ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ခု၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ကိုင်သွားရန်ရှိ

ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ခု၏ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ကိုင်သွားရန်ရှိ

ပညာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းများကို
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာနက တာဝန်ယူလုပ်ကိုင်ရန်
သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ညှိနှိုင်းလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်မှာလုပ်တဲ့ အစည်းအဝေးမှာ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနက
ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံဦးစီးဌာနက
တာဝန်ယူလုပ်ပါဆိုတဲ့ ညွှန်ကြားမှုတွေ ရှိလာတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးချင်းနဲ့
ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီးနဲ့ ကျန်းမာရေး၊ ပညာရေး ညှိနှိုင်းနေပါတယ်''ဟု
အဆောက်အအုံဦးစီးဌာနမှ ဦးမြင့်ဇော်က ပြောသည်။

အဆိုပါ ဝန်ကြီးဌာနချင်း ညှိနှိုင်းပြီးမှသာ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခု၏
ယခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရှိလာမည့် ဆောက်လုပ်ရေးလုပ်ငန်းများကို မည်သို့
လုပ်ဆောင်သွားမည့် အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ဝန်ကြီးချင်း ညှိပြီးတော့မှ အခုဘဏ္ဍာနှစ်မှာရှိတဲ့ လုပ်ငန်းတွေကို ဘယ်လိုလုပ်မလဲဆိုတာ
သိမှာပါ။ လောလောဆယ်တော့ ညွှန်ကြားထားတဲ့ ဝန်ကြီးဌာနကတော့ ပညာရေးနဲ့
ကျန်းမာရေးနှစ်ခုပါပဲ။ သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ကို အလုပ်အပ်ရင်
ကျွန်တော်တို့ လုပ်တဲ့ သဘောပါ။ အရင်ကလည်း သူတို့အပ်တဲ့ စီမံကိန်းတွေ လုပ်ဖူးပါတယ်'' ဟု
ဦးမြင့်ဇော်က ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များတွင်လည်း ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခု၏
လုပ်ငန်းများကို တာဝန်ယူ လုပ်ကိုင်ပေးဖူးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက မလုပ်နိုင်သည့်
လုပ်ငန်းများကိုမူ ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါခေါ်ယူ ဆောက်လုပ်စေကြောင်း သိရသည်။

''မနှစ်က ဘဏ္ဍာနှစ်မှာလည်း ကျွန်တော်တို့ ပညာရေးနဲ့ ကျန်းမာရေးက ကျွန်တော်တို့
ဦးစီးဌာနကိုအပ်တဲ့ စီမံကိန်းတွေလည်း ရှိပါတယ်။ တချို့စီမံကိန်းတွေ မဆောက်နိုင်ဘူးဆို
ကုမ္ပဏီတွေကို တင်ဒါခေါ်ပြီး ကြီးကြပ်ပေးမယ်။ အဲဒီလိုတော့ လုပ်ပါတယ်''ဟု ၄င်းက
ပြောသည်။

၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပညာရေးနှင့် ကျန်းမာရေးဦးစီးဌာနက လုပ်ငန်းပေါင်း ၁၃ဝ ကို
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာနက တာဝန်ယူဆောက်လုပ်ပေးခဲ့ပြီး
အဆိုပါ လုပ်ငန်းများ၏ စုစုပေါင်း ဘဏ္ဍာငွေ ကျပ် ၄၅ ဘီလျံခန့် ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ဆိုရင် လုပ်ငန်းပေါင်း ၁၃ဝ လောက်ရှိတယ်၊ ကျပ် ၄၅ ဘီလျံရှိတယ်၊
များသောအားဖြင့် ကျန်းမာရေးဌာနရဲ့ ပြည်သူ့ကျန်းမာရေးတို့၊ ကုသရေးဦးစီးဌာနတို့က
အပ်ပါတယ်။ ပညာရေးဆိုလည်း ဟားခါးကောလိပ်တို့၊ ပညာရေးကောလိပ်တို့တွေ
ဆောက်ပေးပါတယ်'' ဟု ၄င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီက အစိုးရဝန်ထမ်းအိမ်ရာများ
တည်ဆောက်ရန် အဆောက်အအုံဦးစီးဌာနသို့ လုပ်ငန်းအပ်နှံသည့် စီမံကိန်းတွင်
ခြောက်ခန်းတွဲ လေးထပ်တိုက် ၂၁ လုံးအတွက် ပုဂ္ဂလိကကုမ္ပဏီ ကိုးခုကို တင်ဒါခေါ်ကာ
ဆောက်လုပ်ခဲ့ကြောင်း ၄င်းက ပြောသည်။

''ပုဂ္ဂလိက ကုမ္ပဏီကို တင်ဒါခေါ်ပြီး ဆောက်ခဲ့တဲ့ စီမံကိန်းတွေလည်း ရှိပါတယ်။
နေပြည်တော်ကောင်စီကအပ်တဲ့ လုပ်ငန်းဆို ဘီလျံ ၂ဝ လောက်ရှိတယ်။ ဝန်ထမ်းအိမ်ရာတွေ
ဆောက်ပေးတယ်။ ခြောက်ခန်းတွဲ လေးထပ်ကို ၂၁ လုံးဆောက်တယ်။ ၂၁ လုံးမှာ
ကုမ္ပဏီ ၁၂ ခုကို တင်ဒါခေါ်ပြီး ဆောက်ခိုင်းတယ်။ ကျန်တဲ့ အပျိုဆောင်၊ လူပျိုဆောင်
၁၅ လုံးကို အဆောက်အအုံဦးစီးဌာနက ဆောက်တယ်''ဟု ၄င်းက ပြောသည်။

အဆောက်အအုံဦးစီးဌာနတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောက်
လုပ်နိုင်ရန် အဆောက်အအုံ အထူးအဖွဲ့ ခြောက်ဖွဲ့ရှိပြီး ယင်းအဖွဲ့က ပြီးခဲ့သည့်
ဘဏ္ဍာနှစ်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက အပ်နှံသည့် ဆောက်လုပ်ရေး
လုပ်ငန်းများကို ဆောက်လုပ်ပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်