စျေးဝယ်စင်တာတွေမှာ ကားရပ်နားခတွေ ဘာကြောင့်စျေးကြီးလဲ

စျေးဝယ်စင်တာတွေမှာ ကားရပ်နားခတွေ ဘာကြောင့်စျေးကြီးလဲ

 

ကားရပ်နားရန်နေရာ ရှားပါးသည့် ရန်ကုန်မြို့၏ ယခုနောက်ပိုင်းအဆောက်အအုံများတွင်
ကားရပ်နားနိုင်သည့်နေရာ (ကားပါကင်) များကို မဖြစ်မနေ ထည့်သွင်းတည်ဆောက်လာ
ကြသည်ကို မြင်တွေ့လာရသည်။

အထူးသဖြင့် စီးပွားဖြစ်အဆောက်အအုံများဖြစ်သည့် စျေးဝယ်စင်တာများ၊
ရုံးခန်းအဆောက်အအုံများနှင့် ဟိုတယ်များတွင် ကားရပ်နားနိုင်မည့်နေရာကို ဧရိယာများများ
ထည့်သွင်း တည်ဆောက်လာကြသည့်အတွက် ကားရပ်နားရန်နေရာများ တိုးလာခဲ့သည်။

သို့သော် ကားရပ်နားခြင်း အတွက် ပေးဆောင်ရသည့် ရပ်နားခမှာ အချို့သော စျေးဝယ်စင်တာ
များတွင် အခကြေးငွေ ကြီးမြင့်နေသည့်အတွက် ကားရပ်နားသူများမှာ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ံဗွူ မြန်မာစင်တာရှိ မြန်မာပလာဇာတွင်
ကားရပ်နားခ တစ်နာရီ ကျပ် ၅ဝဝ ကောက်ခံခဲ့မှုကို စျေးဝယ်စင်တာသို့ လာရောက်သည့်
ကားရပ်နားသူများက ကားရပ်နားခ ကြီးမြင့်သည့်အတွက် အဆင်မပြေကြောင်း ပြောခဲ့ကြသည်။

ယင်းနည်းတူ မကြာခင်ကမှ ဖွင့်လှစ်လိုက်သည့် ဂျန်းရှင်းစင်တာတွင်လည်း စျေးဝယ်လာသူများ
ကားရပ်နားသည့်အခါတွင် တစ်နာရီ ကျပ် ၅ဝဝ ကောက်ခံရန် သတ်မှတ်ခဲ့သည့်ကောက်ခံခနှုန်းမှာ
မြင့်မားနေပြီး အဆင်မပြေကြောင်း ပြောဆိုခဲ့ကြသည်။

စျေးဝယ်စင်တာများသို့ လာရောက်သည့် စျေးဝယ်သူများက ကားရပ်နားခ ပေးရခြင်းထက်
ငါးရပ်နားခမှာ စျေးနှုန်းကြီးမြင့်နေပြီး တစ်နာရီနှုန်းဖြင့် သတ်မှတ်သည့်အပေါ် မကျေနပ်မှု
အများဆုံးဖြစ်သည်ကို တွေ့ရသည်။

''စျေးဝယ်စင်တာ သွားတယ်ဆိုတာ စျေးဝယ်ဖို့ လျှောက်ပတ်ကြည့်မယ်၊ မုန့်တွေဘာတွေစားမယ်
ဆိုရင် အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက်တော့ ကြာတာပေါ့။ တစ်ခါတလေ အလုပ်ကိစ္စနဲ့
ဆိုင်တစ်ဆိုင် ထိုင်ဖြစ်ရင် ဒီထက်ပိုကြာတယ်။ အဲဒီအချိန်ကျရင် ကားပါကင်ခကို ၂,၅ဝဝ
လောက်ပေးရတာ အဆင်မပြေဘူး၊ အရမ်းစျေးကြီးလွန်းတယ်။ ဒီကိုလာတဲ့ စျေးဝယ်သူအနေနနဲ့
အဲဒီလောက် ပေးရတာ မတန်ဘူး''ဟု မလွင်လွင်ဦးက ပြောသည်။

ထို့ပြင် စျေးဝယ်စင်တာသို့ လာသူများက ကားရပ်နားခကို နာရီနှင့် တွက်ချက်ရယူရာတွင် တစ်နာရီ
မပြည့်လျှင်လည်း တစ်နာရီစာ အပြည့်ကောက်ခံသည့် အခြေအနေများ အပေါ်တွင်လည်း
မနှစ်သက်ကြောင်း မအေးမြတ်က ပြောသည်။

''မြန်မာပလာဇာ စဖွင့်တုန်းက အရမ်းစျေးကြီးတယ်။ ဘယ်လိုမျိုးတွက်လဲဆိုတော့ ၁၇ မိနစ်ကို
၅ဝဝ ကောက်တယ်။ ၁၇ မိနစ်ဆိုတာ ဘာမှတောင် မလုပ်ရသေးတဲ့အချိန်ပါ။ ကားပါကင်ထိုးပြီး
အိမ်ကလူတွေကို လာကြိုတာ ၁၇ မိနစ်လောက်ကြာတာကို ၅ဝဝ ပေးရတယ်။ ကားပါကင်ခက
ပေးတော့ ပေးသင့်တယ်။ ဒါတွေကနေ ပြုပြင်ထိန်းသိမ်းမှုတွေရှိရင် ရှိမှာပါ၊ ဒါပေမဲ့ မျှမျှတတနှုန်းတော့
ဖြစ်စေချင်ပါတယ်''ဟု ၄င်းက ပြောသည်။

၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ံဗွူ မြန်မာစင်တာရဲ့ မြန်မာပလာဇာ
စျေးဝယ်စင်တာက ကားရပ်နားခကတော့ တစ်နာရီကို ၅ဝဝ ကျပ်ဖြစ်သည်။ မြန်မာစင်တာမှာ
မြန်မာပလာဇာအပြင် မီလာဟိုတယ်အတွက်ပါ ကားရပ်နားနိုင်မည့်နေရာများပါရှိပြီး ကားစီးရေ
၁,ဝဝဝ နီးပါးခန့် ရပ်နားနိုင်မည့် ဧရိယာအကျယ်အဝန်းကို ထည့်သွင်းတည်ဆောက်ထားသည်။

၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်ခဲ့သည့် ဆူးလေရှန်ဂရီလာ၏ တိုးချဲ့စီမံကိန်း ဆူးလေစကွဲရှိ
စျေးဝယ်စင်တာ၏ ကားရပ်နားခမှာ တစ်နာရီလျှင် ကျပ် ၃ဝဝ ဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်
တစ်ခါရပ်နားခ (အချိန်မကန့်သတ်) ကျပ် ၅ဝဝ ကောက်ခံသည်။ ကားရပ်နားရန်အတွက်
အထပ်ခြောက်ထပ် ထည့်သွင်းတည်ဆောက်ထားပြီး ကားစီးရေ ၅ဝဝ ကျော် ရပ်နားနိုင်မည့်
နေရာအကျယ်အဝန်းရှိသည်။

မတ် ၃၁ ရက်ကဖွင့်ခဲ့သည့် ဂျန်းရှင်းစီးတီး စျေးဝယ်စင်တာမှာလည်း ကားရပ်နားခ တစ်နာရီလျှင်
ကျပ် ၅ဝဝ ဖြစ်သည်။ လက်ရှိတွင် ကားစီးရေ ၄၅ဝ ခန့်ရပ်နားနိုင်မည့် နေရာများရှိပြီး
၄င်းစီမံကိန်း၏ ဒုတိယပိုင်း ပြီးစီးပါက ကားစီးရေ စုစုပေါင်း ၁,၅ဝဝ ခန့် ရပ်နားနိုင်မည်
ဖြစ်သည်။

မြန်မာပလာဇာ စျေးဝယ်စင်တာသည် စျေးဝယ်စင်တာသို့လာသည့် ကားများအတွက် ရပ်နားခ
တစ်နာရီလျှင် ကျပ် ၅ဝဝ ကောက်ခံသည်။ ကောက်ခံသည့် ကားရပ်နားခများထဲမှ အဆိုပါ
ကားရပ်နားရာနေရာများ၏ ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ၊ ကားပါကင်နေရာအတွက်
ဝန်ဆောင်မှုပေးသူများအတွက် ပြန်လည်အသုံးပြုခြင်းများ၊ ထို့ပြင် ယင်းမြန်မာစင်တာ
အဆောက်အအုံများ၏ အစိုးရထံမှ မြေငှားရမ်းခများ နှစ်စဉ်ပေးဆောင်မှုများနှင့် အခြား
အခွန်အခများအတွက် ပြန်လည်အသုံးပြုကြောင်း မြန်မာပလာဇာ၏ ဆက်ဆံရေးမန်နေဂျာ
မဇင်မာသက်မွန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

''မြန်မာပလာဇာက ကားပါကင်ကြေး တစ်နာရီ ၅ဝဝ ကောက်ပါတယ်။ အဲဒီကောက်ခံတဲ့
ကားပါကင်ကြေးတွေကို ကားပါကင်အတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းမှုတွေမှာလည်း
ပြန်သုံးတယ်။ ဒီက ကားပါကင်နေရာမှာ ဝန်ဆောင်မှုပေးတဲ့သူတွေအတွက် ပြန်သုံးတယ်။
နောက်ပြီး ဒီအဆောက်အအုံရဲ့ မြေက အစိုးရဆီက ငှားထားတာဖြစ်တဲ့အတွက်
အဆောက်အအုံကို အခွန်ဆောင်တာ ငှားရမ်းခပေးရတာရှိတယ်။ အဲဒါကြောင့်
ကားပါကင်တွေရဲ့ထုံးစံအတိုင်းပဲ လာရပ်ရင် ကားပါကင်ခကောက်တယ်၊ ဒီအတွက် မြေငှားရမ်းခ
နှစ်စဉ်ကြေးတွေမှာ ပြန်သုံးတယ်။ အခွန်ဆောင်ရတာတွေမှာလည်း ရှိတယ်။ အဲဒီအတွက်
ကားပါကင်ခတွေကို ပြန်သုံးတယ်'' ဟု 
၄င်းက ပြောသည်။

ထို့ပြင် စျေးဝယ်စင်တာများတွင် ကားရပ်နားစရာနေရာများ ထားရှိပေးခြင်း ရပ်နားသူများအတွက်
စနစ်တကျရှိစေပြီး စျေးဝယ်စင်တာနှင့် မြန်မာစင်တာသို့ လာရောက်ခြင်း မဟုတ်ဘဲ ရပ်နားထားသည့်
ကားများအတွက်လည်း ရပ်နားခကောက်ခံခြင်းကြောင့် စည်းကမ်းတကျရှိစေကြောင်း ၄င်းက ပြောသည်။

''ကားပါကင်တွေထားပေးတာက ကားတွေအတွက် နေရာရပ်နားစရာ တိုးလာသလို ပိုက်ဆံနဲ့
ကောက်ခံတာ ဖြစ်တဲ့အတွက် စနစ်တကျ သေသေချာချာ လာရပ်လို့ရတဲ့ နေရာမျိုးဖြစ်သွားတာပေါ့။
လမ်းတွေထဲမှာလို နေရာလုစရာလည်း မလိုဘဲ ကိုယ်ပိုက်ဆံပေးရင် ကိုယ်ကားရပ်လို့ ရတာမျိုး
ဖြစ်တာပေါ့။ တစ်ခါတလေကျတော့ ဒီစျေးဝယ်စင်တာ၊ ဒီက ရုံးခန်းတို့ ဟိုတယ်တွေကိုလာတာ
မဟုတ်ဘဲနဲ့ တခြားက လာရပ်တာမျိုးတွေလည်းရှိတယ်။ အဲဒီတော့ ကားပါကင်ကြေးမကောက်ဘူး
ဆိုရင် အဲဒီလိုရပ်တဲ့သူတွေ များနေရင် စျေးဝယ်စင်တာကိုလာတဲ့သူတွေ မရပ်ရတာတွေဖြစ်မှာပေါ့နော်။
အဲဒီတော့ အကုန်လုံး ညီတူညီမျှ ဘယ်ကိုပဲသွားသွား လာရပ်တယ်ဆို ပေးရမယ်ပေါ့နော်''ဟု ၄င်းက
ပြောသည်။

ဆူးလေစကွဲ စျေးဝယ်စင်တာကလည်း၄င်းတို့ ကားရပ်နားခ ၃ဝဝ ကောက်ခံခြင်းမှာ သင့်တော်သည့်
စျေးနှုန်းဖြစ်သည်ဟု ယူဆပြီး စျေးဝယ်စင်တာများအတွက် ကားရပ်နားစရာရှိခြင်းက ယခင်
လမ်းများပေါ်တွင် ကားများ ရပ်နားခြင်းထက် ပိုမို အဆင်ပြေစေကြောင်း ဆူးလေစကွဲ၏ ပြောရေး
ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

''အရင်တုန်းကဆို စျေးဝယ်စင်တာ တစ်ခုကိုလာရင် လမ်းမပေါ်မှာ ရပ်ရတယ်။ ပြီးရင် ကိုယ့်ကား
အတွက် လုံခြံုစိတ်ချမှုကို စိုးရိမ်ရတယ်။ တိုက်မိတာမျိုးတွေ၊ ကိုယ့်ကားကို ခြစ်သွားတာမျိုးတွေကြံု
ရတယ်။ အခု ကားပါကင်တွေရှိတာက အဲဒါတွေအတွက် အဆင်ပြေစေပါတယ်။ ကိုယ့်ကားကို
စိတ်ချရတယ်။ အခု ဆူးလေစကွဲရဲ့ ပါကင်ခကလည်း ၃ဝဝ ဆိုတာ အရမ်းမများတဲ့ နှုန်းထားဖြစ်တဲ့
အတွက် တတ်နိုင်မယ်လို့ ထင်ပါတယ်။ နောက်ပြီး စနေ၊ တနင်္ဂနွေလိုနေ့တွေဆို တစ်နာရီနဲ့
သတ်မှတ်ပြီး မကောက်ဘဲ ဘယ်နှနာရီထားထား၊ တစ်ခါရပ်နားရင် ငါးရာပဲ ကောက်ပါတယ်''ဟု
၄င်းက ပြောသည်။

ယခုနောက်ဆုံး ဖွင့်လှစ်လိုက်သည့်ဂျန်းရှင်းစီးတီး စျေးဝယ်စင်တာမှာလည်းကားရပ်နားခအတွက်
ရပ်နားချိန် နာရီနှင့် တွက်ချက်သတ်မှတ်ကောက်ခံပြီး တစ်နာရီလျှင် ကျပ် ၅ဝဝ ကောက်ခံသည်။
ဂျန်းရှင်းစီးတီးက ကားရပ်နားသူများထံမှ ကောက်ခံခြင်းမှာ ကောင်းမွန်သည့် ဝန်ဆောင်မှုများ
ပေးထားကြောင်း ဂျန်းရှင်းစီးတီး တာဝန်ရှိသူများက ဆိုသည်။

''ဒီဂျန်းရှင်းစီးတီးကိုလာတဲ့ ကားတွေအတွက် မြေအောက်ထပ် ကားပါကင်မှာ ကားရပ်မယ်ဆိုရင်
ကိုယ့်ရဲ့ ကားတွေကို မြို့လယ်ဧရိယာမျိုးမှာ လုံခြံုစိတ်ချစွာ ရပ်နားနိုင်မယ်။
ကားရပ်နားတဲ့ မြေအောက်ထပ်ကနေလည်း စျေးဝယ်စင်တာနဲ့ ရုံးခန်းကို လွယ်လွယ်ကူကူ
မြန်မြန်ဆန်ဆန်ရောက် နိုင်မယ့် ဓာတ်လှေကားတွေ၊ စက်လှေကားတွေ ထားပေးပါတယ်''ဟု
တာဝန်ရှိသူများက ဆိုသည်။

စျေးဝယ်စင်တာများတွင် အမှန်တကယ် စျေးဝယ်လာသူများကို ကားရပ်နားခ အခမဲ့ဝန်ဆောင်မှု
ပေးသင့်သော်လည်း ကားရပ်နားခကောက်ခံခြင်းမှာ ကောင်းမွန်သည့် ဝန်ဆောင်မှုများဖြင့်
လုံခြံုစိတ်ချစွာ ထားနိုင်ပါက ရပ်နားခကောက်ခံခြင်းကိုပေးဆောင်ရသည်မှာ
စိတ်ကျေနပ်မှုရှိကြောင်း ကားပိုင်ရှင်ဦးဇင်မင်ထွန်းက ပြောသည်။

''အမှန်တကယ် စျေးဝယ်လာသူတွေအတွက်ဆိုရင်တော့ ဝန်ဆောင်မှုကို အခမဲ့ ပေးသင့်ပါတယ်။
ဒါပေမဲ့ တချို့ကလည်း စျေးဝယ်တာမျိုးမဟုတ်ဘဲ ကားသီးသန့်ပါကင်လာထိုးကြတာလည်းရှိတော့
ရပ်နားခ ကောက်တာက စည်းကမ်းသတ်မှတ်တာလို့လဲ မြင်တယ်။ နိုင်ငံတကာမှာလည်း အစိုးရ
သတ်မှတ်ပေးထားတဲ့ ပါကင်နေရာမဟုတ်ရင် ပုဂ္ဂလိကနေရာတွေမှာ ပါကင်ထိုးခ ပေးရတာပဲ''ဟု
၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်