ပြည်သူပိုင်သိမ်း သမဝါယမ အခန်းများ အသုံးပြုမှု အနည်းငယ်သာရှိ

ပြည်သူပိုင်သိမ်း သမဝါယမ အခန်းများ အသုံးပြုမှု အနည်းငယ်သာရှိ

ရန်ကုန်မြို့ရှိ ပြည်သူပိုင် သိမ်းထားခဲ့သည့် သမဝါယမခန်း အများစုမှာ ပိတ်သိမ်းထားပြီး
အနည်းစုအခန်းများသာ ဌာနလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး အချို့အခန်းများမှာလည်း
တစ်ဆင့်ပြန်လည် ငှားရမ်းမှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့် ဧပြီ ၂၄ ရက် ရန်ကုန်တိုင်း
ဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှ သိရသည်။

ရန်ကုန်မြို့တွင် ၁၉၇၄ ခုနှစ် နောက်ပိုင်းကတည်းကပင် ပြည်သူပိုင် သိမ်းထားသည့်
သမဝါယမအခန်းများ ၁၁၅ ခန်းရှိပြီး ယင်းအနက်မှ ၃၅ ခန်းသာ လုပ်ငန်းငှားရမ်းလုပ်ကိုင်မှု
ရှိကြောင်း ကျောက်တံတား မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ကြည်ပြာက ပြောသည်။

''ရန်ကုန်မှာ မြို့နယ် ၁၂ မြို့နယ်က ပြည်သူပိုင်သိမ်း သမဝါယမ အခန်း ၁၁၅ ခန်း ရှိပါတယ်။
ပြည်သူပိုင်သိမ်း အခန်းအများဆုံးကတော့ လမ်းမတော်မြို့နယ်မှာပါ။ အဲဒီပြည်သူပိုင်သိမ်းထားတဲ့
အခန်းတွေထဲက ၃၅ ခန်းကို ငှားရမ်းထားတယ်။ ကျန်တဲ့အခန်းတွေကို ပိတ်ထားတယ်။
၂ဝဝ၉ ခုနှစ်မှာ လေလံတင်ပြီးတော့ ရောင်းမယ်ဆိုတဲ့ အနေအထားနဲ့ ပိတ်ထားတာ
ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက လုပ်ပိုင်ခွင့်ရရှိသည့် သမဝါယမ အခန်းများမှာမူ
အခန်းငှားရမ်းခ ၁,ဝဝဝ ကျော်ခန့်သာ ရှိပြီး ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများသည်
အမှန်တကယ် သမဝါယမ လုပ်ငန်းများ လုပ်ကိုင်ခြင်း ရှိမရှိကိုလည်း မသိနိုင်ကြောင်း ၄င်းက
ပြောသည်။

''အိုးအိမ်ပိုင် တိုက်ခန်းတွေက လခက ထောင်ကျော်လေးပဲ ရှိပါတယ်။ ဒီလို လခ နည်းနည်းလေးပဲ
သွင်းပြီးတော့ ငှားရမ်းလုပ်ကိုင်နေတဲ့ သမဝါယလုပ်ငန်းတွေက တကယ်ပဲ စီးပွားရေးလုပ်ငန်းတွေ
လုပ်ဆောင်နေတာလား၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ လုပ်နေတာလား သို့တည်းမဟုတ်
ထပ်ဆင့် အခန်းတွေ ငှားစားနေတာလား ဒါမျိုးတွေ သေသေချာချာ စိစစ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာ
မှန်မှန်ကန်ကန်ရဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။

ထို့ပြင် ကျောက်တံတားမြို့နယ် အတွင်းရှိ ၃၆ လမ်းထိပ်နှင့် အနော်ရထာလမ်းမပေါ်ရှိ
သမဝါယမပိုင် သုံးခန်းတွဲ အခန်းသည်လည်း (ကြိုက်တာယူ ၅ဝဝဝ ကျပ်) စျေးဆိုင်ကို တစ်လလျှင်
ကျပ် ၃၅ သိန်းဖြင့် တစ်ဆင့်ပြန်လည်ငှားရမ်းနေလျက်ရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။

သမဝါယမဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြည်သူပိုင်သိမ်း အခန်း စုစုပေါင်း
၁၁၆ ခန်းရှိပြီး ဖွင့်လှစ်အသုံးပြုသည့် အခန်း ၃၄ ခန်း၊ သော့ပိတ်ထားသည့်အခန်း ရ၁ ခန်းနှင့်
အန္တရာယ်ရှိအဆင့် သတ်မှတ်ထားသည့် အခန်း ၁၁ ခန်းရှိကြောင်းနှင့် ဖွင့်လှစ်အသုံးပြုလျက်
ရှိသည့် အခန်း ၃၄ ခန်းတွင် ဌာနဆိုင်ရာအခန်းအဖြစ် အသုံးပြုခြင်း နှစ်ခန်း၊ အိုးအိမ်ကို
ငှားရမ်းပေးသွင်းရသည့် အခန်း နှစ်ခန်းနှင့် သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံတော်အား
ငှားရမ်းခ ပေးသွင်းနေသော အခန်း ၃ဝ ခန်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြန်လည်ဖြေကြားသည်။

တစ်ဆင့်ပြန်လည် ငှားရမ်းခြင်း ပြုလုပ်နေသည့် အခန်းများကိုလည်း သမဝါယမဦးစီးဌာနက
ပြန်လည်စိစစ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်