အိမ်ရာလိုအပ်ချက် မြင့်မားဆဲဖြစ်တဲ့ ရန်ကုန်မြို့နဲ အခြားမြို့ကြီးတွေအတွက် လာမယ့်
၂ဝ၃ဝ ပြည့်နှစ်အတွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြား အိမ်ရာအရေအတွက် တစ်သန်း
တည်ဆောက်ပြီးစီးရေးကို ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ကြွေးကြော်ခဲ့ပါတယ်။
အခု အစိုးရလက်ထက်မှာလည်း အဆိုပါ အိမ်ရာအရေအတွက်ကို ပြည့်မီအောင်
တည်ဆောက်မယ်ဆိုပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတာ
တွေ့မြင်ရပါတယ်။ ယခင်အစိုးရ တာဝန်ယူစဉ် အချိန်တုန်းကတော့ ကြွေးကြော်မှုနဲ့
ကိုက်ညီတဲ့ နှစ်အလိုက်အိမ်ရာ လိုအပ်ချက် ပမာဏကို အကောင်အထည်ဖော်နိုင်ခြင်း
မရှိခဲ့ပါဘူး။
အစိုးရသစ် လက်ထက်မှာ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်တာ
စီမံကိန်းရေးဆွဲခဲ့ပြီး ၂ဝ၁၆-၁၇ မှ ၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အတွင်း အိမ်ရာအခန်းပေါင်း
၁ ဒသမ ၈သိန်း တည်ဆောက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမိတ်ဆက်ပွဲမှာ
ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁၆ မှ ၂ဝ၁၈ ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း ကျပ်သိန်း
တစ်ရာတန် တိုက်ခန်း ရှစ်ထောင်ကို ဦးစားပေးတည်ဆောက် ရောင်းချသွားမယ်လို့လည်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။
ရေတိုငါးနှစ်တာ အိမ်ရာတည်ဆောက်မှု စီမံကိန်းအရ အိမ်ရာအခန်းပေါင်း ၁ ဒသမ ၈
သိန်းကို ငါးနှစ်အတွင်း ပြီးစီးအောင် တည်ဆောက်ဖို့ဆိုရင် တစ်နှစ်ကို ပျမ်းမျှအားဖြင့်
အိမ်ရာအခန်းပေါင်း သုံးသောင်းခြောက်ထောင်ခန့် တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လျာထားအကောင်အထည်ဖော်မှုတွေအရ ဆိုရင် ငါးနှစ်တာ
လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နှစ်အလိုက်တိုက်ခန်းအရေအတွက်ကို ပြည့်မီအောင် တည်ဆောက်
ဖို့ဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။
ယခုနှစ် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းရန်ကုန်မြို့မှာ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတအိမ်ရာ
အခန်းစုစုပေါင်း ၂,၂ဝ၈ ခန်းနဲ့ အဆင့်မြင့်အိမ်ရာ ၁,၃၈ဝ ခန်းကို တည်ဆောက်
ရောင်းချပေးနိုင်ခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တွင် တန်းဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ခန်း
၂,၂ဝ၈ ခန်းကို တည်ဆောက်ရောင်းချပေးနိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောပါတယ်။
''အစိုးရသစ်ရဲ့ ပထမဘဏ္ဍာနှစ်အတွင်းမှာ ရန်ကုန်တစ်မြို့တည်းမှာ ရောင်းချခဲ့တဲ့
တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာက ၂,၂ဝ၈ ခန်းရှိပါတယ်။ အိမ်ရာတွေအကုန်လုံး
ရောင်းချပြီးတာ မဟုတ်သေးပါဘူး။ တချို့အိမ်ရာတွေကရောင်းချနေဆဲပဲ ရှိပါသေးတယ်''ဟု
၄င်းက ပြောပါတယ််။
အဆိုပါ တန်ဖိုးနည်းအိမ်ရာတွေ အပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ် ရတနာအိမ်ရာ
စီမံကိန်းရှိ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှအိမ်ခန်းပေါင်း ၁,၃၈ဝ ခန်းကိုလည်း
တည်ဆောက် ရောင်းချပေးနိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
ဒ့ါပြင် ရန်ကုန်မြို့မှာ ဆောက်လုပ်နေဆဲ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် အိမ်ရာတွေရှိနေပြီး
ထိုအိမ်ရာများထဲမှ အခန်းပေါင်း ၈,၇၁၂ ခန်းကို ယခု၂ဝ၁၇ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်
ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
''လက်ရှိကာလမှာ တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်မြို့ အပါအဝင် မုံရွာ၊ မကွေးနဲ့
ပုသိမ်မြို့နယ်တွေမှာလည်း တည်ဆောက်နေပါတယ်။ ရန်ကုန်မြို့အတွက် တန်ဖိုးနည်းအိမ်ရာ
၈,၇၁၂ ခန်းကို ဒီ ၂ဝ၁၇ ခုနှစ်အတွင်းမှာပဲ အပြီးတည်ဆောက်ရောင်းချပေးမှာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့အပြင်မန္တလေးမြို့နဲ့ ပုသိမ်မြို့အပါအဝင် အခြားမြို့ကြီးတွေမှာ
လည်း တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၈ဝဝကို တည်ဆောက်ရောင်းချပေးနိုင်ခဲ့ပြီး
အိမ်ရာအခန်းပေါင်း၁,၄၂ဝ ကို တည်ဆောက်ဆဲဖြစ်ကာ ယခု၂ဝ၁၇ ခုနှစ်အတွင်း အပြီး
ရောင်းချပေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရတယ်။
ထို့ပြင် အိမ်ရာလိုအပ်လျက်ရှိသော ဖွဲ့ဖြိုးဆဲ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ထမ်းတွေအတွက်
ဝန်ထမ်းအိမ်ရာတွေနဲ့ တန်ဖိုးနည်း အငှားချ အိမ်ရာတွေကိုလည်း ယခုဘဏ္ဍာနှစ်အတွင်း
တည်ဆောက်ပေးနိုင်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောပါတယ်။
''၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကယားပြည်နယ်က လွိုင်ကော်မြို့နယ်အတွင်းမှာပဲ ဝန်ထမ်း
အိမ်ရာ အခန်းပေါင်း ၈၄ ခန်းနဲ့ အိမ်လခ လစဉ်ကြေး ကျပ် ၃၇,၂ဝဝ ပေးသွင်းရမယ့် အငှားချအိမ်ရာ
အခန်းပေါင်း ၃၂ ခန်းကို တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲတကယ်အိမ်ရာတွေကို
လိုအပ်နေတဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က မြို့ငယ်လေးတွေမှာလည်း တန်ဖိုးနည်း
အိမ်ရာတွေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်''ဟု ၄င်းက ပြောပါတယ်။
အဆိုပါတန်ဖိုးနည်းအိမ်ရာများ ရောင်းချပေးရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး
တိုးတက်ရေးဘဏ်နှင့် ပူးပေါင်းကာ ရှစ်နှစ်မှတစ်ဆယ့်ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်
ရောင်းချပေးမည်ဖြစ်ပြီး ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများကို
ဦးစားပေး ရောင်းချပေးမည်ဖြစ်ကြောင်း ၄င်းက ပြောပါတယ်။
အစိုးရသစ်လက်ထက်မှ စတင်ကာ မြို့သစ်များတွင် တန်ဖိုးနည်းအိမ်ရာများ၊ တန်ဖိုးသစ်
အိမ်ရာများ ဆောက်လုပ်ရာတွင်ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများကို
သာမက အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုပါ အစိုးရနှင့် ပူးပေါင်းပြီးအိမ်ရာများ
တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီအပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်ပေါင်း ၂,ဝဝဝ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ပူးပေါင်းပါဝင်ရန် အဆင်သင့်ရှိတယ်လို့
အသင်းဥက္ကဋ္ဌဖြစ်သူ ဦးသာဌေးက ယခုလအတွင်း ပြုလုပ်ခဲ့တဲ့ စင်ကာပူနိုင်ငံအခြေစိုက်
Surbana Jurong နှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့
လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်မှုသဘောတူ လက်မှတ် ရေးထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။
''ကျွန်တော်တို့ အသင်းကို မကြာသေးခင်ကပဲ အစိုးရက တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ဖို့
တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ
တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတ တိုက်ခန်းတွေ ဆောက်လုပ်ပါမယ်။
ဘယ်နေရာတွေမှာ အိမ်ရာတွေ တည်ဆောက်မယ်၊ ဘယ်တော့ စဆောက်လုပ်မယ် ဆိုတာ
ကိုတော့ မတိုင်ပင်ရသေးပါဘူး။ အမြန်ဆုံး စတင်ဆောက်လုပ်တော့မှာဖြစ်လို့ လာမယ့်
ဘတ်ဂျက်နှစ်မှာ အိမ်ရာတွေကို စတင်ဆောက်လုပ်နေဖို့ကိုတော့ မျှော်လင့်ထားပါတယ်''ဟု
၄င်းက ပြောပါတယ်။
၂ဝ၃ဝ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃ဝ ကျော်ကို စနစ်ကျသော မြို့ပြအဖြစ်
အကွက်ချ တည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်ရေးနှင့် အဆိုပါမြို့များတွင် အစိုးရပိုင်းနှင့်
ပုဂ္ဂလိကပိုင်းတို့မှ တည်ဆောက်မည့် အိမ်ခန်း တစ်သန်း တည်ဆောက်ပြီးစီးရေးသည်လည်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာနက ပြီးခဲ့သော ရက်သတ္တပတ် အတွင်းထုတ်ပြန်ထားပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကမြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေ မူကြမ်းနှင့်
အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးဥပဒေ မူကြမ်းများကို ရေးဆွဲလျက်ရှိပြီး နိုင်ငံတစ်ဝန်းတွင်
အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
''နိုင်ငံသားတွေ အားလုံးရဲ့ လူနေမှုဘဝ မြှင့်တင်စေမယ့် အိမ်ရာတွေမှာ နေထိုင်နိုင်ရေးကို
ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ အမျိုးသားအဆင့် မြို့ပြမူဝါဒနှင့်
အိမ်ရာမူဝါဒတွေ ပြဋ္ဌာန်းပြီးနိုင်ငံအနှံ့မှာ လိုအပ်နေတဲ့ အိမ်ရာစီမံကိန်းတွေ အကောင်အထည်
ဖော်ခြင်းတွေအပြင်အမျိုးသားအဆင့် အိမ်ရာကဏ္ဍ ငွေကြေးစနစ်တစ်ခု တည်ထောင်နိုင်ဖို့
ဆက်နွယ်နေတဲ့ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သောရက်သတ္တပတ်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏
ပြည်သူ့အတွက် တစ်နှစ်တာ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။
ထို့ပြင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်နေသော ဥပဒေ၊ စည်းမျဉ်း၊
စံချိန်စံညွှန်း၊ အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ သုတေသနများ
ပြုလုပ်ခြင်းအပြင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော
အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
သိရပါတယ်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် လိုအပ်နေသော ''မြန်မာနိုင်ငံအဆောက်အအုံ
ဆိုင်ရာ စည်းမျဉ်းများ''ကို UN Habitat ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ဦးဆောင်ကာ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ
ပူးပေါင်းပြီး ၂ဝ၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က
အတည်ပြုချက် ရယူကာ ဆောက်လုပ်ရေးနယ်ပယ်တွင် တစ်နိုင်ငံလုံး တပြေးညီ လိုက်နာ
ကျင့်သုံးရမည့် ''အဆောက်အအုံနှင့် ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးဥပဒေ''ကိုလည်း
ရေးဆွဲလျက်ရှိသည်။
















