ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆင့်မြှင့်တင်ရန် လျာထားသည့် စျေး ၂၁ စျေးကို ပုဂ္ဂလိက
ပူးပေါင်းပါဝင်မှုစနစ် (Public Private Partnership PPP) ဖြင့် ဆောင်ရွက်ရန်
စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဧပြီ
၂၄ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင်ပြောသည်။
'' မြို့တော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှုလက်အောက်ကနေပြီးတော့ စျေးတွေကို
အဆင့်မြင့် ခေတ်မီစျေးတွေဖြစ်လာစေဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်။ ဆောင်ရွက်တဲ့နေရာမှာ
အစိုးရဘတ်ဂျက်နဲ့မဟုတ်ဘဲနဲ့ ပီပီပီစနစ်နဲ့ အကောင်အထည်ဖော် စီမံဖို့ ဆောင်ရွက်လျက်ရှိတယ်။
ပထမအဆင့်အနေနဲ့ ဦးစားပေးပြင်ဆင်မှုလုပ်နေတဲ့ စျေးပေါင်း ၂၁ စျေးရှိတယ်''ဟု ၄င်းက
ပြောသည်။
အဆိုပါ ဦးစားပေးပြင်ဆင်ရန် စီစဉ်လျက်ရှိသည့် စျေးပေါင်း ၂၁ စျေးတွင် ပန်းဘဲတန်းမြို့နယ်ရှိ
သိမ်ကြီးစျေး (စီ) ရုံ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်ညစျေးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ
စံပြညစျေးတို့လည်း ပါဝင်သည်။
အဆင့်မြှင့်မှုထဲတွင် ပါဝင်သည့် ပန်းဘဲတန်းမြို့နယ်ရှိ သိမ်ကြီးစျေး (စီ)ရုံသည် ၁၉၆၃ ခုနှစ်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊
တပ်ရင်းတပ်ဖွဲ့များ၊ သမဝါယမ လုပ်ငန်းစုများကို အငှားချထားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကုန်သွယ်ရေး
ဝန်ကြီးဌာနမှအပ ကျန်ဝန်ကြီးဌာနများက အဆောင်အထပ်များကို ပြန်လည်အပ်နှံခဲ့ကာ ၁၉၉၈
ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက ကျန်အဆောက်အအုံများ၊ ကျန်အထပ်များကို ဝန်ထမ်း
သက်သာဆိုင်များ၊ သင်တန်းခန်းမများနှင့် ဂျီအီးစီ အရောင်းဆိုင်ခန်းများကို စျေးများဌာနသို့
ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။
''ယခုလက်ရှိအခြေအနေမှာ စျေးရုံအပြင်မှာပဲ အရောင်းအဝယ် များနေတာကို တွေ့ရတယ်။
စျေးရုံအတွင်းမှာ ဆိုင်ခန်းတွေကိုအသုံးချမှုနည်းပါးနေတယ်။ ဓာတ်လှေကားတွေ၊ စက်လှေကားတွေ
အထပ်အလိုက် ရှိတယ်။ ဒါပေမဲ့ တချို့ဟာတွေကို ရပ်ထားတယ်။ သိမ်ကြီးစျေး စီရုံကို 'က'
အဆင့်သတ်မှတ်ထားပြီး အချက်အချာကျတဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ စျေးကြီးက စည်ကား
သင့်သလောက် မစည်ကားတော့ဘူး''ဟု ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စိုးပပလှိုင်က ပြောသည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင် တိုင်ညစျေးကို ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် အကြီးစား
ပြုပြင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်ကုန်ဆုံး
သည့်တိုင် သံတိုင် နှစ်ထပ်ရုံ သုံးရုံနှင့် တစ်ထပ်ရုံ တစ်ရုံသာ ဆောက်လုပ်ရသေးပြီး ဆက်လက်
ဆောက်လုပ်မှု ပြုလုပ်ပေးရန် အစီအစဉ် ရှိမရှိကိုလည်း ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်အမတ်
ဦးခင်ဝင်းက လွှတ်တော်သို့ မေးမြန်းခဲ့သည်။
''နှစ်ထပ် သံထည်လေးရုံနဲ့ တစ်ထပ်ရုံသုံးရုံ၊ လျှပ်စစ်မီးများ သွယ်တန်းခြင်းလုပ်ငန်း၊စျေးဧရိယာ
ပတ်လည်ကို ခြံစည်းရိုးကာရံခြင်း လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်အတွင်း
ဆောက်လုပ်ခြင်း မပြီးဆုံးဘူး၊ အကြီးစား ပြင်ဆင်ရန်အတွက် တောင်းခံထားတဲ့ ငွေကြေး
ပမာဏက ကျပ်သန်း ၁,၁၁၅ သန်းဖြစ်ပြီး အဲဒီငွေကြေးနဲ့ တည်ဆောက်ပေးရမယ့် သံထည်
နှစ်ထပ်ရုံ ခြောက်ရုံ၊ တစ်ထပ်ရုံ လေးရုံ၊ လျှပ်စစ်လုပ်ငန်း၊ ခြံစည်းရိုး ကာရံခြင်းတို့ကို
သတ်မှတ်ချက်နဲ့အညီ ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ်''ဟု ၄င်းက
မေးမြန်းခဲ့သည်။
သို့သော် ဝန်ကြီး ဦးမြင့်သောင်းကမူ ခေတ်မီစျေးများအဖြစ် ပြောင်းလဲမည်ဖြစ်သောကြောင့်
ကြည့်မြင်တိုင်ညစျေး၏ အကြီးစားပြင်ဆင်မှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်အပိုင်းနှင့် သံသုမာလမ်းမကြီးပေါ်ရှိ (ဃ)အဆင့်ရှိ
သီရိမြင်သာစျေးကိုအဆင့်မြှင့်တင်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပြီး အဆိုပါစျေးမှာ ပီပီပီစနစ်ဖြင့်
ဆောင်ရွက်မည့်အထဲတွင် ပါဝင်သော်လည်း ဦးစားပေး အဆင့်မြှင့်တင်မည့် စျေး ၂၁ ခုထဲတွင်
မူမပါဝင်ပေ။
၂ဝ၁၆ ခုနှစ် ဖော်ဖော်ဝါရီလတွင် ပြန်လည်ပြင်ဆင်ရန် တင်ဒါခေါ်ယူခဲ့သော မင်္ဂလာ
တောင်ညွန့်မြို့နယ်ရှိ စံပြ ညစျေးမှာလည်း ယခုတိုင် တင်ဒါဖွင့်ဖောက်ခြင်း မရှိသေးဘဲ
စျေးအခြေအနေမှာ ပျက်ယွင်းနေပြီး မီးဘေးအန္တရာယ် စိုးရိမ်ရသည့် အနေအထားထိ
ရှိနေသည့်အတွက် အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးရန်ကို မင်္ဂလာတောင်ညွန့်မြို့နယ်
လွှတ်တော်ကိုယ်စားလှယ်
ဦးရန်အောင်က လွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါ စံပြညစျေးအတွက် အစိုးရအနေဖြင့် ဦးစားပေးအဆင့်မြှင့်တင်မည့် စျေး ၂၁ ခုထဲတွင်
ထည့်သွင်းထားပြီး အမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက
ပြောခဲ့သည်။
''ပထမအဆင့် စျေး ၂၁ ခုစလုံးအတွက် ပြင်ဆင်တဲ့ အပိုင်းမှာ မြန်မာနိုင်ငံ ဗိသုကာ အသင်းရဲ
့အစီအစဉ်နဲ့ ဘယ်လို အေဆောက်အအုံကို ဘယ်လိုပုံစံမျိုးနဲ့ ဆောက်မလဲဆိုတာကို
ဒီဇိုင်းပြိုင်ပွဲကို ခေါ်ယူခြင်း၊ ရွေးချယ်ခံရတဲ့ ဒီဇိုင်းနဲ့ ဆောက်ဖို့ တင်ဒါခေါ်ယူခြင်း ဆိုတဲ့
အဆင့်ဆင့်နဲ့ စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အခု ပထမဆုံးအနေနဲ့ဒီဇိုင်းပြိုင်ပွဲ
စတင်ဖို့ ဆောင်ရွက်တော့မှာ ဖြစ်တယ်''ဟု ၄င်းက ပြောသည်။
















