မန္တလေးမြို့ မြို့သစ်ဧရိယာထဲက ထင်ရှားတဲ့လမ်းတစ်လမ်းဖြစ်တဲ့ မနော်ဟရီလမ်းပေါ်က
အိမ်ခြံမြေစျေးနှုန်းတွေဟာ ဒီနှစ်ထဲမှာ အမြင့်တန်းမှာပဲ ဆက်လက် တည်ငြိမ်နေဖွယ်
ရှိတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
လက်ရှိ အိမ်ခြံမြေစျေးကွက်မှာ အရောင်းအဝယ် အနည်းငယ်သာဖြစ်နေပြီး
အိမ်ခြံမြေပိုင်ရှင်တချို့က အရင်က မြင့်တက်ခဲ့တဲ့စျေးနှုန်းမျိုးမဟုတ်တော့ဘဲ
စျေးနှုန်းကိုညှိနှိုင်း ရောင်းချနေတာ ရှိပေမဲ့ မနော်ဟရီလမ်းတစ်လျှောက်ကတော့
အိမ်မြေစျေးနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကြိုက်စျေးရမှသာ အရောင်းအဝယ်ဖြစ်ဖို့ များပါတယ်။
မနော်ဟရီလမ်းတစ်လျှောက်မှာ အထူးသဖြင့် အရှေ့ဘက် ၅၈ လမ်းကနေ
အနောက်ဘက် ၆၈ လမ်းအတွင်းက အိမ်မြေအကွက်အကွင်းတွေဟာ
အလှဆုံးဖြစ်ပြီး လက်ရှိမှာ စျေးနှုန်းလည်း အကောင်းဆုံး ဖြစ်နေပါတယ်။
ဒီလမ်းအပိုင်း အခြားအတွင်းမှာ နေရာအကျယ်အဝန်းကို လိုက်ပြီး ကျပ်သိန်းပေါင်း
သောင်းချီ စျေးခေါ်နိုင်စွမ်းရှိနေရာမှာ ၂ဝ၁၆•၁၇ စည်းကြပ်နှစ်အတွက်တိုင်းဒေသကြီး
အစိုးရအဖွဲ့က အတည်ပြုသတ်မှတ်ထားတဲ့ ရာဖြတ်နှုန်းထားတွေကလည်း
မြင့်မားပါတယ်။
မနော်ဟရီလမ်းပေါ်မှာ ၆၅ လမ်းနဲ့ ၆၈လမ်းကြားမှာ တစ်ဧကကို ကျပ်သန်းပေါင်း ရ,၂ဝဝ
ကနေ ၈,၁ဝဝ အထိ၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ တစ်ဧကကို ကျပ်သန်းပေါင်း ၁ဝ,၈ဝဝ
ကနေ ၁၁, ရဝဝ အထိ သတ်မှတ်ချက် ရှိနေတာကို တွေ့ရပါတယ်။ မနော်ဟရီလမ်းပေါ်
လမ်း ၆ဝ ကနေ ၆၄ လမ်းကြားကိုတော့ တစ်ဧကကို ကျပ်သန်းပေါင်း ၉,၉ဝဝ ကနေ
၁ဝ,၈ဝဝ အထိသတ်မှတ်ချက် ရှိပါတယ်။
မနော်ဟရီလမ်းအလယ်ပိုင်းမှာ ဒီလိုခေါ်စျေးတွေ မြင့်မားနေတဲ့အတွက် အဲဒီအပိုင်း
အခြားကို ငွေကြေးအင်အား တောင့်တင်းတဲ့ လုပ်ငန်းကြီးသမားတွေသာ
စဉ်းစားနိုင်တော့မှာ ဖြစ်ပြီး အကျိုးအမြတ်အတွက် အလုပ်လုပ်ချင်တယ်ဆိုရင်တော့
မနော်ဟရီလမ်း အရှေ့ပိုင်းကိုသာ စဉ်းစားကြရတော့မှာဖြစ်ကြောင်း အကျိုးဆောင်
အများစုက ပြောပါတယ်။ မနော်ဟရီလမ်းရဲ့ အရှေ့ဖျား ၄၈ လမ်းတစ်ဝိုက်မှာဆိုရင်
ခေါ်စျေးက အောက်ထစ်ကျပ်သိန်း ၅,ဝဝဝ အထက်မှာရှိကြောင်း စျေးကွက်သတင်းတွေ
အရသိရပါတယ်။
မနော်ဟရီလမ်း အိမ်မြေစျေးကွက်မှာစျေးနှုန်းတွေဟာ သိသိသာသာကျဆင်းသွားဖို့
ရာခိုင်နှုန်း နည်းနေပေမဲ့ မနော်ဟရီလမ်းကို ကန့်လန့်ဖြတ် တည်ရှိနေတဲ့လမ်းတွေပေါ်က
အိမ်မြေတွေက စျေးနှုန်းသင့်တင့်နေလို့ နေထိုင်ဖို့ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ဖြစ် စဉ်းစား
သင့်တယ်လို့ အကျိုးဆောင်အများစုက ယူဆကြပါတယ်။ ဥပမာ ပြောရရင်
မနော်ဟရီလမ်းကို ထောင့်ဖြတ်တည်ရှိနေတဲ့ ၄၈ လမ်းပေါ်မှာ အလားအလာကောင်းပြီး
ပေ ၄ဝ x ပေ ၆ဝ အကျယ်ကို လတ်တလောမှာ ကျပ်သိန်း ၁,ဝဝဝ ပတ်ချာလည်နဲ့ရနိုင်ပြီး
မနော်ဟရီလမ်းရဲ့စည်ကားမှုအရှိန်နဲ့အတူ အနာဂတ်မှာ အကျိုးအမြတ်သေချာတဲ့
အကွက်အကွင်းမျိုး ဖြစ်ပါတယ်။
















