အိမ်ခြံမြေရောင်းဝယ်မှုများ အခွန်ဆောင်ရမည့် တစ်ပေပတ်လည် နှုန်းထားအသစ်များ ပြင်ဆင်မည်

အိမ်ခြံမြေရောင်းဝယ်မှုများ အခွန်ဆောင်ရမည့် တစ်ပေပတ်လည် နှုန်းထားအသစ်များ ပြင်ဆင်မည်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်မှုများပြုရာတွင် အခွန်ပေးဆောင်ရမည့်
တစ်ပေပတ်လည်နှုန်းထား သတ်မှတ်စျေးနှုန်းများကို ယခုဘဏ္ဍာနှစ်တွင် အသစ်ပြင်ဆင်နိုင်ရန်
လက်ရှိ မြေပြင်စျေးနှုန်းများကို စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်လင်းက ပြောသည်။

''စံနှုန်း ပြန်ပြင်ဖို့ ရှိတယ်။ ပြန်ပြင်ဖို့ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် အချက်အလက်တွေ
စကောက်နေပြီ၊ မြို့နယ်အခွန်ရုံးတွေကတစ်ဆင့် မြေပြင်က လက်ရှိကာလ ပေါက်စျေးတွေကို
ကောက်ခံပြီး ကျွန်တော်တို့ဌာနက ဘုတ်အဖွဲ့အစည်အဝေးထိုင်ပြီး သတ်မှတ်လိုက်တဲ့
နှုန်းတွေကို တိုင်းဒေသကြီးအစိုးရကို တင်ပြသွားပါမယ်''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်သူများက ဝင်ငွေခွန် ပေးဆောင်ရန် လက်ရှိသတ်မှတ်ထားသည့်
မြို့နယ်အလိုက်၊ လမ်းအလိုက် တစ်ပေပတ်လည် နှုန်းထားများတွင် မရမ်းကုန်းမြို့နယ် (မေခနှင့်
မလိခလမ်း) များတွင် တစ်ပေပတ်လည်နှုန်း ကျပ် ၁၃၅,ဝဝဝ သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်
(ပြည်လမ်းပေါ်ရှိ) တစ်ပေပတ်လည်နှုန်းများကို ကျပ် ၂၇၅,ဝဝဝ သတ်မှတ်ထားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေစျေးများကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ
ကာလပေါက်စျေးနှင့်ချိန်ညှိ၍ ထိုသို့ တန်ဖိုးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေ
ဝယ်ယူ၊ရောင်းချသူများက အခွန်ဆောင်ရာတွင် အဆိုပါသတ်မှတ်ထားသည့်နှုန်းဖြင့်
အရောင်းအဝယ်ဖြစ်သည့် ပမာဏအလိုက် ဝင်ငွေခွန်ကျသင့် ပေးဆောင်ရမည် ဖြစ်သည်။

''တကယ်ဆို အခွန်က စံနှုန်းတွေ သတ်မှတ်ဖို့မလိုဘူး။ ဒါပေမဲ့ အခွန်ရှောင်တဲ့သူတွေ
များလို့သာ စံနှုန်းတွေ သတ်မှတ်ပေးရတာ။ ဝင်ငွေခွန်ဥပဒေအရ သူတို့ရဲ့ အရောင်းအဝယ်ဖြစ်တဲ့
တန်ဖိုးပေါ်မှာပဲ ဆောင်ရမှာ၊ ဒါပေမဲ့သူတို့က အရောင်းအဝယ်ဖြစ်တဲ့ အပေါ်မှာ အခွန်မဆောင်တော့
အစိုးရဘက်က စံနှုန်း သတ်မှတ်ပေးလိုက်ရတာ''ဟု ၄င်းက ပြောသည်။

အိမ်ခြံမြေ အခွန်ဆောင်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းနှင့် ပေးဆောင်ရန် ၂ဝ၁၃ ခုနှစ်တွင်
စတင်ခဲ့ပြီးနောက် နှစ်စဉ် ကာလပေါက်စျေးဖြင့် ပြန်လည်ညှိနှိုင်းကာ အသစ် သတ်မှတ်သော်လည်း
၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အစိုးရအပြောင်းအလဲကြောင့် စံနှုန်းအသစ် မသတ်မှတ်ဖြစ်ခဲ့ပေ။

''အခုလောလောဆယ်တော့ အိမ်ခြံမြေအခွန်ဆောင်ရင် ၂ဝ၁၄ က စံနှုန်းနဲ့ ဆောင်နေတယ်။
နှစ်နှစ်ကျော်ရှိပြီ။ မနှစ်က မပြင်ခဲ့ဖြစ်ဘူး၊ အစိုးရ အပြောင်းအလဲမှာ။
ပြည်တွင်းအခွန်များ ဦးစီးဌာနကတော့ မနှစ်ကလည်း နှုန်းထားတွေ ကောက်ပြီးအသစ်တင်ပြတယ်၊
ဒါပေမဲ့ အစိုးရက အပြောင်းအလဲတွေကြောင့် မသတ်မှတ်နိုင်ခဲ့ဘူး''ဟု ၄င်းက ပြောသည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ် အတွက် စံနှုန်းအသစ်ပြင်ဆင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက
ကာလပေါက်စျေးများကို ကောက်ခံနေခြင်းဖြစ်ကာ မေလအတွင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ
စံနှုန်းအသစ်များကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

''လောလောဆယ်တော့ မြို့နယ်အကုန်လုံး စာတွေမရသေးတဲ့အတွက် ဘုတ်အဖွဲ့ မထိုင်ရသေးဘူး။
ဒီနှစ်ကတော့ ငါးလပိုင်းဆို တင်ပြမယ်၊ အစိုးရအဖွဲ့က အတည်ပြုတာနဲ့ ချက်ခြင်းတရားဝင်
စာထုတ်မယ်''ဟု ဦးထင်အောင်လင်းက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်များကမူ ယခုဘဏ္ဍာနှစ်အတွက် စံနှုန်းအသစ်များမှာ ယခင်နှစ်များထက်
နှုန်းထား လျှော့နည်းနိုင်ပြီး လက်ရှိ အိမ်ခြံမြေ ကာလပေါက်စျေးများမှာလည်း အနည်းငယ်
ကျဆင်းလျက်ရှိကြောင်း ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်လေးမျိုးဖြစ်သည့် ကုန်သွယ်ခွန်၊
ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အထူးခွန်တို့အားလုံး ကောက်ခံရရှိမှုမှာ ကျပ် ရ၅၄
ဘီလျံဖြစ်ပြီး ယင်းဘဏ္ဍာနှစ်အတွက် လျာထားသတ်မှတ်ချက်မှာ ကျပ် ၆၆၈ ဘီလျံသာဖြစ်သည့်
အတွက် လျာထားချက်ထက် ကျော်လွန်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၁၂ ဒသမ ၉၃ ရာခိုင်နှုန်း
ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်