အင်န်အယ်လ်ဒီ အစိုးရတက်လာပြီး အစောပိုင်းကာလတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက
မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာကို အကောင်းဘက်သို့ မျှော်မှန်းခဲ့ကြသည်။ သို့သော်
အစိုးရသစ်၏ တစ်နှစ်ပြည့်သက်တမ်းတွင် မြန်မာ့စီးပွားရေးကဏ္ဍ ထင်သလောက် မတိုးတက်ခဲ့ဘဲ
နှေးကွေးခဲ့သည်။
စီးပွားရေးကဏ္ဍ နှေးကွေးခြင်းနှင့်အတူ တစ်ချိန်က ရင်းနှီးမြှုပ်နှံမှု အားကောင်းခဲ့သည့်
အိမ်ခြံမြေကဏ္ဍတွင်လည်း အိမ်မြေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုများ၊ ဆောက်လုပ်ရေး
ရင်းနှီးမြှုပ်နှံမှုများနှင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ နှေးကွေးကုန်သည်။
အိမ်ခြံမြေစျေးကွက်သည် လွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းကပင် အရောင်း
အဝယ်များ အေးစက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် နှစ်အစပိုင်း ယခင်အစိုးရနှင့် ယခုအစိုးရ အပြောင်း
အလဲကြားတွင် ပိုမို၍ အရောင်းအဝယ်မရှိသလောက် ငြိမ်သက်ခဲ့သည်။
သို့သော် လုပ်ငန်းရှင်များက ယခုအစိုးရက မူဝါဒအပြောင်းအလဲများ ရှိလာနိုင်ပြီး
ယင်းမူဝါဒသစ်များတွင် စီးပွားရေးကောင်းမွန်လာနိုင်ကာ အိမ်ခြံမြေလုပ်ငန်းမှာလည်း
ရင်းနှီးမြှုပ်နှံမှု ပြန်လည်မြင့်လာနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
''အိမ်ခြံမြေက ဒီနှစ်လည်း သိပ်ပြီးတော့ အလားအလာ ကောင်းနိုင်စရာ မမြင်ပါဘူး။
အရင်နှစ်စတုန်းကတော့ မျှော်လင့်ထားတယ်။ ၂ဝ၁၇ ခုနှစ်က မြန်မာ့စီးပွားရေးလည်း
အားယူတဲ့နှစ် ဖြစ်လိမ့်မယ်။ အဲဒီရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးအဝန်းအဝိုင်း
ဘောင်ထဲမှာရှိတဲ့ အိမ်ခြံမြေလည်း မြန်မာ့စီးပွားရေးနဲ့ ထပ်တူပဲ ၂ဝ၁၇ ခုနှစ် နှစ်လယ်လောက်မှာ
အိမ်ခြံမြေစျေးကွက် နာလန်ထ အနေအထား ပြန်ဖြစ်မယ်လို့ မျှော်လင့်ခဲ့တာပေါ့''ဟု ၄င်းက
ပြောသည်။
သို့သော် အစိုးရက ဖေဖော်ဝါရီလအတွင်းအခွန်စည်းကြပ်မှုကို မပြောင်းလဲဘဲ ယခင်အစိုးရ
ပြဋ္ဌာန်းခဲ့သည့်အတိုင်း ပြန်လည်ကျင့်သုံးခဲ့ပြီး အိမ်ခြံမြေ အခွန်စည်းကြပ်မှုမှာလည်း
မြင့်မားနေဆဲဖြစ်သည့်အတွက် အိမ်ခြံမြေလုပ်ငန်းမှာ ပြန်လည်ကောင်းမွန်လာနိုင်ဦးမည်
မဟုတ်ကြောင်း ၄င်းက ပြောသည်။
''ဒါပေမဲ့ အဲဒီလို မျှော်လင့်ထားပေမဲ့ ဖေဖော်ဝါရီ လလယ်လောက်မှာ မမျှော်လင့်တာတွေ
ဖြစ်လာတယ်။ အခွန်စည်းကြပ်တဲ့နှုန်းထား မပြောင်းလဲဘဲ ဖြစ်ခဲ့တာသည် အိမ်ခြံမြေလုပ်ငန်းကို
ဖိထားပြီး အိမ်ခြံမြေစျေးကွက် မဖောင်းကားအောင် တစ်နည်းအားဖြင့် အိမ်ခြံမြေစျေးနှုန်းတွေ
မမြင့်အောင် အခွန်စနစ်နဲ့ ထိန်းထားတဲ့သဘောမျိုး။ မနှစ်က ကျင့်သုံးခဲ့တဲ့ အခွန်ကလည်း
အရင်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ အခွန်စနစ်ကို
ထပ်ပြီးကျင့်သုံးတာကို တွေ့ရတာ အလားအလာကို ပိုပြီးမှေးမှိန်သွားစေတယ်''ဟု ဦးသန်းဦးက
ပြောသည်။
ထို့ပြင် အစိုးရက ငွေကြေးခဝါချမှု အဓိကဆောင်ရွက်ရန်ကိုလည်း ပြောဆိုခဲ့ပြီး
အထူးသဖြင့် အိမ်ခြံမြေကဏ္ဍ ငွေကြေးခဝါချမှု ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ကာ
နိုင်ငံတော်ကို အထောက်အကူပြုရန် ပြောဆိုခဲ့ကြောင်း ၄င်းက ပြောသည်။
သို့သော် တစ်ဖက်တွင်လည်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှာ
အိမ်ခြံမြေဝယ်ယူမှုများ တုံ့ဆိုင်းမှုများ ရှိလာခဲ့ကြောင်း ဦးသန်းဦးက ပြောသည်။
''နိုင်ငံတော်က ငွေကြေးခဝါချမှု၊ ငွေမည်းကိစ္စကို အဓိကထားပြီး ဆောင်ရွက်တဲ့နေရာမှာ
အိမ်ခြံမြေလုပ်ငန်းကို အဓိကထားပြီး လုပ်မယ်လို့ ကြေညာခဲ့တယ်။ ဒါဟာ ကောင်းတဲ့အချက်
တစ်ခုဖြစ်သလို တစ်ဖက်မှာလည်းဒီအကြောင်းချက်ကြောင့် အိမ်ခြံမြေစျေးကွက်ကို
ဝယ်မယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ မဝံ့မရဲဖြစ်ပြီးတော့ တု့ံဆိုင်းတာတွေ၊
လက်တွန့်တာတွေ ဖြစ်သွားတဲ့အခါကျတော့ အိမ်ခြံမြေစျေးကွက်ဟာ အဲဒီနှစ်ချက်ကြောင့်
နာလန်ပြန်ထနိုင်မယ့်အခြေအနေက မကောင်းဘူးလို့ မြင်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာလည်း ထိုင်းမှိုင်း နှေးကွေးနေသည့်
အခြေအနေဖြစ်နေပြီး ရှေ့အလားအလာမှာ လည်း တိုးတက်မှု ဆက်လက်နှေးကွေးနိုင်သည့်
အနေအထားရှိသည့်အတွက် ၂ဝ၁၇ ခုနှစ်၏ အိမ်ခြံမြေကဏ္ဍသည် ကောင်းမွန်ဦးမည်
မဟုတ်ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်လည်းဖြစ်သူ ဦးသန်းဦးက ဆိုသည်။
''လက်ရှိ မြန်မာ့စီးပွားရေးကလည်း ထိုင်းမှိုင်းတုန်းပဲ။ ဆက်ပြီးတိုးတက်ဖို့ကလည်း
သိပ်မမြင်ဘူးဆိုတော့ အိမ်ခြံမြေစျေးကွက် အလားအလာက မမြင်ဘူး။ နှစ်ဆန်းတုန်းက
မျှော်လင့်ထားတာတွေ၊ ဖေဖော်ဝါရီလမှာ အဲဒီအကြောင်းချက်တွေကြောင့် ပြန်ကြည့်တဲ့အခါမှာ
အိမ်ခြံမြေစျေးကွက်သည် ၂ဝ၁၇ ခုနှစ်မှာ အားရစရာ မရှိဘူးလို့ အန်ကယ်ကတော့
မြင်ပါတယ်'' ဟု ၄င်းက ပြောသည်။
ထို့ပြင် အိမ်ခြံမြေလုပ်ငန်းများအတွက် ခိုင်မာသည့် ဥပဒေတစ်ရပ် လိုအပ်နေပြီး
လက်ရှိတွင်လည်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပြဋ္ဌာန်းရန် တင်ပြထားသည့်
အနေအထားများကြောင့် ယင်းကဲ့သို့သော ခိုင်မာသည့် ဥပဒေတစ်ရပ်ရပ် မထွက်ပေါ်
လာသေးသရွေ့ အိမ်ခြံမြေလုပ်ငန်းအတွက် အခက်အခဲများရှိနေဦးမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှုး ဒေါ်မို့မို့လွင်က
ပြောသည်။
''တကယ်လို့ ၂ဝ၁၇ မှာ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေထွက်လာပြီးရင် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုလည်း ရဲရဲတင်းတင်း လာနိုင်ကြလိမ့်မယ်။ ဒီကလုပ်ငန်းရှင်တွေကလည်း
ဥပဒေ ဘယ်လိုထွက်လာမလဲ ဆိုတာကို မျှော်လင့်ချက်တွေနဲ့ စောင့်နေရင်းနဲ့ပဲ ရင်းနှီးမြှုပ်နှံရမှာ
မဝံ့မရဲဖြစ်နေကြတာပေါ့။ အဲဒါကတော့ ရင်းနှီးမြှုပ်နှံမှုအားတွေက အရမ်းကို နည်းနေတယ်။
ကန်ထရိုက်တွေလည်း အရောင်းအဝယ်ပါးတော့ သိပ်အများကြီး မဆောက်နိုင်ဘူး။ အိမ်ခြံမြေ
တွေကလည်း နေမယ့်သူလောက်ပဲ ရှိပြီး အရောင်းအဝယ်က မရှိသလောက်ကို ပါးနေတယ်။
သေချာတာကတော့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ ဥပဒေ မထွက်မချင်း ကတော့
အိမ်ခြံမြေအတွက် တော်တော် ခက်ခဲလိမ့်မယ်လို့ ထင်တယ်''ဟု ၄င်းက ပြောသည်။
လက်ရှိတွင် အိမ်ခြံမြေလုပ်ငန်းအခြေအနေ အလုပ်မဖြစ် နှေးကွေးနေမှုကြောင့် အိမ်ခြံမြေ
ရောင်ဝယ်ငှား ဝန်ဆောင်မှုလုပ်သောသူများ၊ အိမ်ခြံမြေစျေးကွက် ဖွံ့ဖြိုးမှုအပေါ်တွင် မှီတည်၍
စီးပွားရေး လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာက လာမည့်
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အိမ်ခြံမြေလုပ်ငန်းများတွင် စီးပွားရေးလုပ်ကိုင်ရန်
အခွင့်အလမ်းကောင်းများမှာ ယခု ၂ဝ၁၇ ၌ အားရစရာ ရှိဦးမည် မဟုတ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
















