နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင်

နေချင်စဖွယ်အိမ်ခန်းလေးတွေ ဖန်တီးကြရအောင်

 

မြေစျေးကြီးမြင့်လှတဲ့ ရန်ကုန်မြို့မှာ နေထိုင်နေသူတွေအတွက် အိမ်ခန်းရဲ့
အကျယ်အဝန်း တစ်စတုရန်းပေတိုင်းက စျေးနှုန်း မြင့်မားလှပါတယ်။ စျေးနှုန်း
အများအပြား ပေးရပြီး ဝယ်ထားတဲ့ သို့မဟုတ် ငှားရမ်းထားတဲ့ အိမ်ခန်းအတွင်းမှာ
အသုံးမပြုရသေးတဲ့ နေရာလွတ်တွေ ထားရတာက အင်မတန်မှ နှမြောစရာ
ကောင်းလှတဲ့အတွက် အိမ်အတွင်းမှာ အသုံးမပြုဘဲ ထားတဲ့ နေရာအလွတ်တွေကို
အကျိုးရှိအောင် အသုံးပြုသင့်ပါတယ်။

ရန်ကုန်မြို့လယ်ကောင်မှာ တိုက်ခန်းပျမ်းမျှ အငှားစျေးနှုန်းနဲ့ တွက်ချက်ကြည့်ရင်
တစ်စတုရန်းပေကို တစ်လ နှစ်သောင်းကျော်ခန့် စျေးနှုန်းရှိတဲ့အတွက် အိမ်အတွင်းမှာ
အသုံးမပြုဘဲ ထားရတဲ့ မြေနေရာလွတ်တွေကို အကျိုးရှိအောင် နေရာချထားသင့်ပါတယ်။
ဥပမာဖိနပ်ဗီရိုကို အိမ်အတွင်းမှာ တစ်ခု သီးသန့်ထားမယ့်အစား လှေကားနားမှာပဲ
ထားနိုင်တဲ့ ဖိနပ်ဗီရိုမျိုး အသုံးပြု သင့်ပါတယ်။

မွန်းကျပ်လှတဲ့ မြို့ပြပတ်ဝန်းကျင်က တိုက်ခန်းငယ်လေးတွေမှာ နေထိုင်သူအများစုက
နေအိမ်တွင်းမှာ မနေထိုင်လိုကြဘဲ အားလပ်ချိန်ရှိတိုင်း အပြင်ထွက်လည်လိုကြတာက
နေထိုင်ရာ တိုက်ခန်းလေးတွေက နေချင်စဖွယ် မဖြစ်လို့ပါပဲ။ အိမ်က မိသားစုတွေ
နေအိမ်တွင်းမှာပဲ ပျော်ရွှင်နှစ်ခြိုက်စွာ အနားယူနိုင်ဖို့ အလှဆင်ပစ္စည်းတွေကို အသုံးပြုပြီး
နေချင်စဖွယ်ကောင်းတဲ့ အိမ်ခန်းလေးဖြစ်အောင် ဖန်တီးဖို့ ဏ.၃ွှ ဒီဇိုင်း စတူရီယို
တည်ထောင်သူနဲ့ ဒါရိုက်တာ အိမ်အတွင်း အလှဆင်ဒီဇိုင်နာ ဦးသန့်စိုးဦး အကြံပြုထားတဲ့
လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဝေမျှ ပေးလိုက်ပါတယ်။

အိမ်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ မတူညီတဲ့ ခံစားမှုတွေ ရရှိစေဖို့ အိမ်တစ်ခုလုံးကို တူညီတဲ့
အိမ်သုတ်ဆေးရောင် တစ်ရောင်တည်း အသုံးပြုခြင်းထက် အခန်းတစ်ခန်းကို သင့်တော်တဲ့
ဆေးရောင်တစ်ရောင်စီ ရွေးချယ် သုတ်သင့်ပါတယ်။ ဧည့်ခန်းအတွက်ဆိုရင်တော့ ရွှင်လန်း
တက်ကြွမှု ဖြစ်စေနိုင်တဲ့ အပြာရောင်၊ ခရမ်းရောင်နဲ့ ရွှေဝါရောင် ဆေးလေးတွေကို ရွေးချယ်
သင့်ပါတယ်။ အိပ်ခန်းဆိုရင်တော့ အရောင်နုလေးတွေနဲ့ ပိုသင့်တော်ပြီး အထူးသဖြင့်
ပန်းနုရောင်နဲ့ လိုက်ဖက်ပါတယ်။ ထမင်းစားခန်းအတွက်တော့ အဝါရောင်၊ အဖြူရောင်နဲ့
အစိမ်းနုအရောင်လေးတွေက သင့်တော်ပါတယ်။

အခန်းတစ်ခန်းအတွင်းမှာလည်း ဆေးရောင် နှစ်ရောင် သို့မဟုတ် သုံးရောင် ရောနှောပြီး
ဆေးသုတ် အလှဆင်ခြင်းကလည်း နေထိုင်သူတွေကို အမြင်ဆန်းစေမှာ ဖြစ်ပြီး သဘောကျ
နှစ်သက်ဖွယ် မြင်ကွင်းမျိုး ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အရင်က အခန်းတစ်ခန်းစီတိုင်းမှာ
အိမ်သုတ်ဆေးရောင်တစ်ရောင်တည်း အသုံးပြုခြင်းထက် အခုအချိန်မှာတော့ အခန်း
တစ်ခန်းတည်းမှာကို အရောင်သုံး၊ လေးရောင် ရောစပ် အလှခြယ်တာတွေ ပိုမိုခေတ်
စားလာပါတယ်။ အခန်းတွင်းမှာ နေထိုင်မယ့်သူရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး
လိုက်ဖက်တဲ့ အရောင်မျိုးတွေ ရွေးချယ် အလှဆင်ပေးသင့်ပါတယ်။ အခုအချိန်မှာ
အလွယ်တကူ ဝယ်ယူနိုင်ပြီဖြစ်တဲ့ နိုင်ငံခြားဖြစ် အိမ်တွင်း အလှဆင်ရာမှာ အသုံးပြုတဲ့
နံရံကပ်ပိုစတာတွေကလည်း သင့်အိမ်ကို မယုံနိုင်လောက်အောင် မြင်ကွင်းဆန်းကြယ်
သွားစေဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။

အိမ်ခန်းအလှပြင်ဆင်တဲ့အခါ သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အတွက် အိမ်ခန်းတစ်ခန်းလုံးမှာ
ရွေးချယ်အလှဆင်ထားတဲ့ အရောင်တွေနဲ့ အိမ်အတွင်းမှာ အလှဆင်ထားတဲ့ မီးရောင်
အသုံးပြုမှုတွေ သဟဇာတဖြစ်ဖို့ လိုပါတယ်။ ကာလာသီအိုရီကို ဦးစားပေးပြီး အလင်းဒီဇိုင်းကို
စဉ်းစားရင် လိုက်ဖက်ညီတဲ့ အရောင်လေးတွေရှိတဲ့ နှစ်သက်ချင်စဖွယ် အခန်းလေးတွေကို
နေ့ပိုင်းသာမက ညပိုင်းမှာပါ နှစ်သက်ခံစားနိုင်မှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်