ယခုအစိုးရသစ်လက်ထက် ဆောက်လုပ်ရေးလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ
ရပ်ဆိုင်းခဲ့သည့်အတွက် ငွေကျပ် ဘီလျံ ၅ဝ နှင့် ၁ဝဝ အကြား ဆုံးရှုံးခဲ့သည်ဟု ဧပြီ ၆ ရက်တွင်
ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တာ်
ဘဏ္ဍရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အစီရင်ခံစာ တင်ပြခဲ့သည်။
၂ဝ၁၆ ခုနှစ် မေ ၁၄ ရက်တွင် အစိုးရသစ် က အထပ်မြင့်အဆောက်အအုံ ရာနှင့်ချီ၍
ရပ်တန့်စေလိုက်သည့် ရိုက်ခတ်မှုသည် ယခုအချိန်ထိ စီးပွားရေးလုပ်ငန်းရှင်များကို
ထိခိုက်မှုရှိနေပြီး မြန်မာ့စီးပွားရေးကဏ္ဍကိုလည်း ထိခိုက်မှုရှိခဲ့သည်။
အဆိုပါ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက စီးပွားရေး
ကျဆင်းရခြင်း၏ အကြောင်းရင်းများထဲတွင် အထပ်မြင့်အဆောက်အအုံများ စီမံကိန်းများကို
ရပ်ဆိုင်းခဲ့ခြင်းကြောင့်လည်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင်
လုပ်ဆောင်ခဲ့သော စီမံကိန်းများအပေါ် ကော်မတီက သုံးသပ်အစီရင်ခံတင်ပြသည့်
အကြောင်းအရာငါးခုတွင်လည်း တစ်ခုပါဝင်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရသည် အထပ်မြင့် အဆောက်အအုံစီမံကိန်း ၂ဝဝ ကျော်ကို ရပ်နားပြီးနောက်
စီမံကိန်းများကို ပြန်လည်စိစစ်မှု ပြုလုပ်ကာ သုံးလကျော်အပြီးတွင် စီမံကိန်းတချို့ကို
ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ဒီဇင်ဘာလကုန်တွင် စီမံကိန်းအားလုံးနီးပါးကို ဆောက်လုပ်ခွင့်ပေးခဲ့
သည်။
သို့သော် ပြန်လည်ခွင့်ပြုပေးခဲ့သည့် စီမံကိန်းအားလုံးနီးပါးထဲတွင် တိုင်းဒေသကြီးအစိုးရရုံးနှင့်
နီးကပ်သည့် စီမံကိန်းလေးခုနှင့် တောင်ဥက္ကလာပမြို့နယ်က စီမံကိန်းတစ်ခု စုစုပေါင်း
ငါးခုကိုမူ ခွင့်မပြုခဲ့ဘဲ ဆက်လက်စစ်ဆေးရန် ဆိုင်းငံ့ထားခဲ့ပြီး ပြီးခဲ့သည့် ဧပြီလအစော
ပိုင်းမှသာ အပြီးသတ် ခွင့်ပြုပေးလိုက်သည်။
အဆိုပါပြန်လည်ခွင့်ပြုလိုက်သည့် အထပ်မြင့် စီမံကိန်းငါးခုကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရက အထပ်မြင့် စီမံကိန်းအားလုံးကို ရပ်နားလိုက်သည့်အချိန်တွင် စစ်ဆေးရန်အတွက်
ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု
စိစစ်ရေးကော်မတီကပင် ဆက်တိုက်စစ်ဆေးခဲ့ပြီး ၄င်းတို့၏ စစ်ဆေးချက်ကို
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြခဲ့ကာ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။
ယင်းစီမံကိန်းများ ရပ်နားခဲ့ရသည့် ၂ဝ၁၆ မေလမှစ၍ ယခုပြန်လည် ခွင့်ပြုလိုက်သည့်
အချိန်ထိ တစ်နှစ်နီးပါးကြာမြင့်ခဲ့သည့်အတွက် ယင်းကဲ့သို့ ဆောက်လုပ်ရေးစီမံကိန်းများကို
တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ်နားစေခဲ့သည့် နောက်ဆက်တွဲ အကျိုးရလဒ်သည် နိုင်ငံ၏
စီးပွားရေးကို ကျဆင်းသည်အထိ ဖြစ်စေခဲ့သည်။
ထပ်မြင့်အဆောက်အုံများ စတင်ရပ်ဆိုင်းစေခဲ့စဉ်က ဝေဖန်မှုများစွာဖြင့် ဂယက်ရိုက်မှုများ
လည်းဖြစ်ခဲ့သည်။
















