စည်းမျဉ်းစည်းကမ်းများမှာလည်း မငြိမ်သက်မှုများ၊
အစိုးရပိုင်းလုပ်ငန်းပိုင်းများတွင် အားနည်းမှုများ ရှိခြင်းတို့ကလည်း ဆောက်လုပ်ရေးအခန်း
ကဏ္ဍကို ကျဆင်းမှုတွင်လည်းတစ်ခုအပါအဝင်ဖြစ်ကြောင်း ၄င်းကဆိုသည်။

''ဆောက်လုပ်ခွင့်ပြုပေးတဲ့ ပေါ်လစီပိုင်းတွေ မငြိမ်သက်သလို၊ ဆောက်လုပ်ရေးကဏ္ဍကို
အားပေးနိုင်တဲ့၊ ဖြစ်စေနိုင်တဲ့ သက်ဆိုင်ရာဌာနပိုင်းဆိုင်ရာလည်း လုပ်ငန်းပိုင်းမှာ အားနည်း
တယ်။ ကူညီပံ့ပို့ပေးနိုင်တာတွေ နည်းတယ်။ တင်ဒါ တွေခေါ်တဲ့ အပိုင်းမှာလည်းအစိုးရသစ်က
လမ်းကြောင်းတွေ မမှန်တာတွေ၊ ကျွမ်းကျင်မှု အားနည်းတာတွေ တွေ့ရတော့
စည်းမျဉ်းစည်းကမ်းကလည်း အားနည်းချက်တွေ ရှိတာတွေ့ရတယ်။ အဲဒီအတိုင်းဆက်သွားရင်
ဆောက်လုပ်ရေးကဏ္ဍက ပိုဆိုးမယ်''ဟု ဦးသာအေးက ဆိုသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ဆဲ အထပ်မြင့်အဆောက်အအုံစီမံကိန်းတစ်ခု။ ဉာဏ်ဇေထက်/ မြန်မာတိုင်း(မ်)

လက်ရှိရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံ စီမံကိန်းအသစ်များ အစိုးရသစ်လက်ထက်တွင်
မရှိသလောက် နည်းပါးနေသည်ကို တွေ့ရပြီး ယခင် အစိုးရဟောင်းလက်ထက်က ခွင့်ပြုထားသည့်
လက်ကျန် စီမံကိန်းများ၏ ဆောက်လုပ်ရေးများသည် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် အိမ်ခြံမြေစျေးကွက် နှေးကွေးခြင်း၊ အခန်းပေး အခန်းယူ စနစ်များ ပျက်လာခြင်း၊
တိုက်ခန်းစျေးနှုန်းများ ငြိမ်သက်ခဲ့သည့် အချက်များဖြင့် ရောင်းလိုအားသာ များခဲ့သည့်
အိမ်ခြံမြေစျေးကွက်က ဆောက်လုပ်ရေးကဏ္ဍကိုပါ ဆက်စပ်ထိခိုက်ခဲ့ကြောင်း
လုပ်ငန်းရှင်များက ဆိုသည်။

''ဆောက်လုပ်ရေးကဏ္ဍက စီမံကိန်းတွေကို ရပ်လိုက်တာကို ခံရတဲ့အပြင် အိမ်ခြံမြေစျေးကွက်တွေ
ကျလာတယ်၊ အခန်းစျေးတွေကလည်း စျေးတစ်ခုမှာပဲ ငြိမ်သွားတယ်၊ အဲဒီတစ်ခါမှာ ရောင်းလိုအားက
များလာပြီး ဒီဘက်ဆောက်လုပ်ရေး ကဏ္ဍကိုလည်း လုပ်ငန်းပိုပြီး မကောင်းစေဖြစ်တာပေါ့။
အကုန်လုံးက စပ်ဆက်ပြီး ဒီကဏ္ဍကြီးက ကျဆင်းနေတာပါ''ဟု ထွန်းဆောက်လုပ်ရေးလုပ်ငန်းမှ
ဦးလားဇယ်က ပြောသည်။

ယခုတိုင်းဒေသကြီးအစိုးရသည် ၄င်း၏ အစိုးရသစ်အဖွဲ့တက်လာပြီးပြီးချင်း ရန်ကုန်မြို့၏
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ရေးများ၊ ခွင့်ပြုချက်ဖြင့် စနစ်မကျဘဲ ဆောက်လုပ်လျက်ရှိသည့်
လုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရုတ်တရက် လုပ်ငန်းအားလုံးကိုရပ်နား
စေလိုက်ခြင်းက ဆောက်လုပ်ရေးယန္တရား တစ်ခုလုံးကို ထိခိုက်သွားခြင်း ဖြစ်ကြောင်း ပြည်တွင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထောက်ပြသည်။

''အမှန်တကယ်က ရန်ကုန်မှာရှိနေတဲ့ ကန်ထရိုက်တိုက်တွေ ခွင့်ပြုချက်မဲ့ဆောက်တာတို့၊
ခွင့်ပြုချက်နဲ့ ဆောက်တာတို့ကို သူက တဖြည်းဖြည်းချင်း မူလမူဝါဒနဲ့ပဲ သွားပြီးမှ ပြောင်းလဲ
သင့်တယ်။ ဒါပေမဲ့ အခုအစိုးရက တက်လာလာချင်း ရုတ်တရက် ဆောက်နေတဲ့စီမံကိန်းတွေကော၊
အထပ်မြင့်တွေကို အားလုံးကို ရပ်လိုက်တဲ့ အခါကျတော့ ဒီယန္တရားကြီး တစ်ခုလုံးရပ်သွားရတယ်။
အဲဒီဟာက အခုထိခံနေရတုန်းပေါ့နော်''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ရပ်ဆိုင်းခဲ့သည့် စီမံကိန်းအားလုံးကို ပြန်လည်ခွင့်ပြုပေးခဲ့သည်အထိ ဆောက်လုပ်ရေး
ယန္တရားကြီးမှာ ပုံမှန်ပြန်မလည်ပတ်နိုင်သေးဘဲ အချို့လုပ်ငန်းများမှာမူ လုပ်ငန်း ဆက်
မလည်ပတ်နိုင်တော့အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

''အခုကတော့ အစိုးရက ပြန်ပြီး ပုံမှန်ပြန်ဖွင့်ပေးနေပြီဆိုပေမဲ့ အရင်အခြေအနေကိုတော့
လုံးဝ ပြန်မရောက်သေးဘူး။ အစိုးရက ဒီလိုရပ်လိုက်တဲ့အချိန်မှာ တချို့အသေးစားလုပ်ငန်းတွေက
အခုထိ နာလန်မထူနိုင်သေးလို ဒါပေမဲ့ အရင်ကလို အရည်အသွေးညံ့တဲ့ ကန်ထရိုက်တွေ၊
လိုင်စင်မဲ့ ကန်ထရိုက်တွေလည်း ပျောက်သွားကြတယ်၊ အဲ့ဒါကလည်း ဒီလိုရပ်လိုက်တဲ့အထဲက
ကောင်းကျိုးတစ်ခုပေါ့''ဟု ဦးလားဇယ်က ပြောသည်။

ယခုအစိုးရက နိုင်ငံရေး၊ စီးပွားရေးမူဝါဒများ ပြောင်းလဲခဲ့သည့်အတွက် ယင်းအပြောင်းအလဲ
များကြားတွင် ဆောက်လုပ်ရေးကဏ္ဍ၏ လည်ပတ်နိုင်မှု အရှိန်မှာလည်း အနှေးဆုံးဖြစ်ခဲ့ရခြင်း
ဖြစ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

''ဆောက်လုပ်ရေးကတော့ အရင်အစိုးရနဲ့ အစိုရသစ်တက်ပြီး တစ်နှစ်ကာလအတွင်းမှာ
ဒီအခြေအနေကတော့ အနိမ့်ဆုံး၊ အရှိန်အနှေးဆုံးကိုရောက်သွားတယ်။ မရပ်တန့်တဲ့
သဘောလောက်ပဲရှိတယ်၊ တော်တော်တော့နှေးသွားတယ်။ အဲ့ဒါကတော့ နိုင်ငံရေးမူဝါဒ
စီးပွားရေးဝါဒ အပြောင်းအလဲမှာ စီမံခန့်ခွဲမှုတွေအပြောင်းအလဲဖြစ်တော့ လုပ်ငန်းတွေနှေး
ကုန်တယ်''ဟု ၄င်းက ပြောသည်။

သို့သော် အဆိုပါအပြောင်းအလဲများအလွန်တွင် နိုင်ငံ့စီးပွားရေးမှာလည်း အခြေအနေ
တစ်ခုသို့ ရောက်ရှိ လာနိုင်ကြောင်းနှင့်အစိုးရကလည်း တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံအဝန်းတွင်
တည်ဆောက်ရန် ပြင်ဆင်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့သစ်စီမံကိန်းများ
အကောင်အထည်ဖော်ရာတွင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ရန်
ဖိတ်ခေါ်မှုများ ရှိသည့်အတွက် နောက်ပိုင်းတွင် ဆောက်လုပ်ရေးကဏ္ဍ၌ တစ်ဦးချင်း
လုပ်ငန်းရှင်များထက် အများပိုင် ကုမ္ပဏီများဖြင့် လည်ပတ်မှုများ ရှိလာနိုင်ကြောင်း
ဦးလားဇယ်က ပြောသည်။

''ကျွန်တော် မြင်သလောက်ကတော့ နောက်ပိုင်းမှာ ဆောက်လုပ်ရေးကဏ္ဍက တစ်ဦးချင်း၊
တစ်ယောက်တည်းကပဲ လုပ်ငန်းတွေ အလုပ်ဖြစ်တာထက် အများပိုင်ကုမ္ပဏီတွေကပဲ
အလုပ်ဖြစ်လာမယ်လို့ ထင်မိတယ် ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရက သူတို့ရဲ့ တန်ဖိုးနည်း
စီမံကိန်းတွေ၊ မြို့သစ်စီမံကိန်းတွေရဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ ပူးပါင်းဖို့ခေါ်နေတာ
ဆိုတော့ အဲဒီလိုစီမံကိန်းတွေမှာပဲ စုပေါင်းပြီး အလုပ်လုပ်တာတွေ ရှိလာနိုင်တယ်''ဟု
ဦးလားဇယ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်