ရန်ကုန်မြို့ အချက်အချာကျသောနေရာများတွင် အိမ်နှင့် ရုံးခန်းအငှားစျေးနှုန်းများမှာ
ယခင်နှစ်များထက် ပိုမိုမြင့်တက်လာခဲ့ပြီး အငှားစျေးနှုန်းများမှာလည်း ဘန်ကောက်မြို့လယ်
ကောင် ဧရိယာ၏ အငှားစျေးနှုန်းထက်ပင် သုံးရာခိုင်နှုန်း ပိုများနေကြောင်း Tilleke &
Gibbins Myanmar အိမ်ခြံမြေဆိုင်ရာ အကြံပေးကုမ္ပဏီမှ ဦးနွေဦးက ပြောသည်။
''ရန်ကုန်မြို့လယ်ကောင်နဲ့ အချက်အချာကျတဲ့နေရာတွေမှာ အိမ်ခြံမြေ အငှားစျေးနှုန်းတွေက
ကြီးမြင့်နေပါသေးတယ်။ ရန်ကုန်မြို့လယ်ကောင်က အငှားစျေးတွေက ဘန်ကောက်က စျေးကြီးတယ်
ဆိုတဲ့ နေရာတွေထက် သုံးရာခိုင်နှုန်းလောက် စျေးနှုန်း ပိုမြင့်နေပါသေးတယ်''ဟု ၄င်းက ပြီးခဲ့သော
ရက်သတ္တပတ်အတွင်း ကျင်းပခဲ့သော မြန်မာအခြေခံအဆောက်အအုံဆိုင်ရာ ထိပ်သီး
ဆွေးနွေးပွဲတွင် ပြောသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သော်
လည်း အိမ်ခြံမြေစျေးနှုန်းများမှာ မြင့်တက်လျက်ရှိနေဆဲဖြစ်ပြီး အငှားစျေးနှုန်းများမှာလည်း
အိမ်နီးချင်းနိုင်ငံများထက် များပြားနေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။
အိမ်ခြံမြေစျေးနှုန်း မြင့်မားနေမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှုများ
စတင်ပြုလုပ်ရန် တုံ့နှေးသွားစေနိုင်ကြောင်း ဦးနွေဦးက ပြောသည်။
အိမ်နီးချင်း အာဆီယံနိုင်ငံများထက် မြေစျေးနှုန်း ကြီးမြင့်နေဆဲ ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့
လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုရေးအတွက် ဆွဲဆောင်ရန် ခက်ခဲကြောင်း မြတ်မင်း အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ ဦးအောင်မင်းက ပြောသည်။
''တချို့ အာဆီယံ အိမ်နီးချင်းနိုင်ငံများကဲ့သို့ လမ်းပန်းဆက်သွယ်ရေး၊ Skilled labour
တွေနဲ့ လျှပ်စစ်မီး အာမခံမှု မပေးနိုင်တဲ့ အချိန်မှာတောင် အဲဒီနိုင်ငံတွေထက် အိမ်ခြံမြေ
စျေးနှုန်းတွေ ပိုမြင့်မားနေရင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို လာရောက်
ရင်းနှီးမြှုပ်နှံစေဖို့ ဆွဲဆောင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်ဖို့ အစိုးရသစ်ရဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှိနေချိန်မှာ
အစိုးရက မြေစျေးတွေကို ထိန်းညှိဖို့ ဆောင်ရွက်ပေးသင့်ပါတယ်''ဟု ၄င်းက ပြာသည်။
















