ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်
အစိုးရအနေဖြင့် အများပြည်သူ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော
Public Private Partnership (PPP) ပုံစံဖြင့် စီမံကိန်းများကို ပိုမိုဆောင်
ရွက်သင့်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ အာရှဒေသ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး
တိုးတက်ရေးစင်တာဌာနမှ အဖွဲ့ခေါင်းဆောင် Mr. Atty Jaime Raphael က ပြောသည်။
''ဒေသအတွင်းမှာ အခြေခံအဆောက်အအုံတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
အများပြည်သူတွေ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်တဲ့ စီမံကိန်းတွေဖြစ်တဲ့ PPP စီမံကိန်းတွေ
ပိုမိုအကောင်အထည် ဖော်သင့်ပါတယ်''ဟု ၄င်းက ပြီးခဲ့သော ရက်သတ္တပတ်က ဆူးလေ
ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သော မြန်မာ အခြေခံအဆောက်အအုံဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ
၂ဝ၁၇ တွင် ပြောသည်။
ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု စီမံကိန်းများ အကောင်အထည်ဖော်ရန် နိုင်ငံရေးအခြေအနေကောင်းမွန်မှု၊
ပွင့်လင်းမြင်သာမှုရှိမှု၊ အစိုးရမှ အကောင်အထည်ဖော် ညွှန်ကြားနိုင်မှု၊ စျေးကွက်ရှာနိုင်မှုနှင့်
သင့်လျော်သော စံနှုန်းသတ်မှတ်ချက်များ ပြဋ္ဌာန်းပေးထားနိုင်မှုများရှိရန် လိုအပ်ကြောင်း
Mr. Atty က ပြောသည်။
''ပီပီပီ စီမံကိန်းတွေ ပိုမိုအကောင်အထည်ဖော်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့
နိုင်ငံရေးအခြေအနေ ကောင်းမွန်မှုပါပဲ။ နိုင်ငံရေး အခြေအနေ ကောင်းမွန်မှ အစိုးရကနေ
ပွင့်လင်းမြင်သာမှုရှိတဲ့ လူအများ ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံနိုင်တဲ့ စီမံကိန်းတွေကို အကောင်
အထည်ဖော်ဖို့ ညွှန်ကြားနိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
အာဆီယံနိုင်ငံများတွင်း အခြေခံအဆောက်အအုံများနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး
တိုးတက်စေရန် ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုစီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်
အဖော်နိုင်ဆုံး နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ပီပီပီ စီမံကိန်းများဖြင့် နိုင်ငံတစ်ဝန်း၏
အခြေခံအဆောက်အအုံ ငါးရာခိုင်နှုန်းထိ တိုးချဲ့အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း
၄င်းက ပြောသည်။
''ဖိလစ်ပိုင်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ပီပီပီ စီမံကိန်းတွေကို
၂ဝ၁ဝ ပြည့်နှစ်က စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အစိုးရကနေ
ပွင့်လင်းမြင်သာမှုရှိရှိ ဦးဆောင်ပြီး အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေကို
တင်ဒါတွေပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့လို့ အခြေခံအဆောက်
အအုံတွေ သိသိသာသာ တိုးတက်ဖွံ့ဖြိုး တိုးတက်ခဲ့ပါတယ်။ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုရှိရှိ
ဦးဆောင်အကောင်အထည်ဖော်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု
စီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရှိခဲ့ပါပြီ''ဟု
Mr. Atty က ပြောသည်။
ဖိလစ်ပိုင်နိုင်ငံအတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် စာသင်ကျောင်း
များကို အဓိကထား အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရိုင် ၂ဝ ကျော်အတွင်း
စာသင်ကျောင်း ၂,၈၄၇ ကျောင်းတွင် စာသင်ခန်းပေါင်း တစ်သောင်းခန့်ကို ဆယ်စုနှစ်
တစ်ခုအတွင်း ပီပီပီ စီမံကိန်းများအဖြစ် အကောင်အထည် ဖော်ခဲ့ကြောင်း ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည် ဖော်နိုင်စေရန် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့က အထူးကုမ္ပဏီ အက်ဥပဒေဖြင့် အများပိုင်ကုမ္ပဏီတစ်ခုကို
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း
ဦးဖြိုးမင်းသိန်းက ပြီးခဲ့သောလက ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွင် ကျင်းပခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်
ပြောခဲ့သည်။
အစိုးရဘတ်ဂျက်ဖြင့်မဟုတ်ဘဲ အများပြည်သူ ပူးပေါင်းပါဝင်နိုင်မည့် ပီပီပီစနစ်ဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကိုလည်း ပြီးခဲ့သော
မတ်လကုန်ခန့်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်
အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထိုဒေသန္တရစီမံကိန်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်
ပူးပေါင်းကာ ရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်းနှင့် မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း၊
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းကာ
ရန်ကုန်၊ ဟံသာဝတီ၊ ပဲခူး စင်္ကြံတစ်လျှောက်နှင့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးမှု
မဟာစီမံကိန်းအပြင် မြို့ပြယဉ်ကျေးမှု ဖွံ့ဖြိုးရေးနှင့် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး
မဟာဗျူဟာစီမံကိန်းများကို အဆိုပြု ရေးဆွဲထားပြီး လွှတ်တော်သို့ တင်ပြရန်လည်း ရန်ကုန်
တိုင်းဒေသကြီး ဥပဒေချုပ်၏ သဘောထားမှတ်ချက်ကို ရယူထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
အိမ်ရာစီမံကိန်းများ ပိုမိုအကောင်အထည်ဖော်နိုင်စေရန် ပြည်တွင်းဆောက်လုပ်ရေး
လုပ်ငန်းရှင်များအပြင် ပြည်ပနိုင်ငံများဖြစ်သော ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊
ကိုရီးယားနိုင်ငံ အပါအဝင် တခြားနိုင်ငံများမှ အစိုးရများနှင့်လည်း ပူးပေါင်းဆောင်ရွက်
သွားရန် စီစဉ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက ပြောသည်။
''အခု ကျွန်တော်တို့က ကြီးမားတဲ့ စီမံကိန်းတွေကို အစိုးရအချင်းချင်း ဆောင်ရွက်တဲ့
စီမံကိန်းတွေအဖြစ်နဲ့သာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပုဂ္ဂလိက
ကဏ္ဍက Public Private Partnerships မော်ဒယ်အဖြစ်နဲ့ ပါလာမှာပဲ
ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေကို အစိုးရဘတ်ဂျက် ပြင်ပကနေပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။
အစိုးရဘတ်ဂျက်ထဲမှာ ဒီလုပ်ငန်းတွေသာ ထည့်လုပ်မယ်ဆိုရင် ဆောင်ရွက်နိုင်မှု
အရမ်းနောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အစိုးရဘတ်ဂျက်ရဲ့ ပြင်ပကနေ အစိုးရ
အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ပုဂ္ဂလိကဏ္ဍရဲ့ ပူးပေါင်းပါဝင်မှုတွေကို
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် လျာထားသော အချို့စီမံကိန်းများကို အစိုးရအချင်းချင်း
ပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍအထိ ပါဝင်လာနိုင်သော ပုံသဏ္ဌာန်မျိုးအထိ
ဆောင်ရွက်သွားရန် ပြင်ဆင်နေပြီး ထိုစီမံကိန်းများကို လာမည့် ဘဏ္ဍာနှစ်၊ဧပြီလမှ
စတင်သွားရန် အစီအစဉ်များ ရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
''အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေကို စတင်အကောင်အထည်
ဖော်ဆောင်ရွက်နိုင်စေဖို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေနဲ့ ဘက်ပေါင်းစုံကနေ
ဆောင်ရွက်နေပါတယ်။ အဲဒီလို အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ
ဂျပန်နိုင်ငံက စီမံကိန်းတွေကို ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဂျပန်နိုင်ငံရဲ့
ပုဂ္ဂလိကကုမ္ပဏီတွေကလည်း ပါဝင်လာမှာ ဖြစ်တဲ့အပြင် ပြည်တွင်းကုမ္ပဏီတွေကလည်း
ပါဝင်နိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
မြို့ပြစီမံကိန်းများ၊ အိမ်ရာစီမံကိန်းများကို အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်
တစ်ဦးတည်းဖြင့် အကောင်အထည်ဖော်ခြင်းထက် အစိုးရအနေဖြင့် လုပ်ငန်းရှင်များ
ပိုမိုပူးပေါင်းပါဝင်နိုင်စေရန် အသေးစား ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
ပူးပေါင်းပြီး အကောင်အထည် ဖော်စေလိုကြောင်း ၄င်းက ပြောသည်။
''စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး
တစ်ယောက်တည်းကိုပဲ စီမံကိန်းတွေ အကောင်အထည်ဖော်ခွင့် ပေးလိုက်တာမျိုး
မဟုတ်ဘဲ အစိုးရဘက်က တာဝန်ယူပြီး တစ်နည်းပြောရရင် အစိုးရပါဝင်တဲ့
အစုရှယ်ယာကုမ္ပဏီကြီးက တာဝန်ယူပြီး ကန်ထရိုက်တာအဖြစ်နဲ့ ဆောက်လုပ်ရေး
လုပ်ငန်းရှင်အားလုံးနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အသေးစား
ဆောက်လုပ်ရေးလုပ်ငန်းတွေ အများစုရှိနေတဲ့အတွက် သူတို့အတွက်လည်း
အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရာရောက်အောင် စီမံကိန်းအကြီး
စားတွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်လေးတွေ စနစ်တကျ ပူးပေါင်းပြီး
အကောင်အထည် ဖော်စေလိုပါတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရခေတ် ဦးသိန်းစိန် တာဝန်လွှဲပြောင်းယူခဲ့သည့်
အချိန်မှစတင်ကာ အများပိုင်ကုမ္ပဏီများ စတင် အကောင်အထည်ဖော်ခဲ့သော်လည်း
လုပ်ငန်းများ တွယ်ကျယ်စွာ အကောင်အထည်ဖော်နိုင်မှု နည်းပါးခဲ့ကြောင်း စီးပွားရေး
ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
















